လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာ
2024.12.03
အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု သုံးပုံတစ်ပုံအထိ ကျဆင်းလာတာကို စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မဂ္ဂါဝပ် သုံးထောင်ကျော် (၃၅၈၉ ဒသမ ၃) ထုတ်လုပ်နိုင်ခဲ့ပေမဲ့၊ ၂၀၂၂ နဲ့ ၂၃ မှာ မဂ္ဂါဝပ် သုံးထောင်လောက်ပဲ ထုတ်ခဲ့နိုင်ပြီး၊ အခု ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ မဂ္ဂါဝပ် နှစ်ထောင်ကျော် (၂၃၇၆ ဒသမ ၀) ပဲ ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။
“စက်မှုဇုန်တွေကို ညရော၊ မနက်ရော မပေးရင်တောင်မှ တစ်ရက်ကို ရှစ်နာရီလောက် ပေးရင်တောင်မှ လုပ်ငန်းလည်ပတ်ရတာ အဆင်ပြေတယ်"
လက်ရှိအချိန်မှာ စစ်ကောင်စီ အခြေစိုက်တဲ့ နေပြည်တော်မှာပဲ လျှပ်စစ်မီး ပုံမှန်ရနေပါတော့တယ်။ ရန်ကုန် မြို့ကြီး အပါအဝင် စစ်ကောင်စီထိန်းချုပ်ထားတဲ့ တခြားနယ်မြေတွေမှာ လျှပ်စစ်မီးမမှန်တဲ့ အခြေအနေ အတော်ဆိုးနေတာပါ။
ဒီလိုဖြစ်တာက စစ်ကောင်စီဟာ တိုင်းပြည်ဘဏ္ဍာကို လျှပ်စစ်ကဏ္ဍမှာ အသုံးမပြုတာနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက RFA ကို ပြောပါတယ်။
“စီမံခန့်ခွဲမှုကောင်းမွန်မှဖြစ်မယ် တစ်အချက်က။ နှစ်အချက်ကတော့ ဒီအတွက် ငွေကြေးစိုက်ထုတ်မှု လုပ်ရမယ်။ ဒါတွေမလုပ်နိုင်သရွေ့ကတော့ တစ်နှစ်ထက် တစ်နှစ်ပိုပိုပြီး ကျဆင်းလာမှာပဲဖြစ်တယ်။ အဓိက စိန်ခေါ်မှုက ငွေကြေးစိုက်ထုတ်သုံးစွဲမှု မရှိခြင်းနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့်ပဲလို့ ပြောလို့ရတယ်”
ဆက်နွှယ်သော သတင်းများ
မီတာခနှစ်ဆကျော်တက်ပြီး မီးပိုပြတ်နေတဲ့ ရန်ကုန်
လျှပ်စစ်ဓာတ်အားခ နှစ်ဆကျော် တိုးကောက်ဖို့ရှိကြောင်း စစ်ကောင်စီပြော
လျှပ်စစ်မီးပြတ်တောက်မှုကို ဝေဖန်တဲ့ အဆိုတော်ဗျူဟာ ထောင်အနှစ်နှစ်ဆယ် ချခံရ
စစ်ကောင်စီဟာ ဘဏ္ဍာငွေကို စစ်ရေးနဲ့ လက်နက်ဝယ်ဖို့ပဲ သုံးနေတယ်လို့ ဦးစိုးသူရထွန်းက ဝေဖန်ပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရဖို့ ဆောင်ရွက်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ ပြောထားပါတယ်။
တစ်နိုင်ငံလုံးမှာ ဓာတ်အားလိုအပ်ချက် တစ်ရက်ကို မဂ္ဂါဝပ် ၅၅၀၀ လောက်ရှိပေမဲ့ လက်ရှိမှာ တစ်ရက်ကို မဂ္ဂါဝပ် ၂၈၀၀ လောက်ပဲ ထုတ်လုပ်နိုင်တာကြောင့် တစ်နိုင်ငံလုံးမှာ ၅၀ ရာခိုင်နှုန်းပဲ လျှပ်စစ်မီး ပေးနိုင်တယ်လို့ လျှပ်စစ်ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ၅၀ ရာခိုင်နှုန်းတောင် မပေးနိုင်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စွမ်းအင်ကဏ္ဍ လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
“၅၀ ရာခိုင်နှုန်းလို့ဆိုတဲ့နေရာမှာ ဒီမြို့ပေါ်တွေရဲ့ ဘယ်နေရာကို ဘယ်လောက်ထိ ပေးနိုင်မလဲဆိုတဲ့ဟာပေါ်မှာ မူတည်မယ်။ ၅၀ ရာခိုင်နှုန်းလို့ ပြောတဲ့အချိန်မှာ သူတို့ ဒီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေအပေါ်မှာ ၅၀ ရာခိုင်နှုန်း ဖြစ်မယ်ပေါ့နော်။ ဒါပေမဲ့ မြို့ကြီးတွေမှာတချို့ ဟို ဒီအခြေခံလူတန်းစားတွေ အတွက်ကတော့ ဒါ မီးပြတ်လပ်တဲ့ဟာကို ကောင်းကောင်းခံစားရမယ်ဆိုတဲ့ အခြေအနေမှာရှိတယ်။ ဒါပေမဲ့ ဒီ ၅၀ ရာခိုင်နှုန်းလို့ ပြောတဲ့အခါမှာ ၅၀ ရာခိုင်နှုန်းထက်ကျော်မှ ပိုပြီးနည်းနိုင်တဲ့ အခြေအနေရှိပါတယ်ဗျနော်”
စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြုပ်နှံထားတဲ့ နိုင်ငံခြားကုမ္ပဏီတွေ ပြန်ထွက်သွားတာ၊ စွမ်းအင်စီမံကိန်းတွေ ရှိတဲ့ဒေသတွေမှာ ပြည်တွင်းစစ် ဖြစ်နေတာတွေကြောင့် လာမဲ့နှစ်မှာလည်း လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ပေးနိုင်မှာ မဟုတ်သေးဘူးလို့ သူက ခန့်မှန်းပါတယ်။ ရန်ကုန်မြို့က စက်မှုဇုန်တွေမှာလည်း တစ်နေ့ကို လေးနာရီပဲ လျှပ်စစ်မီးပေးနိုင်ပါတယ်။
တစ်နေ့ ရှစ်နာရီလျှပ်စစ်ရရင်တောင် စက်ရုံတွေ လည်ပတ်နိုင်ဦးမယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရန်ကုန်မြို့က လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“စက်မှုဇုန်တွေကို ညရော၊ မနက်ရော မပေးရင်တောင်မှ တစ်ရက်ကို ရှစ်နာရီလောက် ပေးရင်တောင်မှ လုပ်ငန်းလည်ပတ်ရတာ အဆင်ပြေတယ်။ ဘာလို့ဆိုတော့ အရင်လိုမျိုးလဲ အလုပ်တွေက များများစားစား မရှိကြတော့ဘူးဆိုတော့ အလုပ်ချိန်တစ်ချိန်စာလောက်ကို လည်ရတယ်ဆိုရင်တောင်မှ လုံလောက်ပါတယ်။ အခုကတော့ သိပ်မလုံလောက်ဘူးပေါ့ဗျာ။ ကျွန်တော်တို့ မီးစက်နည်းနည်းကူပြီးတော့ လည်နေရတာပေါ့”
ရန်ကုန်တိုင်းက မြို့နယ်အားလုံးမှာ လျှပ်စစ်မီးကို တစ်ခါဖြတ်လေးနာရီနဲ့ တစ်ရက်ကို နှစ်ကြိမ်နှုန်းပဲ မီးရနေတာပါ။ ဒီအတောအတွင်းမှာပဲ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး လျှပ်စစ်မီတာခတွေကို နှစ်ဆကျော် တိုးကောက်ထားပါတယ်။
မန္တလေးတိုင်းမှာလည်း အလားတူ အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးပေးတယ်ဆိုပေမဲ့ လာရမဲ့အချိန်တောင် မှန်မှန်မလာဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
“လာတဲ့အချိန်ကတော့ သူတို့ သတ်မှတ်ထားတာတော့ လေးနာရီပေး ရှစ်နာရီပြက်လို့ ပြောထားတယ်။ ဒါပေမဲ့ အဲဒီ လေးနာရီကို အပြည့်အ၀မရဘူး။ ညတွေဆိုလည်း မှောင်မဲလို့။ တစ်လိုင်းနဲ့ တစ်လိုင်း မတူဘူး။ ဟိုဘက်က လာလိုက်၊ ဒီဘက်က မလာလိုက်နဲ့ အဲလိုတွေကို မီးလျှပ်စစ်က မှန်ကိုမမှန်တာ”
ဧရာ၀တီတိုင်းမှာလည်း အလှည့်ကျ မီးပေးစနစ်အတိုင်းတောင် မီးမှန်မှန်မရတာကြောင့် မီးရနိုင်မဲ့ တခြားအရင်းအမြစ်တွေကို မှီခိုနေရတယ်လို့ ဘိုကလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေကတော့ ဆိုလာဝယ်သုံးကြတာ များတာပေါ့။ မရှိတဲ့သူတွေအတွက်ကျတော့ ကျွန်တော်တို့ ဘက်ထရီ မီးလေးတွေ၊ ဆိုင်ကယ် ဘက်ထရီအခြောက်ကလေးတွေ၊ နောက် တချို့ လုံးလုံးမရှိတဲ့ သူတွေကျတော့ ဖယောင်းတိုင်မီးပဲ သုံးကြမှာပေါ့”
မီးပုံမှန်မရတာနဲ့ ပတ်သက်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတဲ့သူ မရှိပါဘူး။
ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့သုံး စက်ရုံတွေရဲ့ ထုတ်လုပ်နိုင်မှု လျော့နည်းလာတာ၊ ဓာတ်အားပို့လွှတ်နေတဲ့ လိုင်းတွေဖျက်ဆီးခံရတာကြောင့် မီးပုံမှန်မပေးနိုင်တာလို့ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အခုနှစ် မေလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတစ်ဝန်းမှာ ရေအားလျှပ်စစ်စက်ရုံ ၂၉ ရုံ၊ သဘာဝဓာတ်ငွေ့သုံးစက်ရုံ ၂၇ ရုံ၊ ကျောက်မီးသွေးသုံး စက်ရုံ နှစ်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး စက်ရုံ ခြောက်ရုံကနေ တစ်နိုင်ငံလုံးအတွက် ထုတ်လုပ်နေတာဖြစ်ပါတယ်။