ရေဘေးကြောင့် ပဲခူးဒေသခံ နှစ်သောင်းခန့် အရေးပေါ် ရွှေ့ပြောင်းရ
2024.07.28
[Update: 4: 55 PM, July 29, 2024]
ဇူလိုင်လ ၂၇ ရက်နေ့ကတည်းက မိုးများပြီး မြစ်ရေမြင့်တက်လာတာကြောင့် ပဲခူးမြို့ပေါ်အပါအဝင် မြို့မစျေးကြီး၊ ဇိုင်းဂနိုင်း၊ ကျွန်းသာယာ၊ ကျောက်ကြီးစုနဲ့ ပုဏ္ဏားစု စတဲ့ရပ်ကွက်တွေ ရေကြီးနေတယ်လို့ ကူညီပေးနေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အနိမ့်ပိုင်းရပ်ကွက်တွေ ရေမြုပ်နေပြီး ဇူလိုင်လ ၂၉ ရက် ဒီနေ့မှာပဲ မြို့ခံ နှစ်သောင်းခန့်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“မနှစ်ကလောက်တော့ မဆိုးပေမဲ့ အဲဒီနီးပါးလောက်တော့ ဖြစ်လာပြီပေါ့။ ဒီနေ့ ထပ်ပြီးရွာမဲ့ မိုးအခြေအနေပဲ ကြည့်ရမယ်။ အခုကတော့ အနိမ့်ပိုင်းတွေတော့ တော်တော်မြုပ်သွားပြီ။ ဒေသခံတွေကတော့ အခုရေမြုပ်နေတဲ့ အိမ်တွေကနေ ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးစခန်းတွေနေရာကို ရွှေ့ပြောင်းပို့ဆောင်ပေးတာတွေ လုပ်နေတယ်"
ရေဘေးသင့်သူတွေဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဓမ္မာရုံ စတဲ့နေရာတွေမှာ ယာယီခိုလှုံနေကြပါတယ်။
ပဲခူးမြို့အနီး မဇင်းရေလှောင်တမံပါ ရေလျှံကျလာတာကြောင့် မြစ်ရေပိုမြင့်လာတာလို့ ဆိုပါတယ်။
ဆက်နွှယ်သောသတင်းများ
ညောင်လေးပင်ခရိုင်က ရွာနှစ်ဆယ်ကျော်ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်အကူအညီလိုအပ်နေ
မြို့ပေါင်း နှစ်ဆယ်ကျော်မှာ လူဦးရေ ရှစ်သောင်းခွဲကျော် ရေဘေးသင့်
မြစ်ရေကြီးမှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ပိတ်ထားရ
မိုးညိုက လယ်သမားတွေ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရ
ဒေသခံတစ်ဦးကတော့ ဒီအချိန်ဟာ စပါးစိုက်ပျိုးထားချိန်ဖြစ်တာကြောင့် စပါးခင်းတွေပျက်စီးမှာ စိုးရိမ်နေရတယ်လို့ ပြောပါတယ်။
“ပဲခူးတိုင်းက စိုက်ပျိုးရေးနဲ့ အခြေခံတဲ့တိုင်းလေ။ ကြာရင် စပါးတွေက မနှစ်ကဆို အကုန်ပျက်စီးသွားတာ။ ကျွန်တော်ဆိုရင် ခုနစ်ဆယ်ဖိုးလောက် ပါသွားတယ်။ စပါးတွေက စိုက်ထားရတာက ပေါင်းသတ်ဆေး၊ မြေဩဇာတွေက အကုန်ချေးငှားပြီး လုပ်ထားရတာ။ ဒီကြားထဲ ရေကထပ်ပြီးတော့ကြီးရော ကျွန်တော်တို့မှာက ဖြူကာပြာကာ ကျတဲ့ပုံစံမျိုးဖြစ်တော့ တဖြည်းဖြည်းနဲ့"
ရေဘေးကြုံနေရသူတွေကို ကူညီပေးနေတဲ့ အမည်မဖော်လိုတဲ့ ဆရာတော်တစ်ပါးကတော့ ယာယီစခန်းတွေမှာ ခိုလှုံနေသူတွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ မိန့်ပါတယ်။
“အရင်နှစ်ထက်စာရင် ဒီနှစ်မှာတော့ တော်တော်လေး အခက်အခဲရှိတယ်။ အခုထက်ထိ ထမင်းကို တစ်ရက်၊ နှစ်ရက် မစားရသေးတဲ့သူတွေ ရှိတယ်။ သူတို့က အိမ်ကနေ ရေဘေးစခန်းကိုလာတော့ ဘာမှမပါလာဘူးလေ။ ဦးပဥ္စင်းတို့ ရေဘေးစခန်းမှာတော့ လက်ရှိအချိန်အထိကို ထမင်းထုပ်လာဝေမဲ့သူ မရှိသေးပါ။ ဆန်လာလှူတဲ့သူ လည်း မရှိသေးပါ။ အစိုးရအဖွဲ့ကလည်း လှူဒါန်းမှု အခုထိတော့ မရှိသေးပါဘူး"
ဇူလိုင် ၂၇ ရက်နေ့ကတည်းက မြစ်ရေတက်တာကြောင့် ရေဘေးဒဏ်ခံနေရသူ သုံးသောင်းခန့် ရှိတယ်လို့ အကူအညီပေးနေသူတွေက ခန့်မှန်းကြပြီး ဒီနေ့ အရေးပေါ် ပြောင်းရွှေ့ရတဲ့သူနဲ့ဆိုရင် လူပေါင်း ငါးသောင်ကျော် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
“အရင်နှစ်ထက်စာရင် ဒီနှစ်မှာတော့ တော်တော်လေး အခက်အခဲရှိတယ်။ အခုထက်ထိ ထမင်းကို တစ်ရက်၊ နှစ်ရက် မစားရသေးတဲ့သူတွေ ရှိတယ်"
၂၀၀၄ သန်းခေါင်စာရင်းအရ ပဲခူးမြို့ပေါ်မှာ ရပ်ကွက်ကြီး ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စုနဲ့ လူဦးရေ ၁၃၇,၅၆၀ ဦး နေထိုင်ပါတယ်။
စစ်ကောင်စီရဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာတော့ ပဲခူးမြို့နယ်မှာ ကယ်ဆယ်ရေးစခန်း ၂၇ ခု ဖွင့်ထားပြီး လူ နှစ်သောင်းခန့် (၁၈,၂၁၀ ဦး) ကို ရွှေ့ပြောင်းပေးထားသလို ကူညီထောက်ပံ့ပေးနေတယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကတော့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနေပြီး ပျက်စီးထိခိုက်မှုမရှိဘူးလို့ RFA ကို ပြောပါတယ်။
“အနိမ့်ပိုင်းရပ်ကွက် ရေဝင်တာလောက်ပဲ ရှိပါတယ်။ တခြား ထိခိုက်ပျက်စီးမှု မရှိပါဘူး။ ဒီအနိမ့်ပိုင်းရပ်ကွက် ရေဝင်တဲ့ဟာတွေကို ကျွန်တော်တို့ အစိုးရ၊ ပြည်သူ၊ ပရဟိတအဖွဲ့တွေ ဝိုင်းဝန်းပူးပေါင်းပြီး ဆောင်ရွက်ပေးနေပါတယ်"
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် မုန်းမြို့မှာလည်း ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီး တောင်ကျရေကြောင့် ချောင်းကမ်းပါးတွေ ပြိုကျလို့ အသက် ၄ နှစ်အရွယ် ကလေးတစ်ဦး ရေစီးနဲ့ မျောပါသေဆုံးခဲ့သလို နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့်လည်း မုန်းမြို့အနီးတစ်ဝိုက်က ရွာတွေမှာ ရေဝင်နစ်မြုပ်နေပြီး ဒေသခံတချို့ ရေလွတ်ရာ ကုန်းမြင့်တွေကို ရွှေ့ပြောင်းနေထိုင်နေရပါတယ်။
ပဲခူးမြစ်ရေဟာ နောက်တစ်ရက်အတွင်း ပေဝက်ခန့် ဆက်မြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်ရှိမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသဌာနက ဇူလိုင်လ ၂၉ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
ဇူလိုင်လဆန်းပိုင်းကလို့ နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုတွေ ဆက်တိုက်ဖြစ်နေပြီး တိုင်းနဲ့ ပြည်နယ်လေးခုက မြို့ ၁၂ မြို့မှာ ရေဘေးကြုံနေရပါတယ်။
(မှတ်ချက်။ ။ ဤသတင်းတွင် ဒေသခံတစ်ဦး၊ ဆရာတော်တစ်ပါး၊ စစ်ကောင်စီ၏ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးတို့၏ အသံများကို ထပ်မံဖြည့်စွက်ထားပါသည်။)