လားရှိုးထောင်ကလွတ်တဲ့သူတွေထဲ ကိုဖြိုးဇေယျာသော်ရဲ့ အမှုတွဲလည်းပါ

RFA Burmese
2024.09.21
လားရှိုးထောင်ကလွတ်တဲ့သူတွေထဲ ကိုဖြိုးဇေယျာသော်ရဲ့ အမှုတွဲလည်းပါ MNDAA က လားရှိုးအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် တအာင်းလူမျိုး ၁၁၈ ဦးအား လွှဲပြောင်းပေးခဲ့သည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့က TNLA က ထုတ်ပြန်ထားစဉ်။
PSLF/TNLA News

MNDAA ကိုးကန့်တပ်မတော် တိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ လားရှိုးမြို့မှာ အကျဉ်းထောင်ကို ဝင်စီးပြီး လွတ်လာတဲ့သူတွေထဲမှာ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန် ပါခဲ့သလို၊ စစ်ကောင်စီကြိုးပေးလိုက်တဲ့ ကိုဖြိုးဇေယျာသော်နဲ့ ဆက်စပ်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံ ထားရတဲ့သူတချို့လည်း ပါလာပါတယ်။

အဲဒီလူတွေထဲက မရှင်း ဆိုတဲ့ အမျိုးသမီးက ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ အဖမ်းခံခဲ့ရတာပါ။

"ဂရုထဲမှာလည်း ဒလန်ကရှိတယ်။ သေနတ်နဲ့ ကျွန်မတို့ဆီက ကီးပက်နဲ့ လဲချင်လို့ဆိုပြီးတော့ ချိန်းချက်ပြီးတော့မှ ထွက်ယူတာ။ ယူတဲ့အချိန်မှာ ကျွန်မနဲ့ ကျွန်မကလေးတစ်ယောက်ရှိတယ်၊ ထွက်ယူတာ။ ထွက်ယူရင်းနဲ့ အဲဒီကလေးတစ်ယောက်က အရင် အဖမ်းခံရပြီးတော့ ကျွန်မက တစ်နာရီခွဲလောက်မှာ အဖမ်းခံရတယ်"

မရှင်းဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြစ်ဒဏ်ချမှတ်ခံရပါတယ်။

"၅၀၅ ရော၊ ၅၀(ဈ) ရောပေါ့နော့်။ သူက နှစ်ခုကိုပေါင်းပြီးတော့ ထောင်တစ်သက် ဆိုပြီးတော့ ချလိုက်တာရှင့်"

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ လားရှိုးထောင်ကို အပို့ခံလိုက်ရပါတယ်။ တကယ်တော့ သူက ကိုဖြိုးဇေယျာသော်နဲ့ လူချင်းမသိခဲ့သလို အလုပ်တွဲလုပ်ခဲ့တာလည်းမဟုတ်ဘဲ အကျဉ်းထောင်ထဲရောက်မှ အမှုတွဲဖြစ်နေတာကို သိလိုက်ရတာလို့ မရှင်းက ပြောပါတယ်။

"ကျွန်မတို့နဲ့ကျတော့ တိုက်ရိုက် ကိုဖြိုးဇေယျာသော်တို့နဲ့ မပတ်သက်ဘူးရှင့်၊ မသိဘူးပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့ ထောင်ထဲရောက်သွားတော့မှ ကိုယ့်ရဲ့အမှုတွဲတွေက အများကြီးပတ်ချာလည်နေတာကို တွေ့ရတယ်။ နင်ကဘယ်လိုအမှုနဲ့ နင်ကဘယ်လိုအမှုဆိုပြီး စကားတွေ ဆက်မိဆက်ရာကနေမှ သိရတာ ကျွန်မတို့က ကိုဖြိုးဇေယျာသော်ရဲ့ အမှုတွဲအောက်ကနေ ဖြစ်သွားတာရှင့်”

၂၀၂၁ ခုနှစ်မှာ ရန်ကုန်တိုင်းအတွင်း လက်နက်နဲ့ ဆက်စပ်ဖမ်းမိသူတိုင်းကို စစ်ကောင်စီက ကိုဖြိုးဇေယျာသော် အမှုအောက်ကိုထည့်ပြီး သေဒဏ်၊ ထောင်တစ်သက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချတာမျိုး လုပ်လေ့ရှိတယ်လို့ သူက ပြောပါတယ်။

လားရှိုးအကျဉ်းထောင်ကို အပို့ခံရတဲ့သူတွေထဲမှာ ကိုဖြိုးဇေယျာသော်အမှုတွဲဆိုပြီး မရှင်းနဲ့အတူ ထောင်တစ်သက်ချမှတ်ခံရတဲ့ အမျိုးသမီး သုံးဦး၊ သေဒဏ်ချမှတ်ခံရတဲ့ အမျိုးသားနှစ်ဦး ပါဝင်ပါတယ်။

လားရှိုးထောင်ပြောင်းကာစမှာ သူတို့ကို သီးသန့်အဆောင်တွေမှာ ထားပါတယ်။ နောက်ပိုင်းမှ အမှုကြီးသမားတွေနဲ့ တွဲထားတာလို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

လားရှိုးထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုထံ ပြန်ပို့

လားရှိုးထောင်ကနေ လွတ်မြောက်လာသူရဲ့ အတွေ့အကြုံ

သီပေါထောင်က အကျဉ်းသားတစ်ရာကျော်ကို ကယ်ထုတ်ထားကြောင်း TNLA ပြော


ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့မှာ လားရှိုးထောင်ကို MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေဝင်ရောက်စီးနင်း နိုင်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

ထောင်ကိုဝင်စီးတဲ့အချိန်မှာ စစ်ကောင်စီတပ်က ထောင်ထဲကနေ တပ်စွဲပြီး ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး ပုဒ်မမျိုးစုံနဲ့ အကျဉ်းကျနေတဲ့သူ လေးဆယ်ကျော် သေဆုံးခဲ့ရသလို နိုင်ငံရေးအကျဉ်းသား နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို MNDAA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက NUG ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေး ကော်မတီတစ်ရပ်ကို ညောင်ဦးခရိုင်တိုက်ခိုက်ရေးတပ်ရင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CDM ရေးရာတာဝန်ခံ အဖွဲ့တွေနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီကော်မတီက လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို နေရပ်ပြန်ပို့ပေးနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက လွတ်မြောက်သွားတဲ့နယ်မြေတွေမှာနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကတော့ သူတို့နေရပ်ကို ပြန်နိုင်ကြပြီဖြစ်ပြီး မရှင်းတို့လို ရန်ကုန်အပါအဝင် အခြားဒေသတွေက နိုင်ငံရေးအကျဉ်းသားတွေကိုတော့ သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပဲ စောင့်ရှောက်ပေးထားပါတယ်။

NLD ဗဟိုအလုပ်မှုဆောင် ဦးထွန်းထွန်းဟိန်ကိုတော့ မဟာမိတ်တွေဘက်ကပဲ စောင့်ရှောက်ပေးထားပါတယ်။

NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ စောင့်ရှောက်ထားတဲ့အထဲမှာ CDM လှုပ်ရှားမှုမှာပါပြီး ထောက်ပို့လုပ်လို့ ဆိုတဲ့စွဲချက်နဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ အဖမ်းခံရပြီး ဇွန်လမှာထောင် ၁၂ နှစ် ချမှတ်ခံရတဲ့ ကျောင်းဆရာမ မစံပယ်လည်း ပါဝင်တယ်။ သူ့အနေနဲ့ လက်ရှိ တော်လှန်ရေးမှာ ဆက်ပြီးပါဝင်မယ်လို့ ဆိုပါတယ်။

"ကျွန်မတို့က တတ်နိုင်တဲ့ ကဏ္ဍပေါ့။ ကျွန်မဆိုရင် ပညာရေးဆိုရင် ပညာရေးကဏ္ဍပေါ့နော့်။ ပညာရေးကဏ္ဍကို ပြန်မလုပ်ရသေးဘူးဆိုရင်လည်း ပြန်လည် ထူထောင်ရေးပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မတိုတတ်နိုင်တဲ့၊ ကျွမ်းကျင်တဲ့ကဏ္ဍကနေ ဆက်လုပ်သွားဖို့တော့ ရှိပါတယ်ရှင့်”

CDM တွေကို ထောက်ပံ့တယ်ဆိုပြီး ၂၀၂၁ ခုနှစ်မှာ ထောင် ၁၂ နှစ်ချမှတ်ခံရတဲ့ သီပေါမြို့က ပရဟိတသမား ကိုစိုင်းကလည်း လူထုတော်လှန်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့ ပြောပါတယ်။

"တိုက်ပွဲကြားကနေ ပြန်ထွက်လာရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။ ပြီးတော့ ပြည်သူတွေအတွက် ဒီတော်လှန်ရေးမှာ ဆက်လက်ပြီး ပါဝင်သွားဖို့ ရှိပါတယ်"

"ကျွန်တော်တို့ တော်လှန်ရေးတွေကလည်း အရှိန်အဟုန်လည်း မြင့်နေပြီဆိုတာကို သိရတယ်။ ကျွန်တော်တို့လည်း တော်တော်ကို ဝမ်းမြောက် ဝမ်းသာဖြစ်ရတယ်။ ကျွန်တော်တို့ ဖမ်းဆီးခံရတာလည်း အခက်အခဲတွေကြားမှာ ရင်ဆိုင်ပြီးတော့မှ အပြင်ကိုပြန်ထွက်လာရတယ်။ တိုက်ပွဲကြားကနေ ပြန်ထွက်လာရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိတယ်။ ပြီးတော့ ပြည်သူတွေအတွက် ဒီတော်လှန်ရေးမှာ ဆက်လက်ပြီး ပါဝင်သွားဖို့ ရှိပါတယ်"

လားရှိုးထောင်ကနေ လွတ်လာတဲ့သူတွေထဲက နိုင်ငံရေးအကျဉ်းသားစောင့်ရှောက်ရေးကော်မတီက ဖွင့်ထားတဲ့ ယာယီထိန်းသိမ်းရေးစခန်းတွေကို ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၂ ဦး၊ အကျဉ်းသူ ၅၁ ဦး၊ စုစုပေါင်း ၂၁၃ ဦး ရှိပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းသွားကြသူတွေလည်း ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။