နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာ

RFA Burmese
2024.09.12
နိုင်ငံတစ်ဝန်း ရေကြီးမြေပြိုမှုကြောင့် သေဆုံးသူ ၂၇ ဦးအထိ ရှိလာ နေပြည်တော်မှ ရေဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ နေ့က တွေ့ရစဉ်။
Myanmar Fire Services Department Photo

RFA က စက်တင်ဘာလ ၁၂ ရက် ညနေ လေးနာရီအထိ ရရှိထားတဲ့ စာရင်းတွေအရ နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၂၇ ဦး သေဆုံးသွားပါတယ်။

ရာဂီ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုတွေဖြစ်နေတဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ ၁၇ ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ တစ်ဦး၊ တပ်ကုန်းမြို့နယ်မှာ တစ်ဦး၊ လယ်ဝေးမြို့နယ်မှာ တစ်ဦး၊ ပျဉ်းမနားမြို့နယ်မှာ တစ်ဦး၊ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်မှာ တစ်ဦး၊ တာချီလိတ်မြို့မှာ နှစ်ဦး၊ ဖယ်ခုံမြို့နယ်မှာ သုံးဦး စုစုပေါင်း ၂၇ ဦး သေဆုံးသွားတာပါ။

"လှေက ဘယ်လိုပြဿနာတက်နေလဲဆိုတော့ လှေရှိပြီးတော့ မောင်းမဲ့သူကမရှိ"

သေဆုံးသူ ၂၇ ဦးထဲ ကလေး ငါးဦး၊ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး ၁၅ ဦးနဲ့ အမျိုးသား၊ အမျိုးသမီး ခွဲခြားလို့မရသူ တစ်ဦး ပါဝင်ပါတယ်။

စက်တင်ဘာလ ၉ ရက် ညက ရမည်းသင်းမြို့နယ် သပြေပင်ရွာမှာ မိုးသည်ထန်ပြီး မြေပြိုတာကြောင့် လူခုနစ်ဦး အစုလိုက်အပြုံလိုက် သေဆုံးသွားတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။

"ကိုးရက်နေ့ညကတည်းက မြေပြိုပြီး ပိသွားတာ။ မနေ့ကလည်း ရေမကျလို့ သွားခေါ်လို့မရဘူး။ ဒီနေ့မနက်တော့သွားခေါ်တာ ခုနစ်လောင်းလုံးတော့ ပြန်တွေ့တယ်တဲ့။ ယောက်မလေးကလည်း သူ့ကလေးတွေကို ပွေ့နေလျက်လေပေါ့နော၊ ဆုံးသွားတာတဲ့။ ခုနစ်လောင်းလုံးကိုတော့ ကြီးမေကြီးတို့အိမ်မှာ တင်ထားတယ်တဲ့။သင်္ဂြိုဟ်ဖို့ကြတော့လည်း ရေကမကျသေးတာနဲ့ မိုးအရမ်းရွာတာနဲ့ သင်္ဂြိုဟ်ဖို့ကလည်း ဘယ်လိုစီစဉ်ရမှန်း မသိသေးဘူးတဲ့"

သေဆုံးသူတွေဟာ အသက် တစ်နှစ်အရွယ် ယောကျာ်းလေး တစ်ဦး၊ နှစ်နှစ်အရွယ် မိန်းကလေး တစ်ဦး၊ ငါးနှစ်အရွယ် ယောကျ်ာလေးနဲ့ မိန်းကလေး နှစ်ဦး၊ အသက် နှစ်ဆယ်ခန့် အမျိုးသမီး နှစ်ဦးနဲ့ အသက် လေးဆယ်အရွယ် အမျိုးသမီး တစ်ဦးတို့ဖြစ်ပါတယ်။


ဆက်နွှယ်သော သတင်းများ

မြို့နယ် ခုနစ်မြို့နယ်မှာ မိုးရေချိန် စံချိန်သစ်တင်

နေပြည်တော်နဲ့ မြဝတီမြို့အပါအဝင် ရေဘေးသင့်ဒေသတွေမှာ အရေးပေါ်ကယ်ဆယ်ရေး လိုအပ်နေ

ကရင်နဲ့ ကယားက စစ်ဘေးဒုက္ခသည်တွေရဲ့ နေအိမ် ရှစ်ဆယ်ကျော် ရေထဲမျောပါ


စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် တပ်ကုန်း၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိနဲ့ ပျဉ်းမနားမြို့နယ်က ဒေသခံတွေဟာ နာရီပေါင်းများစွာ ရေကြီးနစ်မြုပ်မှုဒဏ်ခံရပြီးမှ ကူညီကယ်ဆယ်ရေးတွေ ရောက်လာခဲ့တာပါ။

ပျဉ်းမနားမြို့နယ်ထဲမှာလည်း ရေအမြင့်ပေ ၁၂ ပေလောက်အထိ မြင့်တက်နေပြီး ဆင်သေရွာက ဒေသခံတစ်ဦး ရေထဲမျောပါ သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနားမှာရှိတဲ့ သကြားစက်၊ ညောင်ပင်သာ၊ အဲဒီ မြစ်ကမ်းရဲ့ ဒီဘက်ကပေါ့နော်။ သစ်စိန်ပင် အဲဒီရွာတွေ အကုန်လုံးက ရေပြင်ထဲမှာ ရောက်နေတယ်ဗျ။ အဲဒီ ရေပြင်ထဲမှာ ရောက်နေပြီးတော့ ကျွန်တော်တို့ အဲဒီမှာရှိတဲ့ လူတွေအများစုက အမြင့်ပိုင်းမှာရှိတဲ့ ကျွန်တော်တို့ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေရဲ့ အပေါ်မှာ နေရာယူနေတယ်။ ထိခိုက်သေဆုံးမှုကတော့ လက်ရှိအနေအထားအရ ကျွန်တော်တို့ DB တစ်လောင်း (လူသေလောင်းတစ်လောင်း) ဆင်သေကနေပြီးတော့မှ ကျွန်တော်တို့ စပြီးတော့ တွေ့ရတယ်ပေါ့နော်”

ရေဘေးဒုက္ခကြုံနေရသူတွေဟာ သူတို့ကို အကူအညီပေးကြဖို့ Facebook လူမှုကွန်ရက် စာမျက်နှာမှာ တောင်းဆိုမှုတွေ စက်တင်ဘာလ ၁၂ ရက် ဒီနေ့အထိရှိနေပါတယ်။

ရေကြီးနစ်မြုပ်မှုဖြစ်နေတဲ့ နေပြည်တော် ကောင်စီနယ်မြေမှာ ကူညီကယ်ဆယ်ရေး အခက်အခဲတွေရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တပ်ကုန်းမြို့က ကူညီကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက RFA ကို ပြောပါတယ်။

“အင်အားက လုံတောင်မလုံလောက်တာ အစ်ကို။ ဒုက္ခတွေက ရောက်တာက များပြီးတော့ပေါ့နော်။ ကယ်ဆယ်ရေး သမားတွေက နည်းနေတာ။ လှေက ဘယ်လိုပြဿနာတက်နေလဲဆိုတော့ လှေရှိပြီးတော့ မောင်းမဲ့သူကမရှိ။ မောင်းမဲ့သူရှိပြန်တော့ လှေကတစ်ခါမလုံလောက် အဲဒီလိုဖြစ်နေတဲ့အခါကျတော့ ဒုက္ခရောက်တာကတော့များတယ်”

အရှိန်ပြင်းတဲ့ ရေစီးအားကြောင့် ရေထဲမျောပါသူတွေလည်းရှိပြီး သေဆုံးမှုဟာ အခုထက် ပိုများလာနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ထိုင်း - မြန်မာ နယ်စပ်မြို့တွေဖြစ်တဲ့ ကရင်ပြည်နယ် မြဝတီမြို့ နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ စက်တင်ဘာလ ၁၂ ရက် ဒီနေ့ ရေအနည်းငယ် ပြန်ကျလာပေမယ့် ကူညီကယ်ဆယ်ရေးတွေ လိုအပ်သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဘေးဒုက္ခ ကြုံနေရနေချိန် စစ်ကောင်စီဟာ ကူညီကယ်ဆယ်ရေးတွေ အချိန်မီမလုပ်နိုင်ခဲ့ဘူးလို့ ဒေသခံတွေက ထောက်ပြပြောဆိုပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကတော့ လူ ခုနှစ်သောင်းကျော်ကို ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတယ်လို့ RFA ကို ပြောပါတယ်။

"မနေ့ကညနေအထိ ရထားတဲ့စာရင်းကတော့ နေပြည်တော်ကောင်စီနဲ့ ကယားပြည်နယ်၊ လွိုင်ကော်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ အများစုကတော့ နေပြည်တော်ကောင်စီနဲ့ ရှမ်းဘက်က အချက်အလက်တွေက အများဆုံးရထားပါတယ်။ မြို့နယ် နှစ်ဆယ်လောက် ပြောင်းရွှေ့နေကြရပါတယ်။အခုထိတော့ စခန်းမှာနေတဲ့ လူဦးရေ ခုနှစ်သောင်းကျော်လောက်ရှိပြီရှင့်"

အခုရရှိထားတဲ့ စာရင်းဟာ စက်တင်ဘာလ ၁၁ နေ့ ညနေကရထားတဲ့ စာရင်းပြီး ဒီနေ့ ထပ်တိုးလူဦးရေနဲ့ သေဆုံးမှုစာရင်းကို မသိရသေးဘူးလို့ ပြောပါတယ်။

နေပြည်တော်မှ ရေဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ နေ့က တွေ့ရစဉ်။ (Myanmar Fire Services Department Photo)
နေပြည်တော်မှ ရေဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၂ နေ့က တွေ့ရစဉ်။ (Myanmar Fire Services Department Photo)

နေပြည်တော် ကောင်စီနယ်မြေ၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒုက္ခကြုံရသူ လူပေါင်း တစ်သိန်းကျော်ရှိနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းပြောဆိုပါတယ်။

စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကတော့ စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်နေတာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေဆက်ကြီးနိုင်တယ်လို့ စက်တင်ဘာလ ၁၂ ရက် ဒီနေ့ သတိပေးပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

(သေဆုံးသွားသော မိသားစုဝင်များပြောကြားချက်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များပြောကြားချက်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူ ပြောကြားချက်များ ဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။