နယ်စပ်ဖြတ်ကျော်ခွင့် အိန္ဒိယဘက်က တင်းကျပ်လိုက်လို့ ဒေသခံတွေ အခက်အခဲဖြစ်
2025.01.07

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဖြစ်တဲ့ မီဇိုရမ်၊ မဏိပူရ်နဲ့ နာဂလန်းပြည်နယ်တွေမှာ နိုင်ငံခြားသား ဝင်ထွက်ခွင့်ကို ကြိုတင်လျှောက်ပြီးမှ ခွင့်ပြုဖို့ ဗဟိုအစိုးရက ဒီဇင်ဘာ ၁၇ ရက်နေ့ကစပြီး ကန့်သတ်လိုက်ပါတယ်။
ဒါကြောင့် အဲဒီပြည်နယ်တွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံက ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေ အရင်လို လွတ်လွတ်လပ်လပ် ကူးသန်းခွင့်မရှိတော့ပဲ အခက်အခဲဖြစ်လာမှာ စိုးရိမ်နေကြပါတယ်။
"ခုနစ်ရက်အတွင်း ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံလို့ရတယ်"
မြန်မာဘက်ကတော့ အိန္ဒိဘက်ကို သွားမဲ့သူတွေအနေနဲ့ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါရ်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF ဟွာလ်ငိုရမ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီက ထောက်ခံစာယူရမယ်လို့ အထွေထွေအတွင်းရေးမှူး ကိုဂျွန်ရောဘာ (John Roba) က RFA ကို ပြောပါတယ်။
“Boarding Certificate ကို သူတို့က ထုတ်ပေးတယ်။ တစ်ရက်ကို လူပေါင်းတစ်ရာအတွက် ထုတ်ပေးတာပေါ့နော်။ အဲလိုမျိုးသူတို့ သတ်မှတ်ထားတယ်။ အဲဒီဟာ သူတို့ထုတ်ပေးတဲ့ဟာကကျတော့ အသွားအလာ လုပ်လို့ရတယ်၊ အဲဒီစာနဲ့ပေါ့နော်။ ခုနစ်ရက်အတွင်း ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံလို့ရတယ်။ ခုနစ်ရက်ပြည့်ရင် သက်တမ်းပြန်တိုးပေးမယ်လို့ ပြောတယ်”
လူတစ်ယောက်ကို ကလေးငယ် သုံးယောက်ပဲ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ သုံးယောက်ထက်ပိုရင် နယ်စပ်ဖြတ်ကျော်ခွင့်ကတ်ကို နောက်ထပ်တစ်ခု လျှောက်ရမယ်လို့ မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဆက်နွှယ်သောသတင်းများ
မဏိပူရ်နယ်စပ်က မြန်မာနိုင်ငံသားတွေ နယ်စပ်ဖြတ်သန်းခွင့် အိန္ဒိယထုတ်ပြန်
မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေ ဖိအားပေး
အိန္ဒိယနယ်စပ်ခြံစည်းရိုးကြောင့် ဒေသခံတွေ အခက်ကြုံ
၁၃ နှစ်ကြာ ခွင့်ပြုထားတဲ့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့် (FMR) ကို အိန္ဒိယ ဗဟိုအစိုးရက ဖျက်သိမ်းပြီး နိုင်ငံခြားသား၀င်ထွက်ခွင့်ကို အခုလို ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။
အိန္ဒိယဗဟိုအစိုးရက ဝင်ခွင့်ကန့်သတ်လိုက်တဲ့ ပြည်နယ်တွေထဲမှာ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် ခုနစ်သောင်းနီးပါးရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြောပါတယ်။
အိန္ဒိယအစိုးရအနေနဲ့ အခုလို တင်းကျပ်မှုကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ခိုလှုံဖို့အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ပြောပါတယ်။
“မြို့သိမ်းတိုက်ပွဲတွေ တအားပြင်းထန်တာ ဖြစ်လာရင်တော့ သိပ်ပြီးတော့မှ လွယ်မယ်လို့တော့ မယူဆဘူး။ အဲတော့ အိန္ဒိယနိုင်ငံဘက်ခြမ်းကို စစ်ဘေးရှောင်လာတဲ့သူများ လာနိုင်ချေရှိတဲ့အခါကျတော့ သူတို့ဝင်လာတဲ့အချိန်မှာ ဒီလိုကန့်သတ်ချက်တွေ ပြင်းထန်တဲ့ဟာတွေ စစ်ဘေးဒုက္ခသည်တွေကို တော်တော်လေးဒုက္ခပေးလာမဲ့ အခြေအနေရှိတယ်”
အဲဒီအပြင် အိန္ဒိယဘက်ကို နေ့ချင်းပြန်ကျောင်းတက်နေကြရတဲ့ ကျောင်းသားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ရိဒ်ခေါ်ဒါရ်မှာနေတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“အထူးသဖြင့် ပညာရေးနဲ့ စီးပွားရေးမှာ ခက်ခဲသွားတာပေါ့နော်။ ဒီဘက်က ကျောင်းသူ၊ကျောင်းသား တချို့လည်း ဟိုဘက်မှာ ပညာသင်တဲ့ သူတွေရှိတယ်။ ဟိုဘက် ဇိုခေါ်ထာရ်ဘက်က စစ်ရှောင်တွေက ကိစ္စတော်တော်များများမှာ ကျွန်တော်တို့ဘက်ကို လာပြီးမှ စျေးဝယ်တာတွေ၊ လူမှုရေးအရ မှီခိုတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ဆောင်ခြင်းအားဖြင့် အဲဒါလေးတွေ နည်းလာနိုင်တယ်၊ အခက်အခဲတွေ ရှိလာနိုင်တယ်”
ဖြတ်သန်းသွားလာခွင့် တင်းကျပ်လိုက်တာကြောင့် ကျောင်းသားငါးရာကျော် အခက်အခဲတွေ့နိုင်တယ်လို့ The Times of India သတင်းမှာ ဇန်နဝါရီ ၄ ရက်နေ့က ဖော်ပြပါတယ်။
နယ်စပ်ဂိတ်မှာ မီဇိုရမ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဝန်ထမ်းနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့က စောင့်ကြည့်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ စည်းမျဉ်းမလိုက်နာသူတွေကို တည်ဆဲဥပဒေအရ အရေးယူနိုင်သလို နယ်စပ် ဖြတ်ကျော်ခွင့်ပေးမှာ မဟုတ်ဘူးလို့လည်း ကျန်ဖိုင်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက အသိပေးထားပါတယ်။
အခုတော့ တရားဝင် နယ်စပ်ဂိတ်ပိတ်ထားတာကြောင့် တရားမဝင် ခြံစည်းရိုးထွက်ပေါက်တွေကနေ ဝင်ထွက်သွားလာနေကြရတယ်လို့ တမူးမြို့နယ်က နယ်စပ် ဒေသခံတစ်ယောက်က ပြောပါတယ်။
“သူတို့ပိတ်နိုင်တာက တရားဝင် Boarder ဂိတ်ပဲ ပိတ်နိုင်တာ။ ကျန်တဲ့ဟာကတော့ လောလောဆယ် ခြံစည်းရိုးကာထားတာ မရှိသေးတဲ့အတွက် ဝင်ရထွက်ရတာကတော့ အတိုင်းတာတစ်ခုအထိ ရသေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ အနှောက်အယှက်တော့ ဖြစ်တာပေါ့နော်။ အခက်အခဲတစ်ခုတော့ ဖြစ်တာပေါ့”
နယ်စပ်ဖြတ်ကျော်ခွင့်တင်းကျပ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီသတင်းထုတ်ပြန်တဲ့အထိ အကြောင်းပြန်စာရောက်မလာပါဘူး။
ဒေသခံတွေကတော့ အရင်လို ပြန်ပြီးသွားလာခွင့်ရနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့တို့ ထိစပ်နေတဲ့နယ်စပ်မှာ ခြောက်မိုင်နီးပါးရှည်တဲ့ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ပြီးစီးခဲ့ပြီလို့ အိန္ဒိယသတင်းတွေမှာ ဇန်နဝါရီ ၂ ရက်က ဖော်ပြပါတယ်။