ကချင်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ

RFA Burmese
2024.08.06
ကချင်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေ ဆွမ်ပရာဘွမ်မြို့ရှိ ခလရ-၄၆ စခန်းကို ၂၀၂၄ ခုနှစ် မေလ ၅ ရက်နေ့က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ သိမ်းပိုက်ပြီး အလံလွှင့်ထူနေစဉ်။
Kachin New Group

၂၀၂၄ နှစ်ဆန်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့မှာ တိုက်ပွဲတွေ ရပ်တန့်သွားတဲ့ ကချင်ပြည်နယ်ဟာ တစ်လအကြာ ဇူလိုင် ၂၄ ရက်နေ့မှာတော့ မြစ်ကြီးနား၊ မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်ပေါင်း ၁၈ ခု၊ လူဦးရေ တစ်သန်းကျော်နေထိုင်တဲ့ ကချင်ပြည်နယ်မှာ ဇူလိုင် ၂၁ ရက်နေ့ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးတွေအားလုံး ပြတ်တောက်နေတာကြောင့် ဒေသခံတွေအတွက် စိုးရိမ်နေကြပါတယ်။

ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတဲ့ မိသားစုဝင်တစ်ဦးက မြစ်ကြီးနားမြို့မှာကျန်ခဲ့တဲ့ သူ့မိသားစုအတွက် စိုးရိမ်နေပါတယ်။

“တော်တော်တော့ စိုးရိမ်တာပေါ့နော် အိမ်မှာ မိသားစုလည်းရှိနေတဲ့ အချိန်ကျတော့ မိသားစုနဲ့ အဆက်အသွယ်ရဖို့ တော်တော်တော့ ခက်ခဲသွားတယ်။ ပြီးတော့ နောက်ထပ် ဘာဖြစ်နေတာလဲ၊ ဘယ်လို ကြုံတွေ့နေကြတာလဲ ကိုယ်က ဘာသတင်းမှ မကြားရတော့ တော်တော်လေးကို စိုးရိမ်တာပေါ့နော်”

အခုလို ဆက်သွယ်ရေးတွေ ပြတ်တောက်နေချိန်မှာ အရင်က စစ်ကောင်စီတပ်စခန်းတွေမရှိတဲ့ မြစ်ကြီးနားမြို့တွင်း ဆယ်မိုင်ကျေးရွာဘက်က စာသင်ကျောင်းတွေနဲ့ ဂျော်ဘွမ်ဆုတောင်းတောင်တွေမှာ စစ်ကောင်စီက တပ်စွဲလာပြီး လက်နက်ကြီး တပ်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"၄၃၇ ဘက်မှာ တိုက်ပွဲက လေကြောင်းကအစ မြေပြင်ရော၊ လေကြောင်းရော၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေက အစ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်"

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ကျော့ပြန် ၁ဝ၂၇ စစ်ဆင်ရေး ပြန်လည်စတင်ချိန်မှာ စစ်ရေးအရှိန်လျော့သွားပြီး ဇူလိုင်လကုန်ပိုင်းကစပြီး ကချင်ပြည်နယ်မှာ တိုက်ပွဲပြန်လည်ပြင်းထန်လာတာဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရှမ်းမြောက်ဘက်က ၁၀၂၇ ဒုတိယ စစ်ဆင်ရေး ပြန်စတင်ပြီးတဲ့နောက်မှာ ဒီကချင်ပြည်မှာ စစ်ရေးငြိမ်သွားတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့မှာတော့ မိုးမောက်မှာ နောက်ဆုံးကျတဲ့ ခမရ ၄၃၇ ပေါ့နော် အဲဒါကို နောက်ထပ်တစ်ကြိမ်ပြန်ပြီး ထိုးစစ်ဆင်တာပေါ့နော်။ အဲကနေ ပြန်စဖြစ်နေတာဟုတ်တယ်။ ပြီးလို့ရှိရင် ဗန်းမော်တက္ကသိုလ်နောက်ဘက်ခြမ်းပေါ့နော် အဲမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ နောက်တစ်ခုက ဗန်းမော် မံစီလမ်းပေါ် ကောင်ဂျာယန်ဘက်မှာလည်းတိုက်ပွဲတွေဖြစ်နေတယ်”

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဦးမယ်လို့ ပြောပါတယ်။

“မိုးမောက်ဘက်က စစ်ရေးအခြေအနေကတော့ အခုလောလောဆယ်လည်း တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်း ဖြစ်ပါတယ်။ ၄၃၇ ဘက်မှာ တိုက်ပွဲက လေကြောင်းကအစ မြေပြင်ရော၊ လေကြောင်းရော၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေက အစ တိုက်ပွဲကတော့ ပြင်းပြင်းထန်ထန် ဖြစ်နေပါတယ်။ မံစီဘက်မှာလည်း နည်းနည်းပါးပါးတော့ရှိတယ်။ အတိအကျပြောဖို့တော့ ခက်မယ်။ ဒါပေမဲ့ တိုက်ပွဲတွေကတော့ ဆက်ဖြစ်မှာပါ”

လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် စစ်ကောင်စီက ကချင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဒီနှစ်ဆန်းပိုင်းကစလို့ စပြီး ကချင်ပြည်နယ်အတွင်း ဒေါ့ဖုန်းယန်၊ မြို့သစ်၊ လွယ်ဂျယ်၊ မြို့လှ၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်နဲ့ ဆဒုံးမြို့ စတဲ့ မြို့ ရှစ်မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းပေါင်း တစ်ရာကျော်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည့် KIA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ခဲ့သည့် KIA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

နယ်မြေအတော်များများ လက်လွှတ်ထားရတဲ့ စစ်ကောင်စီက သူ့ရဲ့ စစ်ရေးပြင်ဆင်မှုတွေ လုံခြုံရေး မကျိုးပေါက် အောင် ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာလို့ ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်က သုံးသပ်ပါတယ်။

“စစ်ကောင်စီအနေနဲ့လည်း အခုအချိန်မှာ ခံစစ်ကို အပြင်းအထန် ပြင်ဆင်နေတဲ့ အနေအထားဖြစ်တယ်။ ဒါကြောင့်မို့လို့ သူရဲ့ခံစစ်စည်းတွေကို မကျိုးပေါက်အောင် အင်တာနက်ဖြတ်တောက်တာတွေ ဘာတွေကို အကုန်လုံးကို သူ အခုချိန်ထိ ဆက်တိုက်လုပ်ဆောင်နေတဲ့အနေအထားတွေရှိနေတယ်”

လတ်တလော မြစ်ကြီးနားမြို့ပေါ်မှာ စစ်ရေးတင်းမာနေတာကြောင့် ဒေသခံတွေကတော့ စစ်ဘေးရှောင်ဖို့ ကြိုတင်ပြင်ဆင်နေကြပါတယ်။


ဆက်နွှယ်သောသတင်းများ

မြစ်ဆုံအထက်က စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

ကချင်ပြည်သူ့စစ်က တစ်အိမ်တစ်ယောက် ရှေ့တန်းထွက်ဖို့ အမိန့်ထုတ်

ကချင်တစ်ပြည်နယ်လုံး ဖုန်းနဲ့ အင်တာနက် ပြတ်တောက်နေ


မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက် တီယန်ဇွပ်ကျေးရွာနဲ့ အင်ဆွပ်ဇွပ် ကျေးရွာတွေမှာရှိတဲ့ စစ်ကောင်စီတပ် စခန်း လေးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဒီလဆန်းမှာပဲ သိမ်းယူခဲ့ပါတယ်။

ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ်က ဆဒုံးဗျူဟာကုန်းနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဇွန်လ ၁၁ ရက်ကစလို့ တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ပြီး စခန်း ပေါင်း ဆယ်ခုကျော်ကို သိမ်းယူထားတာပါ။

အခုနှစ်တိုက်ပွဲအတွင်း ဝိုင်းမော်- ဗန်းမော်လမ်းအပါအဝင်၊ စီးပွားရေးအရ အရေးပါတဲ့ မိုးမောက် - လွယ်ဂျယ်လမ်း၊ ကျောက်စိမ်းမြေ ဖားကန့်အဝင်လမ်း၊ မြေရှားထွက်တဲ့ ချီဖွေမြို့နယ်ဆီသွားတဲ့လမ်းနဲ့ ဝိုင်းမော် - ကန်ပိုက်တီ နယ်စပ်မြို့ လမ်းပိုင်းတွေကို KIA က ထိန်းချုပ်ထားပါတယ်။

ကချင်နိုင်ငံရေး သုတေသီတစ်ဦးဖြစ်တဲ့ ကိုရှဘတ်ကတော့ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေက မြို့ကြီးတွေကို ဦးတည်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကချင်ပြည်နယ်ရဲ့နယ် တော်တော်များများမှာ စစ်ကောင်စီရဲ့ အာဏာသက်ရောက်မှု ထိန်းချုပ်မှုက မရှိသလောက်ဖြစ်သွားပြီ ဆိုတော့ အခုတစ်ဖန် ပြန်ဖြစ်လာတဲ့ စစ်ပွဲတွေက ကချင်ပြည်နယ်ရဲ့ မြို့ကြီးတွေ ဖြစ်တဲ့ အထူးသဖြင့် ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်းမော်၊ မိုးမောက်၊ ဖားကန့်တို့မှာက အဓိက စစ်ပွဲတွေပိုပြီး ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်”

ကချင်ပြည်နယ်က အခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ တိုက်ပွဲပြင်းထန်ခဲ့တဲ့ အခုနှစ် ခုနစ်လအတွင်း လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေကြောင့် ကချင်ပြည်သူ ကိုးဆယ်နီးပါး သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။