စိုက်ပျိုးမြေဧက သိန်းနဲ့ချီ ပျက်စီးတဲ့အတွက် ဆန်အိတ်ပေါင်း သန်းနဲ့ချီ လျော့နိုင်
2024.09.25
မိုးစပါးစိုက်ပျိုးထားတဲ့ကာလမှာ မုန်တိုင်းကြောင့် မြန်မာပြည်အနှံ့ စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲနီးပါး ရေနစ်မြုပ် ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီကကြေညာထားတာကြောင့် လာမယ့်နှစ်မှာ ဆန်စျေးတွေ မြင့်တက်လာနိုင်ပြီး ပြည်သူတွေစားဝတ်နေရေး ပိုအကျပ်ရိုက်လာနိုင်ချေရှိနေတယ်လို့ တွက်ဆချက်တွေ ရှိနေပါတယ်။
လက်ရှိအချိန်မှာ နှမ်း၊ နေကြာ၊ ပဲမျိုးစုံ၊ ဝါ၊ ဌက်ပျောနဲ့ တခြားသီးနှံတွေ စိုက်ပျိုးကြတာတွေရှိပေမဲ့ မိုးစပါး စိုက်ချိန်ဖြစ်လို့ တောင်သူအများစုက စပါးကို အားထားစိုက်ပျိုးခဲ့ကြတယ်လို့ ပြောပါတယ်။
စပါး ၁၅ ဧက ရေနစ်မြုပ်သွားခဲ့ပြီး လုံခြုံရေးအရ အမည်ထုတ်မပြောလိုတဲ့ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကညွန့်ကွင်းကျေးရွာက တောင်သူ ဦးကြီး တစ်ဦးက ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ အခက်တွေ့နေတယ်လို့ ပြောပါတယ်။
“ဘာမှကိုလုပ်မရတဲ့အနေအထားနဲ့ ငုတ်တုတ်ပစ်ထိုင်နေရမဲ့သဘောပဲ။ အခုဟာက ကျွန်တော်တို့ တစ်မြို့နယ်တည်း ပျက်စီးတာမဟုတ်ဘဲနဲ့ မြို့နယ်စုံ၊ တစ်နိုင်ငံလုံးလို ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့က သူ့လည်း အကူအညီတောင်းလို့မရ၊ ကိုယ်ကလည်း သူများကို မကူညီနိုင်ဆိုသလို ဖြစ်နေတာလေ”
နေရာဒေသနဲ့ မြေပေါ်မူတည်ပြီး ကွာခြားချက်တွေရှိပေမဲ့ မိုးစပါးဟာ တစ်ဧကကို ပျမ်းမျှ တစ်တင်းခွဲ ဆန်အိတ်ပေါင်း ၁၈ အိတ်လောက် ထွက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ရေဘေးကြောင့် တောင်သူ ရှစ်သောင်းနီးပါး ပြန်လည်ထူထောင်နိုင်ဖို့ ခက်ခဲနေ
အာဆီယံနဲ့ သုံးနိုင်ငံ အရေးပေါ်အရန်ဆန် တန်ချိန်တစ်ထောင်ကျော် ရေဘေးသင့်သူတွေကို ထောက်ပံ့မည်
သဘာဝဘေးကို အကြောင်းပြပြီး စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်နိုင်ကြောင်း NUG ပြော
လက်ရှိကာလဟာ မိုးစပါးစိုက်ထားချိန်ဖြစ်လို့ ပျက်စီးသွားတဲ့ စိုက်ပျိုးမြေဧက ခုနှစ်သိန်းခွဲကျော်မှာ အဓိက စပါးကိုသာ တောင်သူတွေ စိုက်ထားမယ်ဆိုရင် လာမယ့်နှစ်အတွက် အနည်းဆုံး ဆန်အိတ်ပေါင်း ၁၃ သန်း ကျော်ထွက်နှုန်း လျော့ကျသွားနိုင်ခြေရှိတယ်လို့ တွက်ဆကြပါတယ်။
တောင်သူလယ်သမားအကျိုးဆောင်ကွန်ရက်က ဦးဇော်ရမ်း က “တစ်တင်းခွဲအိတ်ပေါင်း တစ်ဧကကို ၁၈ အိတ်လောက်ထွက်တယ်။ ဧကပေါင်း ပျက်စီးတဲ့ ခုနစ်သိန်းခွဲ ကနေ ဆန်အိတ်ပေါင်း ၁၃ သန်းခွဲလောက်အထိ လျော့ကျသွားမှာပေါ့။ ဆန်စျေးတွေ တက်လာနိုင်မယ်။ နိုင်ငံခြားကိုပို့ဖို့ ပြည်တွင်းကို လုံလောက်ဖို့ အများကြီးချိန်ဆပြီး လုပ်ရမှာတွေရှိလာမယ်။ နောက်နှစ်မှာ ဆန်စျေးကြီးတာတွေ၊ ဆန်လျော့စားရတာတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ၊ အဟာရချို့တဲ့မှုတွေ ဖြစ်လာမှာကို ကျွန်တော်တို့ တကယ်ပဲ စိုးရိမ်ပါတယ်” လို့ ပြောပါတယ်။
မြန်မာပြည်တွင်း တစ်နှစ်ပြည်တွင်းစားသုံးမှုဟာ ဆန်တန်ချိန် ၁၁ သန်း ရှိတယ်ဆိုတဲ့ တွက်ဆချက် တွေလည်းရှိပါတယ်။ မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေကို နေ့စဉ် ထမင်း၊ ဟင်းလှူဒါန်းနေတဲ့ စစ်ကိုင်းတိုင်းအခြေစိုက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က မဖူးပွင့်ဝေက “ကျွန်တော်တို့ ဆားလင်းကြီးမြို့မှာ တစ်နေကုန် ပင်ပင်ပန်းပန်းဆင်းဆင်းရဲရဲ အလုပ်လုပ်မှ ရှစ်ထောင်ပဲရတာ။ ဆန်မဖြစ်တဲ့ အပယ် ဆန်ကွဲတောင်မှ ( တစ်ပြည်) လေးထောင်ကျော်ဝယ်စားနေရတယ်။ အခုနေ အချိန်အခါမှာတောင် ဒီလောက် ပမာဏပေးပြီး ဝယ်စားနေရတဲ့ ပြည်သူတွေ ရှိနေတာပေါ့။ ဆန်ကွဲစားနေရတဲ့ ပြည်သူတွေ အရမ်းများနေတယ်။ ဝယ်လိုအားများပြီး ထုတ်လုပ်မှုအားနည်းမယ်ဆိုရင် ဆန်စပါးစျေးတွေတက်လာနိုင်တယ်။ ပြည်သူတွေအတွက် အခက်အခဲအရမ်းကြီးဖြစ်သွားနိုင်တယ်” လို့ ပြောပါတယ်။
စိုက်ပျိုးမြေဧက ခုနစ်သိန်းခွဲကျော် ရေမြုပ်ခဲ့လို့စပါးအထွက်နှုန်းလျော့ပြီး ဆန်ပြတ်လပ်မှာနဲ့ စျေးအဆမတန်မြင့်တက်မှာကို ပြည်သူတွေ စိုးရိမ်နေတဲ့အပေါ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်ဆီက တုံ့ပြန်သံရဖို့ RFA က လူမှုကွန်ယက်ကနေတစ်ဆင့် ဆက်သွယ်ထားပေမဲ့ အကြောင်း မပြန်သေးပါဘူး။
လက်ရှိစျေးကွက်မှာတော့ ရွှေဘို ပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၈၀,၀၀၀၊ ဆန်ကြမ်းတစ်အိတ်ကို ကျပ် တစ်သိန်းနီးပါး စျေးပေါက်နေပါတယ်။
စစ်ကောင်စီကတော့ ရွှေဘိုပေါ်ဆန်းမွှေး (ဆန်ချော) တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀ ကနေ ကျပ် ၁၄၅,၀၀၀ နဲ့ ဧည့်မထ (ဆန်ကြမ်း) တစ်အိတ်ကို ကျပ် ၇၇,၀၀၀ ကနေ ကျပ် ၇၉,၀၀၀ အတွင်းသာ ရောင်းချဖို့ သတ်မှတ်ထားပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီက မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးတဲ့ စိုက်ပျိုးမြေတွေမှာ ရာသီအချိန်မီပြန်စိုက်နိုင်ဖို့ နည်းပညာနဲ့ အကူအညီတွေ ပံ့ပိုးမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က စပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့တာတွေအတွက် ကူညီထောက်ပံ့ပေးမယ်လို့ စက်တင်ဘာ ၁၈ ရက်မှာ ပျဉ်းမနားမြို့နယ်က ရေဘေးဒုက္ခသည်တွေနဲ့တွေ့ဆုံချိန်မှာ ပြောထားပါတယ်။
RFA က အဆက်အသွယ်ရတဲ့ ရေကြီးနစ်မြုပ်ခဲ့တဲ့ နေရာအနှံ့က တောင်သူတချို့ကတော့ လုပ်ငန်းပြန်လုပ်ဖို့ စစ်ကောင်စီထံက အကူအညီတွေ မရသေးဘူးလို့ ပြောကြပါတယ်။