လူငယ်တွေပညာသင်ကြားနိုင်မယ့် အခွင့်အလမ်း NUG ဖန်တီး
2024.09.01
ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် တက္ကသိုလ်ကျောင်းသား ထောင်ပေါင်းများစွာနဲ့ ဆရာ၊ဆရာမ ပညာရေးဝန်ထမ်းတွေ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး၊ ပညာရေးဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြပါတယ်။
လက်ရှိတော်လှန်ရေးမှာ ပါဝင်တဲ့ အင်အားစုတွေထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ ဆရာဆရာမ ပညာရေးဝန်ထမ်းတွေက အကြီးမားဆုံးအင်အားစု ဖြစ်တယ်လို့ ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။
အခုနှစ် ဧပြီလအထိ စစ်ကောင်စီရဲ့ပစ်ခတ်မှုတွေကြောင့် သေဆုံးရတဲ့ ကျောင်းသားကျောင်းသူ ၂၃၉ ဦး နဲ့ ဖမ်းဆီးခံရသူ ၄၉၁ ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
NUG ရဲ့ပညာရေးဝန်ကြီးဌာနဟာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကြားကာလ ပညာရေးအတွက် နေအိမ်အခြေပြု လေ့လာရေးစနစ်၊ အွန်လိုင်း(online) စနစ်ဖြင့် လေ့လာရေးနဲ့ မြေပြင်သင်ကြားရေးစနစ် ပုံစံ ၃နဲ့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
NUG ဟာ အောက်ခြေကနေ စတင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်နေတဲ့အကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက သြဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
“တိုင်းရင်းသားအဖွဲ့များနဲ့ သဘောတူညီချက် ရအပြီးမှာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးပေါ်လစီကို အခြေခံပြီး bottom-up federalism အကောင်အထည်ဖော်တာနဲ့အတူ bottom-up federal education ကိုလည်း စတင်ညှိနှိုင်းအကောင်အထည်ဖော်လျက် ရှိပါတယ်”
၂ဝ၂၁ခုနှစ်ကတည်းက စတင်ခဲ့တဲ့ NUG ရဲ့ ကြားကာလ ပညာရေးစနစ်မှာ တက္ကသိုလ် ကောင်စီတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာ့နွေဦးတက္ကသိုလ် MNOU၊ ဝန်ဇင်းတက္ကသိုလ်၊ နည်းပညာ၊ ဆေးပညာ၊ ဆရာအတတ်သင် စီးပွားရေး၊ သစ်တော၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနဲ့ အနုပညာ တက္ကသိုလ်တွေကို ဖွင့်လှစ်ထားတဲ့အကြောင်း၊ အခြေခံပညာပြီးမြောက်တဲ့ ကျောင်းသားတွေကို ဝင်ခွင့်ခေါ်ယူမှုအနေနဲ့ ပထမနှစ်မှာ ၅၅ဝဝ ကျော်၊ ဒုတိယနှစ်မှာ တစ်သောင်းခွဲ ရှိခဲ့တယ်လို့ သြဂုတ်လ ၁၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ပညာရေး ဒုဝန်ကြီး ဦးစိုင်းခိုင်မျိုးထွန်းက ပြောသွားပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာလည်း တက္ကသိုလ် ကောလိပ်တွေ ဖွင့်လှစ်ပြီး ဘွဲ့ဒီဂရီသင်တန်းတွေ ဖွင့်လှစ် သင်ကြားနေတယ်လို့ လည်းပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
နိုင်ငံတစ်ဝန်း တက္ကသိုလ်ကျောင်းသားဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် လျော့ကျ
တိုက်ပွဲတွေကြောင့် စာသင်ခန်းနဲ့ အလှမ်းဝေးနေတဲ့ကလေး သန်းနဲ့ချီရှိ
သေဒဏ်ချမှတ်ခံရသူတွေထဲ CDM ပညာရေးဝန်ထမ်းတွေ ပါဝင်လာ
အခုအချိန်မှာ စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက တက္ကသိုလ်နဲ့ကောလိပ် ၂၅၀ ကို ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရတောင် အခုနှစ်မှာ နိုင်ငံတစ်ဝန်း တက္ကသိုလ်တွေကို တက်ရောက်မှု ၉ဝ ရာခိုင်နှုန်းအထိ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာ တော်လှန်တိုက်ခိုက်မှုတွေနဲ့ရော စီးပွားရေး ကျဆင်းမှုတွေနဲ့ပါ ရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ တက္ကသိုလ်အသစ်တွေ ဖွင့်လှစ်ပေးမယ်လို့ ကတိပြုပြီး နိုင်ငံ့လူဦးရေရဲ့သုံးပုံတစ်ပုံ ရှိတဲ့ လူငယ်တွေကို စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပညာရေးမှာ ပါဝင်လာအောင် ကြိုးပမ်းခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ သိပ္ပံနဲ့နည်းပညာတက္ကသိုလ် အသစ်ရှစ်ခုကို အခုနှစ်နဲ့ ရှေ့နှစ်အတွင်း ဖွင့်လှစ်သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ နိုင်ငံတကာလူငယ်နေ့ အခမ်းအနားမှာ ပြောသွားပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေပြဋ္ဌာန်းပြီး လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ကြိုးစားနေပြီး ပြည်တွင်းက လူငယ်အမြောက်အမြား ထိုင်းနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံတွေကို ထွက်ခွာခဲ့ကြပါတယ်။
ပြည်ပထွက်ခွာဖို့ ကြိုးစားတဲ့ လူငယ်တွေကို စစ်ကောင်စီက နည်းလမ်းပေါင်းစုံနဲ့ တင်းကျပ်နေပြီး လေကြောင်းကနေ ထွက်ခွာမယ့် လူငယ်တွေကို တားဆီးပိတ်ပင်နေတာလည်း တွေ့ရပါတယ်။