အိန္ဒိယနယ်စပ်ခြံစည်းရိုးကြောင့် ဒေသခံတွေ အခက်ကြုံ
2024.09.27

မြန်မာနယ်စပ်မှာ အိန္ဒိယအစိုးရက ခြံစည်းရိုးကာနေပြီး ကီလိုမီတာ သုံးဆယ်လောက် ပြီးသွားပြီလို့ ဗဟိုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) က ပြီးခဲ့တဲ့သတင်းပတ်မှာ ပြောလိုက်ပါတယ်။
မဏိပူရ်ပြည်နယ်နဲ့ တမူးမြို့နယ် ထိစပ်နေတဲ့နေရာကို အိန္ဒိယဘက်က နယ်စပ်ခြံစည်းရိုး ခတ်နေတာပါ။ တမူး-မိုးရေး နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ၂၀၂၁ ခုနှစ်ကတည်းက ပိတ်ထားလို့ နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်နေပါတယ်။ အဲဒါကြောင့် ဒေသခံတွေဟာ လိုအပ်တဲ့ကုန်စည်ကို တရားဝင်နယ်စပ်ဂိတ်ကမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တစ်နိုင်တစ်ပိုင် သယ်ယူပို့ဆောင်နေကြတာလည်း ရှိပါတယ်။
အခုတော့ စစ်ကောင်စီကလည်း ပြည်မဘက်ကလမ်းတွေ ပိတ်ထားတဲ့အတွက် ခြံစည်းရိုးအကုန်ခတ်ပြီးသွားရင် အိန္ဒိယဘက်က ကုန်စည်နဲ့ ဆေးဝါးတွေရဖို့ ခက်သွားနိုင်တယ်လို့ ချင်းနိုင်ငံရေးလေ့လာသူ အာရ်လက်ခါ (R. Lakher) က ပြောပါတယ်။
"ကုန်ဈေးနှုန်းက အဆမတန်မြင့်သွားပြီ၊ ဆိုတော့ ကုန်ဈေးနှုန်းတွေ၊ ဆေးဝါးကုသမှုတွေကအစ အကုန်လုံးနီးပါး အခြေခံလိုအပ်တဲ့ ကုန်ပစ္စည်းတွေအားလုံးကို အိန္ဒိယဘက်ကနေ ယူရတာဖြစ်တယ်။ ဒီခြံစည်းရိုးကာမယ်ဆိုရင် ဒီဘက်ခြမ်းက ပြည်သူတွေက တော်တော်လေးကို ဒုက္ခရောက်နိုင်ပါတယ်"
၂၀၂၂ ခုနှစ် ဇွန်လစတင်ပြီး ၂၀၂၄ နှစ်စပိုင်းအထိ နယ်စပ်မှတ်တိုင် အမှတ် (၇၉) ကနေ (၈၀) ကြား မဏိပူရ်ဘက်က ခြံစည်းရိုးကာထားပြီး လက်ရှိတော့ နယ်စပ်မှတ်တိုင် (၈၀) ကနေ (၈၁) ကြားမှာ စည်းရိုးဆက်ကာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဆေးဝါးကုသမှုတွေကအစ အကုန်လုံးနီးပါး အခြေခံလိုအပ်တဲ့ ကုန်ပစ္စည်းတွေအားလုံးကို အိန္ဒိယဘက်ကနေ ယူရတာဖြစ်တယ်"
အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက် ခြံစည်းရိုးတည်ဆောက်ဖို့အတွက် ရူပီးငွေ ကုဋေ ၃၁,၀၀၀ ထိသုံးဖို့ ဗဟိုအစိုးရက ခွင့်ပြုထားတယ်လို့ ပြည်ထဲရေးဝန်ကြီး အမစ်ရှားက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပြောတဲ့အကြောင်း အိန္ဒိယအခြေစိုက် The Economic Times က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဟာ မဏိပူရ်ပြည်နယ်နဲ့ ၃၉၈ ကီလိုမီတာ၊ အာရန်နာချယ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ ထိစပ်နေပါတယ်။
ဆက်နွှယ်သောသတင်းများ
အိန္ဒိယက မြန်မာနယ်စပ်ဂိတ်တံတားကို ပိတ်ထားမှုကြောင့် ဒေသခံတွေ အခက်တွေ့နေ
စစ်ကောင်စီကို ပံ့ပိုးမှုရပ်တန့်ဖို့ အိန္ဒိယအစိုးရကို India For Myanmar အဖွဲ့ တောင်းဆို
မြန်မာ့အရေး အိန္ဒိယချဥ်းကပ်မှုပုံစံ ပြောင်းလာကြောင်း လေ့လာသူတွေပြော
အခုတော့ ဒေသခံတွေဟာ နှစ်နိုင်ငံကူးသန်းဖို့ ခြံစည်းရိုး မကာရသေးတဲ့နေရာတွေကနေ သွားလာနေရတာကြောင့် စရိတ်ပိုကုန်ကျနေပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ခြံစည်းရိုးမရှိတဲ့ဘက်ကနေ ၇၆ ဘက်က၀င်ရတယ်၊ ကားခတွေကုန်တယ်။ ၈၁ မှာကာမယ်ဆိုရင် ဟိုဘက်ဒီဘက် တိုင်းရင်းသားတွေကလည်း အမျိုးတွေပါပဲ၊ သွားလာရေးခက်ခဲမယ်။ စီးပွားရေးဆိုတာ စား၀တ်နေရေးအဆင့်ပေါ့ဗျာ၊ အဲဒါတွေ ခက်ခဲလာမယ်ထင်တယ်"
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် မြန်မာဘက်ကနေ မဏိပူရ်ဘက်ကိုသွားပြီး ခိုလှုံနေရတဲ့စစ်ဘေးဒုက္ခသည်တွေ များလာပါတယ်။ ဒါကြောင့် အခုလို ခြံစည်းရိုးခတ်ဖို့ မဏိပူရ်အစိုးရက လုပ်နေတာလို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့သူတွေက ပြောပါတယ်။
ခြံစည်းရိုးကာတဲ့အတွက် မြန်မာပြည်သူတွေအတွက်သာမကပဲ မဏိပူရ်ဘက်မှာနေတဲ့ အိန္ဒိယပြည်သူတွေကိုပါ သက်ရောက်မှုရှိလာလိမ့်မယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"မြန်မာပြည်ဘက်ကလူတွေအတွက် ခက်ခဲတာတင်မကဘူး၊ အိန္ဒိယနိုင်ငံသားတွေအတွက်လည်း ခက်ခဲတယ်။ ဘာကြောင့်လဲဆိုရင် နယ်စပ်မှာက ဟိုဘက်ဒီဘက် ကူးလူးဆက်ဆံတဲ့ ဓလေ့က ဘိုးဘွားစဉ်ဆက်ရှိလာခဲ့တဲ့ဓလေ့က ဒီဟာကို ပိတ်လိုက်မယ်ဆိုရင် အတော်လေးကို ဒုက္ခရောက်နိုင်တယ်"
အိန္ဒိယ-မြန်မာ စောင့်ကြည့်လေ့လာရေးအဖွဲ့ တည်ထောင်သူ ဆလိုင်းဒိုခါရ်ကတော့ မြန်မာဘက်ခြမ်းက နယ်မြေတွေဟာ တော်လှန်ရေးအင်အားစု ထိန်းချုပ်ထားတာကြောင့် ခြံစည်းရိုးခတ်တာကို မဏိပူရ်အစိုးရက အခုလိုမြန်မြန်ဆန်ဆန် လုပ်နေတာလို့ သုံးသပ်ပါတယ်။
"တော်လှန်ရေးအင်အားစုတွေအများစုက အိန္ဒိယနယ်စပ်ဘက်ကို ထိန်းချုပ်ထားတဲ့အနေအထားဖြစ်တဲ့ အခါကျတော့ တော်လှန်ရေးအင်အားစုတွေနဲ့ မဖြစ်မနေဆက်ဆံရမဲ့ အနေအထား ရောက်နေပြီမို့လို့ အိန္ဒိယအစိုးရက ဒါကို မလိုလားတဲ့ပုံ ဖော်ပြတယ်လို့ ကျွန်တော်တို့ ဆိုလို့ရတယ်"
ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်မြို့က အိန္ဒိယသံရုံးနဲ့ နယူးဒေလီက မြန်မာသံရုံးတို့ကို RFA က အီးမေးလ်ကတစ်ဆင့် မေးမြန်းထားပေမဲ့ အကြောင်းမပြန်ပါဘူး။
မြန်မာနိုင်ငံထိစပ်နေတဲ့ မီဇိုရမ်နဲ့ နာဂလဲန်းပြည်နယ်တွေကတော့ နယ်စပ်ခြံစည်းရိုးခတ်တာကို ကန့်ကွက်နေကြပါတယ်။