ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားကြုံနေရ

RFA Burmese
2025.01.06
ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဆိုးရွားရွားကြုံနေရ ရန်ကုန်မြို့ရှိ လမ်းမကြီးတစ်နေရာအား ၂ဝ၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်မြို့မှာ ဇန်နဝါရီလ ၅ ရက်နေ့ကစပြီး တစ်ရက်လုံး ရှစ်နာရီသာအလှည့်ကျ လျှပ်စစ်မီးပေးတော့မယ်လို့ စစ်ကောင်စီရဲ့ မြို့နယ်လျှပ်စစ်ရုံးတွေက ကြေညာထားပါတယ်။

မြို့နယ်အားလုံးကို အုပ်စုသုံးစုခွဲပြီး တစ်ရက် လေးနာရီ နှစ်ကြိမ်ပဲ မီးပေးနိုင်တော့မယ်လို့ ဆိုပါတယ်။

"ထမင်းတောင် အသည်းအသန် ချက်လိုက်ရတာ"

ရန်ကုန်တိုင်းမှာ ကိုကိုးကျွန်းမြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပြီး လက်ရှိခွဲလိုက်တဲ့ သုံးအုပ်စုထဲမှာ ဘယ်မြို့နယ်တွေ ပါဝင်နေသလဲဆိုတာကိုတော့ တိတိကျကျ ဖော်ပြမထားပါဘူး။

ရန်ကုန်မြို့မှာရှိတဲ့ မြို့နယ်လျှပ်စစ်ရုံး တာဝန်ရှိသူ တစ်ဦးကလည်း လျှပ်စစ်မီးပေးတဲ့အချိန်ကို လျှော့ချလိုက်တာ မှန်ကန်တယ်လို့ RFA ကို အတည်ပြုပါတယ်။

အရင်က အုပ်စုနှစ်စုခွဲပြီး တစ်ရက်ကို လေးနာရီ နှစ်ကြိမ် လျှပ်စစ်မီးဖြတ်တောက်တဲ့ စနစ်ကနေ အခုထပ်တိုး ဖြတ်တောက်မှာပါ။


ဆက်နွှယ်သော သတင်းများ

လျှပ်စစ်နဲ့စွမ်းအင်ဖွံ့ဖြိုးရေး ကော်မရှင် စစ်ကောင်စီ ဖွဲ့စည်း

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာ

မီတာခနှစ်ဆကျော်တက်ပြီး မီးပိုပြတ်နေတဲ့ ရန်ကုန်


ဒါကြောင့် တစ်နိုင်ငံလုံးလူဦးရေရဲ့ ခြောက်ပုံပုံ တစ်ပုံနီးပါးကျော်ရှိတဲ့ ရန်ကုန်မြို့က လူဦးရေ ခုနစ်သန်းကျော် (၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ ၇၃၇၀၀၁၀ ဦး) လျှပ်စစ်မီးအခက်အခဲနဲ့ ရင်ဆိုင်နေရတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံ တစ်ဦးက အခုလို လျှပ်စစ်မီးပေးချိန် လျှော့ချလိုက်တာတောင် မီးပေးချိန်မမှန်ဘူးလို့ RFA ကို ပြောပါတယ်။

“ဒီနေ့ဆိုရင် လေးနာရီတောင် မပေးပါဘူး။ ငါးနာရီကလာပြီး ခုနစ်နာရီမှာ ပျက်သွားတယ်။ ထမင်းတောင် အသည်းအသန် ချက်လိုက်ရတာတော့။ တက်ဘလက်တောင် အားမသွင်းလိုက်ရလို့ အလုပ်လုပ်ဖို့တောင် သိပ်အဆင်မပြေတော့ဘူး။ အခုက အရမ်းခက် စားဝတ်နေရေးနဲ့က တော်တော်ကြီးကိုလေ ပိုက်ဆံကရှာရခက်ရတဲ့ အထဲမှာ ဒီလို အလုပ်က အခက်အခဲ ဖြစ်သွားပြီဆိုရင်တော့ နည်းနည်းပိုပြီး ဒုက္ခရောက်သွားနိုင်တယ် ထင်တာပဲ နောက်ပိုင်းတွေ ကျရင်တော့လေ”

စစ်ကောင်စီရဲ့ လျှပ်စစ်ဝန်ကြီးဌာနက တစ်ရက်ပျှမ်းမျှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ ၄၄၀၀ မဂ္ဂါဝပ်ဖြစ်ပေမဲ့ ဇန်နဝါရီလ ၅ ရက်နေ့မှာ ၁၇၀၁ ဒသမ ၇ မဂ္ဂါဝပ် (တစ်ရက် စုစုပေါင်း ထုတ်လုပ်မှု ၃၅၈၆၁ ဒသမ ၈ မဂ္ဂါဝပ်နာရီ) သာ ထုတ်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လျော့ကျတာဟာ ဓာတ်အားလိုင်းတွေ ဖျက်ဆီးခံရတာ၊ သဘာ၀ဘေးအန္တရာယ်နဲ့ ဓာတ်ငွေ့ခွဲတမ်း ရရှိမှုနည်းတာတွေကြောင့် အပြည့်အ၀ မလည်ပတ်နိုင်တာလို့ ဆိုပါတယ်။

အရင်က လျှပ်စစ်မီးမပျက်တဲ့ စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာပါ လက်ရှိ မီးပေးချိန် လျှော့ချလိုက်ပြီလို့ နေပြည်တော်မှာ နေထိုင်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“(လျှပ်စစ်မီး) ဖြတ်တယ် မနေ့က ကတည်းက စဖြတ်တယ်။ အကုန်နီးပါး အရင် (မီး) မပျက်ဖူးတဲ့ နေရာတွေမှာလည်းပျက်တာ။ ဇမ္မူသီရိတို့၊ ဒက္ခိဏဘက်ခြမ်းတွေလည်း ဒီတစ်ခေါက်က အကုန်ပါတယ်။ အရင်တုန်းက လာတယ်ဆိုတာကတော့ သူတို့ နေပြည်တော်ဘက်ခြမ်းနဲ့နီးတဲ့ မြို့နယ်တွေလာတာ။ ပျဉ်းမနားနဲ့ ဟိုဘက်တစ်ကြော နည်းနည်းဝေးတဲ့ ဘက်တွေမှာတော့ အရင်တိုင်းပဲ အရင်ကတည်းက အလှည့်ကျလုပ်တာ။ အခုက ဒီတစ်ခေါက်က ဇမ္ဗူသီရိတို့၊ ဒက္ခိဏဘက်ခြမ်းတွေပါ အကုန်ပါလာတာ”

တစ်ရက်ကို ခြောက်နာရီကနေ ကိုးနာရီအထိ လျှပ်စီးမီး ဖြတ်တောက်မဲ့အကြောင်း နေပြည်တော်မှာရှိတဲ့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးတွေက ဇန်နဝါရီလ ၅ ရက်နေ့မှာ ကြေညာထားတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းကတော့ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား မလုံလောက်မှုဟာ ပြန်လည်ကုစားဖို့ခက်တဲ့ အခြေအနေဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

“အခုဆိုရင် ရန်ကုန်တစ်မြို့တည်းကို ပေးနိုင်တဲ့ အခြေအနေတောင်မှ မရှိတော့ဘူးတဲ့။ ရန်ကုန်နဲ့ တစ်နိုင်ငံလုံးနဲ့ဆိုရင် အကြမ်းမျဉ်းပြောရင် ရန်ကုန်က တစ်ဝက်လောက်နီးနီး သုံးတာကို။ တစ်ဝက်ကျော်လောက် သုံးတယ်ပေါ့နော်။ သုံးတဲ့အခါကျတော့ ရန်ကုန်တောင် မပေးနိုင်တော့ဘူး ဆိုကတည်းက သူ့ရဲ့ တစ်နိုင်ငံလုံးရဲ့ ထုတ်လုပ်နိုင်မှုကလည်း ဒီလေးနှစ်အတွင်းမှာဆိုရင် ငါးဆယ်ရာခိုင်နှုန်းအောက်ကို ကျသွားပြီလို့လည်း သိရတယ်။ အဲတော့ ဒီအခြေအနေကို ကုစားဖို့ဆိုတာ တော်တော်လေးတော့ ခက်ပါတယ်”

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေး တစ်ခုမှာ ပြောထားပါတယ်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ကစပြီးလည်း လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးကောက်ခဲ့ပါတယ်။

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ် (၆၁) ရပ်ကွက်တွင် နေထိုင်သည့် မိသားစုတစ်စုအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (RFA Photo)

အမည်မဖော်လိုတဲ့ စွမ်းအင်ကဏ္ဍ လေ့လာသူ တစ်ဦးကတော့ လျှပ်စစ်မီးရရှိမှု ထပ်လျော့နည်းလာတာကြောင့် နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းတွေဘက်မှာ စျေးထပ်ပြီး မြင့်တက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“အပြန်အလှန်အားဖြင့် အရင်ကာလတွေမှာ ကျွန်တော်တို့ ကြည့်လိုက်မယ်ဆိုရင် လျှပ်စစ်မီး လုံလုံလောက်လောက် မရတော့တဲ့အပေါ် ဆိုလာအပေါ်မှာ ကျွန်တော်တို့ အများကြီး အသုံးပြုလာတယ်။ ထပ်ပြီးတော့ အဲလိုပဲ ဆိုလာပေါ်မှာ အများဆုံးအသုံးပြုလာတဲ့ ဟာပေါ်မှာလည်း အခုလျှပ်စစ်မီး ထပ်လျှော့ချတဲ့ အပေါ်မှာဆိုရင် ဆိုလာအပေါ်မှာပဲ ထပ်ပြီးတော့မှ စျေးတက်လာဖို့တွေ၊ စျေးကွက်တွေ အဲလိုမျိုးရှိတယ်လို့ မြင်ပါတယ်”

လျှပ်စစ်ဓာတ်အားပေးချိန် လျှော့ချလိုက်တဲ့အပေါ် တုံ့ပြန်မှုရဖို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC) ရုံးချုပ်ထံ RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံတစ်ဝန်းမှာ ရေအားသုံး လျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်စက်ရုံ ခြောက်ရုံ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။