ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ထားပေမဲ့ တရုတ်ဘက်က ကုန်သွယ်မှုမရှိသေး
2025.01.24
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေ နှစ်ဖက်ပြန်ဖွင့်ထားတာ တစ်လကျော်လာပေမဲ့ အရင်လို အပြန်အလှန်ကုန်သွယ်မှုတွေ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ အောက်တိုဘာလ ၁၉ ရက်နေ့ကစပြီး ကချင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ် အားလုံးကို တရုတ်ဘက်က ပိတ်ထားရာကနေ KIA နဲ့ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် (CPPCC) တို့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ တွေ့ဆုံပြီးနောက် ဒီဇင်ဘာ ၁၃ ရက်နေ့က နှစ်ဖက်ပြန်ဖွင့်ခဲ့တာဖြစ်ပါတယ်။
“အခုလောလောဆယ်က ကုန်ပိုက်တီ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ဝင်တာမရှိသေးဘူး"
နယ်စပ်ဂိတ်တွေပြန်ဖွင့်တာ တစ်လကျော်လာပေမဲ့ တရုတ်နိုင်ငံသားတွေ ရင်းနှီးမြှုပ်နှံထားတဲ့ ကြံ၊ တစ်သျှူးငှက်ပျောနဲ့ ဖရဲတွေပဲ တရုတ်ဘက်ကို သယ်ယူတာကလွဲပြီး မြန်မာဘက်က ကုန်ပစ္စည်းရော၊ တရုတ်ဘက်ကပစ္စည်းပါ တစ်ခုမှပို့တာမရှိဘူးလို့ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောပါတယ်။
“အဓိက သူ့စီးပွားရေး ကြံနဲ့ ငှက်ပျောတွေပဲ ဝင်တာပါ။ တစ်ဖက်သတ်ကြီး ဖွင့်သလိုဖြစ်နေတာ။ သူ့ဆီက ထုတ်ကုန်က ဘာတစ်ခုမှ မလာဘူး။ မြန်မာကားတွေ ဝင်သွားပြီဆိုလည်း ဆီက တစ်ပီပါလား၊ နှစ်ပီပါလား အဲလောက်ပဲ ထည့်ပေးတာ။ အပိုအလျှံတောင် မထည့်ပေးဘူး။ သူ့လူပဲသူပြန်ကြည့်တဲ့ သဘောပေါ့”
လွယ်ဂျယ်ကနေ တရုတ်ဘက်ကို တစ်ရက်မှာ ကုန်ကားအစီး ၅၀ လောက် ပုံမှန်ဝင်နေတာလို့ ပြောပါတယ်။ အများပိုင်းက တရုတ်ပြည်ကကားတွေ မြန်မာပြည်ကခြံတွေအထိ လာပြီးသယ်တဲ့အတွက်ကြောင့် ကုန်ကားလုပ်ငန်းရှင်တွေလည်း အလုပ်လက်မဲ့တွေဖြစ်နေတယ်လို့ ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
တရုတ်က ပိတ်ထားတဲ့ နယ်စပ်ဂိတ်တွေကို KIA ပြန်ပိတ်
KIO နဲ့ တရုတ်အာဏာပိုင် တွေ့ဆုံပြီးတဲ့နောက် နယ်စပ်ဂိတ်တချို့ ပြန်ဖွင့်
တရုတ်နိုင်ငံကို မြန်မာက မြေရှားသတ္တုတင်ပို့မှု စံချိန်တင် လျော့ကျ
ကချင်ပြည်နယ် မံစီမြို့နယ်၊ ရွှေကူ၊ ဝိုင်းမော် စတဲ့မြို့နယ်တွေမှာ တရုတ်လုပ်ငန်းရှင်တွေက တစ်သျှူးငှက်ပျော၊ ဖရဲတွေ အဓိက စိုက်ပျိုးထားကြပါတယ်။ လွယ်ဂျယ်နဲ့ မိုင်ဂျာယန်မှာလည်း တရုတ်လုပ်ငန်းရှင်တွေက အရင်းထုတ်ပေးထားတဲ့ တရုတ်ပြည် သကြားစက်ရုံတွေအတွက် အရေးပါတဲ့ ကြံခင်းတွေရှိပါတယ်။
တရုတ်နယ်စပ်ဂိတ်တွေ ပိတ်ထားတာကြာလာတော့ ကုန်စျေးနှုန်းတွေကြီးနေပြီး မိုင်ဂျာယန် ဒေသခံ တစ်ဦးက ပြောပါတယ်။
“ဒီလိုင်ဇာနဲ့ မိုင်ဂျာယန်ဘက်မှာတော့ ဂိတ်ပိတ်ထားတာ ကြာပြီဆိုတော့။ တရုတ်ကုန်ပစ္စည်းတွေက ပြတ်သလောက်ဖြစ်နေပြီ။ ဂိတ်ပိတ်ထားတာကြာပြီဆိုတော့ လူအဝင်အထွက်လည်း မရှိဘူး။ တရုတ်ဘက်က ကုန်စည်စီးဆင်းမှု လုံးဝမရှိဘဲ ဖြစ်သွားပြီဆိုတော့ စက်သုံးဆီနဲ့ အခြားကုန်ပစ္စည်းတွေကတော့ ပြည်မဘက်ကနေပဲ ဝင်လာတာကိုပဲ အားကိုးနေရတော့ ဒီဘက်မှာကုန်ပစ္စည်းက အရင်ထက်နှစ်ဆ၊ သုံးဆလောက် ပေးပြီးဝယ်နေရတယ်”
ဆိုင်ကယ်တစ်စီး ဆီအပြည့်ထည့်နိုင်ဖို့ ကျပ်လေးသောင်းလောက်ထိ ပေးဝယ်နေရတယ်လို့ ပြောပါတယ်။
အရင်က ကုန်ကားရာချီ နေ့တိုင်းအဝင်အထွက်ရှိနေတဲ့ ကန်ပိုက်တီဂိတ်ကတစ်ဆင့် ငှက်ပျောကား အစီး ၃၀ ဝန်းကျင်နေ့တိုင်း တရုတ်ဘက်ကို ဝင်တာကလွဲပြီး ကျန်တဲ့ကုန်သွယ်မှု မရှိဘူးလို့ ကန်ပိုင်တီ ဒေသခံ တစ်ဦးက ပြောပါတယ်။
“အခုလောလောဆယ်က ကုန်ပိုက်တီ နယ်စပ်ဂိတ်ကနေ တရုတ်ဘက်က ကုန်ဝင်တာမရှိသေးဘူး။ ရှိတဲ့ဟာတော့ ဘာရှိလဲဆိုရင် အဲငှက်ပျောကုမ္ပဏီတွေက သူတို့ ကုမ္ပဏီနာမည်နဲ့ ကုန်ပစ္စည်းတချို့က ဟိုဘက် ငှက်ပျောခင်းဘက်ကို ယူသွားတဲ့ ကုန်ပစ္စည်းတချို့တော့ဝင်တယ်။ မြို့ထဲမှာကိုက တရုတ်က ပစ္စည်းတော့ ဘာမှမဝင်ဘူး။ မြန်မာပြည်ဘက်က ငှက်ပျောကားတွေကတော့ တရုတ်ပြည်ကို တောက်လျှောက်ဝင်နေတယ်”
ပန်ဝါနယ်စပ်ဂိတ်မှာလည်း မြေရှားသတ္တုတူးတဲ့နေရာမှာ အသုံးလိုတဲ့ ဓာတုပစ္စည်းတွေ ဝင်တာမရှိတဲ့အတွက် မြေရှားတူးဖော်မှုတွေလည်း ရပ်နားထားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ပန်ဝါမှာလည်း ဘာမှမဝင်ဘူး။ မြေရှားကလည်း အခုက အပုံတစ်ရာကနေ ရှစ်ဆယ်ရာခိုင်နှုန်းကတော့ ရပ်သွားပြီပေါ့။ အခုက အများပိုင်းရပ်နားသွားကြပြီ။ မြေရှားတွေလည်း ပို့လို့မရတဲ့အခြေအနေ ဟုတ်တယ်။ ပို့မရတော့ တရုတ်တွေလည်း ဒီမှာပဲ ပုံထားကြတယ်”
နှစ်နိုင်ငံကုန်သွယ်ရေးကို စစ်ကောင်စီနဲ့ ညှိမယ်လို့ တရုတ်က ပြောတာကြာထားတဲ့အကြောင်း KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
“ဖွင့်တော့ ဖွင့်ထားတယ် လူဝင်လူထွက်တော့ မရှိဘူး။ ကုန်စည်စီးဆင်းမှုလည်း မရှိဘူး။ တရုတ်အစိုးရကနေ ကျွန်တော်တို့ကို ဘာမှအကြောင်းကြားတာ မရှိဘူး။ အဲနေ့မှာ ဆွေးနွေးတဲ့နေ့မှာကတော့ ခင်ဗျားတို့ KIA/KIO ဘက်က ပိတ်ထားတာလည်း ဖွင့်ပါလို့ပြောတယ်။ အဲဒါပဲ အဓိကပါပဲ။ တကယ့်တရားဝင် ကုန်သွယ်ရေး ဂိတ်တွေကတော့ သူတို့ ပြောတာပေါ့၊ မင်းအောင်လှိုင် အစိုးရနဲ့ညှိမယ်လို့ ပြောတာကြားတယ်။ ဒါပေမဲ့ အခုထိတော့ ဘာမှပြောင်းလဲမှုမရှိဘူး”
နယ်စပ်ဂိတ်တွေ တရားဝင်ပြန်ဖွင့်နိုင်ဖို့ တရုတ်က စစ်ကောင်စီရဲ့ မျက်နှာ ထောက်ထားနေတာဖြစ်မယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။
“အဲဒါက ဒီလိုလေ ဗမာပြည်ဘက်ကပဲ ဖွင့်တာဗျ။ တရုတ်က မဖွင့်တာက ဒီလို။ တရုတ်က အစကတည်းက ပြောလိုက်တယ်တဲ့ KIA က ခေါင်းဆောင်တွေကို ကျွန်တော်တို့ နေပြည်တော်ကိုလည်း လှမ်းပြီးခွင့်တောင်းရမယ်လို့ ပြောတယ်တဲ့။ အဲတော့ တရုတ်ဘက်လည်း နည်းနည်းထောက်ထောက်ထားထား ဆင်ဆင်ခြင်ခြင် လုပ်နေတယ်ထင်တယ်။ စစ်ကောင်စီမျက်နှာကိုထောက်ပြီး လုပ်ပေးနေတာထင်တယ် ကြည့်ရတာ”
နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေဟာ အစိုးရတွေရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိရမှာဖြစ်ပြီး အပြည့်အဝစီမံခန့်ခွဲနိုင်ဖို့ကိုလည်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြောတဲ့အကြောင်း နိုဝင်ဘာ ၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ အဓိကကုန်သွယ်ရေး ဂိတ်ကြီးနှစ်ခုဖြစ်တဲ့ ကန်ပိုက်တီ (ကံပိုင်တည်) နဲ့ လွယ်ဂျယ် အပါအဝင် ကချင်ပြည်နယ်က တရုတ်-မြန်မာ နယ်စပ်ဂိတ် ၁၁ ခုလုံးကို KIA က ထိန်းချုပ်ထားတာပါ။
စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ စာရင်းတွေအရ ၂၀၂၃ ခုနှစ် ဧပြီကနေ ၂၀၂၄ ခုနှစ် မတ်အထိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းကနေ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၈ သန်းကျော်ရှိပြီး ကန်ပိုက်တီကတော့ ဒေါ်လာ ၂၀၈ သန်းကျော်ဖိုးရှိတယ်လို့ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်က မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့နယ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက် တရုတ်နိုင်ငံကို မြေရှားသတ္တုတင်ပို့တဲ့ ပမာဏ ၈၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန (China Custom) ရဲ့ နိုဝင်ဘာလအထိ ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
တိုက်ပွဲတွေမဖြစ်ခင် စက်တင်ဘာလမှာ မြေရှားသတ္တု တန်ချိန် ၄၂၀၀ ပို့ခဲ့ပေမဲ့ နိုဝင်ဘာလမှာတော့ ၇၅၅ တန်ပဲ တင်ပို့ခဲ့တာပါ။ ဒါကြောင့် တိုက်ပွဲမဖြစ်ခင်ကထက် စံချိန်တင်လျော့နည်းခဲ့တာဖြစ်ပါတယ်။