မြစ်ဆုံအထက်က စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA သိမ်းပိုက်

RFA Burmese
2024.08.03
မြစ်ဆုံအထက်က စစ်ကောင်စီ တပ်စခန်းတစ်ခုကို KIA သိမ်းပိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များအား ရှေ့တန်းတစ်နေရာတွင် တွေ့ရစဥ်။
Kachin News Group

မြစ်ကြီးနားမြို့နယ် မေခ၊ မလိခ မြစ်ဆုံအထက်ဘက်မှာရှိတဲ့ အင်ဆွပ်ဇွပ်ရွာက စစ်ကောင်စီ တပ်စခန်းကို ဩဂုတ်လ ၃ ရက် ဒီနေ့မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေက သိမ်းယူခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက RFA ကို ပြောပါတယ်။

“အင်ဆွပ်ဇွပ်ကျေးရွာက တပ်ကို မနေ့ညပိုင်းကစပြီး ပစ်တာ။ ဒီနေ့အစောပိုင်းက ရှင်းလင်းရေးဝင်တော့ သူတို့မရှိတော့ဘူး။ ထွက်ပြေးသွားကြပြီ။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို လိုက်လံပြီး ရှာဖွေနေပါတယ်”

အင်ဆွပ်ဇွပ်ရွာက တပ်စခန်းမှာ စစ်ကောင်စီရဲ့ ခလရ - ၅၈ တပ်ရင်းက အင်အား သုံးဆယ်ခန့်နဲ့ အထိုင်ချထားပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်း လမ်းပေါ်က အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သူက ဆိုပါတယ်။

သြဂုတ်လ ၂ ရက် မနေ့ကလည်း အင်ဆွပ်ဇွပ်ရွာ အထက်ဘက်မှာရှိတဲ့ တီယန်ဇွပ်ရွာက စစ်ကောင်စီ တပ်စခန်းသုံးခုကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ဒါကြောင့် မြစ်ဆုံအထက်ပိုင်းကနေ ဆွမ်ပရာဘွမ်မြို့အထိ သွားရောက်နိုင်တဲ့ ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ မရှိတော့ဘဲ KIA နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်သူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်က မြို့တချို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်း တစ်ရာကျော်ကို KIA က သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။