မဏိပူရ်အာဏာပိုင် ဖိအားပေးလို့ အိမ်ပြန်ရတဲ့ မြန်မာဒုက္ခသည်တွေ အခက်အခဲရှိ
2025.01.16

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် ကမ်းဂျွန်ခရိုင်ထဲက နယ်စပ်အနားမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေက ဖိအားပေးနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။
ဒါကြောင့် ဖိုင်ကော့၊ စတစ်၊ တီလူ စတဲ့ နယ်စပ်ရွာတွေမှာနေတဲ့ မြန်မာဒုက္ခသည် နှစ်ထောင်ဝန်းကျင်လောက်ဟာ ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး နေရပ်ပြန်လာကြရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
"အကုန်လုံး ပြန်ရွှေ့နေကြပြီ။ လူဦးရေကတော့ နှစ်ထောင်နဲ့ သုံးထောင်ဝန်းကျင်ရှိမယ်”
“တခြားခရိုင်တွေကြတော့ ဘာမှာမဖြစ်ဘူး အဓိကတော့ ကမ်းဂျွန်ခရိုင်ပေါ့။ ကမ်းဂျွန် ခရိုင်မှာတောင်မှ အကုန်လုံး မဟုတ်ဘူး၊ ဖိုင်ကော့ကျေးရွာရယ်၊ satip ကျေးရွာရယ်၊Tlau ကျေးရွာမှာ စစ်ဘေးရှောင်နေတဲ့ အဓိက တမူးအထက်ပိုင်း ဖိုင်လင်း ၊ကနန် ၊မန်တော်၊ အောင်ဇေယျ၊ နန်းအောင်မော်၊ အဲဒီကျေးရွာကလူတွေ များသောအားဖြင့် စစ်ရှောင်ကြတာ ကမ်းချွန်ခရိုင်အုပ်ချုပ်ရေးမှူးက ဇန်နဝါရီ ၁၀ ရက်ကို နောက်ဆုံးထားပြီးတော့ ပြန်ရွှေ့ခိုင်းတာ သူတို့ ၇ ရက်နေ့ကစပြီးတော့ အခုချိန်ထိပေါ့။ အကုန်လုံး ပြန်ရွှေ့နေကြပြီ။ လူဦးရေကတော့ နှစ်ထောင်နဲ့ သုံးထောင်ဝန်းကျင်ရှိမယ်”
ဆက်နွှယ်သော သတင်းများ
မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေ ဖိအားပေး
မြန်မာနိုင်ငံက တရားမဝင်နေထိုင်သူတွေကြောင့် လူမျိုးရေးအကျပ်အတည်းဖြစ်ရကြောင်း မဏိပူရ်အစိုးရပြော
နယ်စပ်ဖြတ်ကျော်ခွင့် အိန္ဒိယဘက်က တင်းကျပ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်
နေရပ်ပြန်ရတာကြောင့် အိန္ဒိယဘက်မှာ ကျောင်းတက်နေတဲ့ ကလေးတွေအတွက်လည်း အခက်အခဲဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် ကိုယ့်ဒေသကိုယ် ပြန်ရောက်တဲ့အခါ အိမ်တွေပျက်စီးနေတာကြောင့် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“များသောအားဖြင့် ဒုက္ခခံနေရတာက အောင်ဇေယျ၊ နန်းအောင်မော် တွေကျတော့ အိမ်တွေလည်း မရှိတော့ဘူးလေ။ မီးရှို့ကုန်ပြီဆိုတော့ အခက်ခဲကြုံနေရတာပေါ့။ ရွာမှာဝင်ပြီး သန့်ရှင်းရေးဘာလေး လုပ်ပြီးတော့ တဲကုတ်ကလေးတွေ မိုးကာမိုးပြီးတော့ အဲလိုပြန်နေကြရတာပေါ့”
အရင်က စစ်ဘေးဒုက္ခသည်တွေထဲက အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို မပြန်ခိုင်းပေမဲ့ အခုတော့ အကုန်လုံးကိုပြန်ခိုင်းတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီပေးနေသူ တစ်ဦးက ပြောပါတယ်။
“အရင်က အမျိုးသမီးတွေ၊ ကလေးတွေ အသက်ကြီးပိုင်းတွေကတော့ လူမှုရေးအရ ဆက်နေခွင့်ပြုတယ်။ လူငယ်လူလတ်ပိုင်းတွေက ပြန်ခိုင်းတာပေါ့နော်။ အခုနောက်ပိုင်းကျတော့ ပြန်ခိုင်းနေပြီး ဆိုတာကတော့ ပြောလို့ရတာပေါ့နော်။ ဘက်စုံက အခက်ခဲပေါင်းစုံရှိလာနိုင်တယ်”
ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ မြန်မာသံရုံးအပြင် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် မေးမြန်းထားပေမဲ့ အကြောင်းပြန်တာ မရှိသေးပါဘူး။
ခိုလှုံတာတစ်နှစ်ပြည့်ပြီ ဖြစ်တာကြောင့် အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းတဲ့အတွက် မပြန်ချင်ပဲ ပြန်လာခဲ့ရတယ်လို့ နောက်ထပ် စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။
“ဖိုင်ကော့ရွာ နယ်စပ်ရွာပေါ့ဗျာ အဲဒီမှတ်တိုင်က ရွာနားလေးမှာရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်မှတ်တိုင်လေး အဲဒီရွာလေးမှာ ကပ်နေတာ တစ်နှစ်ပြည့်တဲ့အတွက် တစ်နှစ်ပြည့်ပြီး ပြန်ကျတော့ ဆိုတဲ့သဘောမျိုး ကျွန်တော်တို့လည်း မပြန်ချင်လည်း ပြန်ရတော့တာပေါ့ ။ ပြန်ကုန်ကြပြီး အများစုက တဲတွေကမဖျက်ဘူး၊ ဒီအတိုင်းထားတာ”
၂၀၂၃ ခုနှစ် နိုဝင်ဘာလက စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်နဲ့ တိုက်ပွဲတွေကြောင့် မြန်မာဘက်က စစ်ဘေးဒုက္ခသည် ငါးထောင်ကျော်ဟာ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံခဲ့ရပါတယ်။
အခုလို မဏိပူရ်နယ်စပ်မှာ ခိုလှုံနေရတဲ့သူတွေကို ဖိအားပေးလို့ နေရပ်ပြန်ကြရပေမဲ့၊ မဏိပူရ်ပြည်နယ်နဲ့ နယ်မြေချင်းထိစပ်နေတဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မြို့သိမ်းတိုက်ပွဲ ဆင်နွှဲတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် လူတစ်ထောင်လောက် နေရပ်စွန့်ခွာသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။