လားရှိုးထောင်ကနေ လွတ်မြောက်လာသူရဲ့ အတွေ့အကြုံ
2024.08.12
တိုက်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းသားနှစ်ထောင်ကျော် လွတ်မြောက်ခဲ့ပါတယ်။
အဲဒီအထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)နဲ့ ပတ်သက်တဲ့ အစည်းဝေးကိစ္စတွေကို လူငယ်တွေဆီ ပြန်လည်မျှဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ခုနစ်နှစ် ချခံထားရသူ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့ (TSYU) အလုပ်အမှုဆောင် မိုင်းအောင်သက်ဦးလည်း ပါဝင်ပါတယ်။
ဖမ်းဆီးထောင်ချခံရချိန် တွေ့ကြုံခဲ့ရမှုနဲ့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့အကြောင်း မိုင်းအောင်သက်ဦးကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။
____
RFA : မိုင်းအောင်သက်ဦးအနေနဲ့ ဘယ်လိုကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရတယ်ဆိုတာ အရင်ပြောပြပါဦး။
■ ကျွန်တော်ကတော့ အဓိက Zoom Meeting ကနေမှ NUG၊ CRPH နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လူငယ်တွေကို တစ်ဆင့်ပြန်ပြီး မျှဝေတယ်ဆိုတဲ့ အထောက်အထားနဲ့ Zoom Meeting မှာပါတဲ့ ကျွန်တော်တို့အထဲက ဘော်ဒါဆောင်က ငါးယောက်ကို ဖမ်းပြီးမှာ ကျွန်တော်နေတဲ့အိမ်ရဲ့ နေရာကို လိုက်ပြီးတော့ ကျွန်တော့်ကို ဖမ်းတယ်ပေါ့။ မနက်နှစ်နာရီ အိမ်ကိုဝင်စီးတာ အဲကနေ စရဖ၊ ခလရ - ၄၁ တပ်ကုန်းကို ရောက်သွားတာပေါ့။ စရဖမှာတော့ ရက်ပေါင်းနှစ်ဆယ်လောက် အဲမှာနေ့တိုင်း စစ်ကြောခံရတယ်ပေါ့။
RFA : ရက်ပေါင်းနှစ်ဆယ်လောက် စစ်ကြောရေးမှာနေခဲ့ရတယ်ဆိုတော့ ဘယ်လိုတွေ ကြုံခဲ့ရပါသလဲ။
■ ကျွန်တော်စရောက်တဲ့အချိန် ဘာကြောင့်ဖမ်းလဲဆိုတာ သိလားဆိုပြီးမေးတော့ ကျွန်တော်မသိဘူးလို့ ပြောတော့၊ ခုနတုန်းက ယူနစ်တွေနဲ ပတ်သက်တဲ့ဟာကို ထုတ်ပြတယ်ပေါ့။ အစတုန်းကတော့ ကျွန်တော်တို့ခြောက်ယောက်လုံးကို တစ်ခန်းတည်းထားတယ်။ ၂၅ ရက်နေ့ ညခုနစ်နာရီလောက် စတာပေါ့။ မဆိုင်တဲ့ မေးခွန်းကနေ စတာပေါ့။ ကျွန်တော့်ကို လက်နက်တွေ ဘယ်မှာထားလဲဆိုတာ၊ အဲဒီတစ်ခွန်းပဲ မေးတာ။
အဲဒါကို အဲဒီတစ်ခွန်းပဲမေးတာပေါ့။ တစ်ညလုံးရိုက်တာ မနက် သုံးနာရီအထိ။ လက်နက်မကိုင်ဘူးလို့ ကျွန်တော်တို့က အကြမ်းဖက်လမ်းစဉ်ကိုလိုက်နေတဲ့ လက်နက်ကိုင်တဲ့လမ်းစဉ်ကို သွားနေတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ကျွန်တော်တို့က အရပ်ဘက် လူမှုအဖွဲ့အစည်းကလို့ ရှင်းပြလည်း လက်မခံဘူးပေါ့နော်။ အဲဒီမေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါမေးပြီးတော့ ထပ်ခါထပ်ခါ ရိုက်တယ်။
၂၅ ရက်နေ့ ညကိုးနာရီလည်းထိုးပြီးရော ကျွန်တော်နေတဲ့ ဝန်းက အကျယ်ကြီးပဲဆိုပြီးတော့ သူအဲဒီမှာ ဝှက်ထားနိုင်ခြေရှိတယ်ဆိုပြီးတော့ သွားမွှေတာပေါ့။ မနက်သုံးနာရီလောက်မှ ပြန်ရောက်လာတယ်။ မတွေ့တော့မှ ကျွန်တော်ကို အခန်းထဲပြန်ထည့်တာပေါ့။ ပြန်ထည့်တဲ့အချိန်မှာ ကျွန်တော့်ကို သီးသန့်တစ်ခန်းတည်း ထားတယ်ပေါ့။ နောက်ရက်တွေကျတော့လည်း နေ့တိုင်းပေါ့နော်၊ ကျွန်တော့်ကို ဘယ်သူတွေ စစ်ကြောနေလဲဆိုတာကိုလည်း ကျွန်တော်မမြင်ရဘူး။
ကျွန်တော့်ကိုကျတော့ ရောက်ကတည်းက မျက်လုံးခေါင်းစွပ်နဲ့ပဲ နေရတယ်။ အခန်းထဲမှာတော့ ချွတ်ပေးတယ်။ အခန်းတံခါးဖွင့်လိုက်တာနဲ့ ကျွန်တော်တို့က အချုပ်ခန်းရဲ့ စည်းမျဉ်းစည်းကမ်းပုံစံဆိုပြီးတော့ သင်ပေးထားတယ်။ နံရံဘက်ကို မျက်နှာမူပြီးမှ ခေါင်းစွပ် စွပ်ပြီးမှ ကျွန်တော်တို့ကို အပြင်ထုတ်တယ်ပေါ့။ အပြင်ထုတ်ပြီး စစ်ကြောရေးလုပ်တယ်၊ ပြီးမှ ပြန်လာထည့်တယ်။ ကိုယ်မလုပ်ထားတဲ့အရာတွေရော ဆက်စပ်ပါတယ်ဆိုတဲ့ အရာတွေရော ဝန်ခံခိုင်းတဲ့ပုံစံနဲ့ ရိုက်တယ်။
ရိုက်တာ ဘယ်လောက်ဆိုးရွားလဲဆိုရင် ခေါင်းတွေ၊ ကျောတွေဆိုရင် အိပ်တဲ့အချိန် ဘယ်လိုမှ အထိမခံနိုင်တော့ဘူး။ လှဲပြီး အိပ်လို့မရတဲ့အဆင့် ရောက်သွားတယ်။ အခန်းထဲမှာဆိုရင်လည်း ရောက်ကတည်းက လက်ထိတ်နဲ့ပဲနေရတာ။ စားလည်း လက်ထိတ်နဲ့ပဲ။ အိပ်လည်း လက်ထိတ်နဲ့ပဲ။ စစ်ကြောခန်းထဲမှာကျတော့လည်း ကျွန်တော်တို့ အိမ်သာ မသွားရဘူး။ သူတို့ UPG ပုံးတစ်ပုံး ထားပေးတယ်။ ရေဆိုရင်လည်း သူတို့ တစ်လီတာခွဲရှိတဲ့ ဆန်းကစ်တစ်ဘူး ထားထားတယ်ပေါ့။ အပေါ့အလေးလည်း အဲဒီ UPG ပုံးနဲ့သွား၊ အိပ်တာလည်း အဲဒီလက်ထိတ်နဲ့ပဲ တစ်နေကုန် တစ်ညလုံးပေါ့။
ဆက်နွှယ်သောသတင်းများ
လားရှိုးက နိုင်ငံရေးအကျဉ်းသားတချို့ မိသားစုနဲ့ အဆက်အသွယ်ရ
လားရှိုးထောင်က တအာင်းအကျဉ်းသားတစ်ရာကျော် MNDAA လွှဲပြောင်းပေး
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်လာကြောင်း NUG ပြော
တစ်ခါတလေ လက်ထိတ်ထိမိလို့ ကျပ်သွားရင် နည်းနည်းပြန်လျှော့ပေးပါဦး ပြောတာတောင်မှ ဝင်ရိုက်တယ်ပေါ့။ သူတို့က အားနေရင် ဝင်ဝင်ရိုက်တာ။
၁၉ ရက်လုံးလုံးပဲ။ ပထမတော့ ခေါင်းချည်းပဲရိုက်တာ။ နောက်ပိုင်းကျတော့ ခန္ဓာကိုယ်ကို အသားပေးပြီး ရိုက်လာတယ်။ ကျွန်တော့်ခန့်မှန်းခြေအရဆိုရင်တော့ ရဲစခန်းပို့ခါနီးမို့ ဒဏ်ရာမပေါ်စေချင်လို့လားပေါ့၊ အဲလိုပဲ တွေးမိတယ်ပေါ့။ နောက်ပိုင်းတွေကျတော့ မမြင်သာတဲ့နေရာတွေပဲ ရိုက်တယ်။
အစပိုင်းကတော့ ခေါင်းနဲ့ မျက်နှာကို ရိုက်တယ်။ ရင်ဘတ်တွေကန်တယ်၊ ဆံပင်ကိုဆွဲပြီးတော့ နံရံနဲ့မျက်နှာကို ဆောင့်တာတွေဘာတွေ လုပ်တယ်ပေါ့။ မျက်လုံးစွပ်ထားတယ်ဆိုတော့ ဘယ်သူရိုက်လို့ ရိုက်မှန်းလည်း မသိရဘူး၊ ဘာနဲ့ရိုက်မှန်းလည်း မသိရဘူး။
သွေးတွေတော့ တောက်လျှောက်ထွက်နေတာပဲ။ နောက်ပိုင်းကျတော့ ဆယ်ရက်ကျော်လာတဲ့အခါကျတော့ အပေါ့သွားတဲ့အခါ သွေးတွေပါ ပါလာတယ်။
RFA : စစ်ကြောရေးကနေ ရက်ပေါင်းနှစ်ဆယ်မှာ ရဲစခန်းကို ပို့တယ်၊ အမိန့်ချတော့ ဘယ်လိုချလိုက်လဲ။ ဘာပုဒ်မနဲ့ ချလိုက်တာလဲ။
■ တကယ်တမ်းကျတော့လည်း သူက စရဖရဲ့ စစ်ကြောချက်နဲ့ ကျွန်တော်မဖတ်လိုက်ရတဲ့ လက်ဗွေနှိပ်ထားတဲ့ဟာနဲ့ပဲ အမိန့်ချတယ်လို့ ပြောလို့ရတယ်ပေါ့။ အမိန့်ချတဲ့အချိန် ဖတ်ပြတဲ့စာအရဆိုရင်တော့ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ဆက်စပ်နိုင်ကြောင်းဆိုတာမျိုးနဲ့ ချသွားတယ်။ ၅၂ ဃ ပုဒ်မအရ အမြင့်ဆုံးပြစ်ဒဏ် ခုနစ်နှစ် ချလိုက်တာဗျ။ ထောင်မှာ ၂၀၂၁၊ ၁၁ လပိုင်း စရောက်တယ်။ ၂၀၂၄၊ ၇ လပိုင်း ၂၈ ရက်နေ့အထိ နှစ်နှစ်နဲ့ ရှစ်လနီးပါး ရှစ်လကျော်ပေါ့။
RFA : လားရှိုးထောင်ကနေ တိုက်ပွဲဖြစ်နေတုန်း ဘယ်လိုလွတ်လာတာလဲ။
■ ၂၄ ရက်နေ့လည်းရောက်ရော ထောင်ဘက်ကနေ ပစ်ခတ်သံတွေ စကြားလာရတယ်။ အပြန်အလှန် ပစ်ခတ်တဲ့အသံတွေ ကြားလာရတယ်။ လက်နက်ကြီးတွေလည်း စကျလာတယ်။ ခြောက်ဆယ်သီးတို့ဘာတို့ အဲဒီလိုမျိုးတွေ ထောင်ထဲအထိရောက်လာတဲ့ အဆင့်မျိုးရောက်လာတယ်။ အဲဒီကနေစပြီးတော့ ထောင်မှာ အကျဉ်းသားတွေ ထိခိုက်လာတာတွေ ရှိတယ်။ ၂၇ ရက်နေ့ ကျွန်တော်တို့ အဆောင်မှာ နှစ်လုံးကျတဲ့အတွက်ကြောင့်မို့ လူဆယ်ယောက်ကျော်လောက် မိုင်းစတွေ ထိတယ်ပေါ့နော်။
အပြင်ဘက်အုတ်ရိုးမှာ လက်နက်ကြီးတွေ တောက်လျှောက်ကျနေတဲ့အချိန်မှာ အကျဉ်းသားတွေကထိတော့ အော်တာပေါ့။ အခါတိုင်းဆိုရင် အော်ရင်ထိရင် အကျဉ်းဦးစီးကလူတွေက တံခါးလာဖွင့်ပေးတယ်။ ထိတဲ့လူတွေကို ဆေးရုံထောင်ကို ပို့တယ်ပေါ့။
အဲဒီနေ့က ဘယ်လောက်အော်အော် ဘယ်သူမှ မလာတဲ့အခါကျတော့ လက်နက်ကြီးတွေကလည်း ဝင်းထဲကို ကျနေတဲ့အခါကျတော့ အကျဉ်းသားတွေက ကိုယ့်ဘာသာဖွင့်ပြီးထွက်တာပေါ့။ အဲဒီအဆောင်ကနေ ကျန်တဲ့ အဆောင်တွေကို လိုက်ပြီးတော့ ဖွင့်ပေးတာပေါ့။
RFA : လားရှိုးထောင်မှာက အတွင်းဘက် အဓိကအဆောင်တွေနဲ့ ထောင်ဘူး၀က အတော်လေးဝေးတယ်။ ဘူးဝကနေရော အပြင်ကို ဘယ်လိုထွက်လာလဲ။
■ မိန်းတံခါးကိုဖွင့်ပြီး ထွက်လာတဲ့အချိန်မှာ စကစတွေက ထိုင်ထားတယ်။ သူတို့က ပြန်ပစ်သေးတယ်၊ အကျဉ်းသားတွေကို။ ပြန်ပစ်တော့ အနောက်ပြန်ပြီး ပြေးလာတယ်။ အကျဉ်းသားတွေက အနောက်ပြန်ပြီး ပြေးလာတော့လည်း လက်နက်ကြီးတွေက တောက်လျှောက်ကျနေတော့ အကျဉ်းသားတွေက အရှေ့ပဲ တိုးလိုက်တာ။
အရှေ့ကိုတိုးလိုက်တော့ စစ်တပ်တွေကတော့ ထပ်မပစ်ဘူး။ ဒါပေမဲ့ ဘူး၀တံခါးကို မဖွင့်ပေးဘူး။ ဘူး၀တံခါးကို အကျဉ်းသားတွေက ဖွင့်ဖို့လုပ်တဲ့အချိန်မှာ အထဲကနေ လှမ်းပစ်တာပေါ့။ တစ်ယောက်ခေါင်း ရှပ်မှန်သွားတယ်။ အကျဉ်းသားတွေက ကျွန်တော်တို့ကို ပစ်တယ်ဆိုပြီးတော့ ရုတ်ရုတ်ဖြစ်လာတဲ့အချိန်မှာ ဧည့်တွေ့ ထောင်ဝင်စာအခန်းကို ဖြတ်ပြီးတော့မှ အထဲကိုဝင်တာပေါ့။
ကျွန်တော်တို့ အပြင်ထွက်ချင်တယ်၊ အထဲမှာနေရင်လည်း လက်နက်ကြီးတွေ တောက်လျှောက်ကျရင် အထဲမှာနေလည်း သေရမှာပဲဆိုပြီး တံခါးကိုဖွင့်ပြီး ထွက်ကြတာဗျ။
RFA : ပစ်ခတ်မှုဖြစ်တဲ့အချိန် ထောင်ထဲမှာ ထိခိုက်ဒဏ်ရာရတဲ့သူနဲ့ သေဆုံးသူတွေရှိပါသလား။
■ ကျွန်တော်တို့ ခန့်မှန်းခြေအရဆိုရင်တော့ မရှိဘူးဆိုရင် လေးဆယ်လောက်ရှိတယ်။ သေဆုံးတဲ့သူက မျက်မြင်ကိုယ်တွေ့က နှစ်ယောက်လောက်တွေ့တယ်။ စာရင်းအရဆိုရင်တော့ လေးဆယ်လောက်ရှိတယ်။ ထိခိုက်ဒဏ်ရာတွေကတော့ ထောင်ကနေထွက်လာပြီးတော့ တစ်နေရာမှာ ပြန်စုတဲ့အချိန် ဒဏ်ရာရတဲ့လူတွေကို ကျွန်တော်တို့က ဆေးပြန်ထည့်ပေးတယ်။
ကျွန်တော် ကိုယ်တိုင်လည်း ဝိုင်းကူလိုက်သေးတယ်။ အဲဒီထဲမှာ ထိခိုက်ဒဏ်ရာကမရှိဘူးဆိုရင် တစ်ရာကျော် ရှိတယ်ဗျ။ ဒဏ်ရာပြင်းတာတွေလည်း ရှိတယ်။ တချို့ဆိုရင် ဒဏ်ရာတွေ ပုတ်တဲ့အဆင့်တွေလည်း တွေ့နေရတယ်။
RFA : အပြင်ထွက်လာတော့ရော ထိခိုက်သေဆုံးသူတွေ ရှိလား။
■ အပြင်ထွက်လာပြီး ပစ်ခတ်ခံရတဲ့ အနေအထားကတော့ ထွက်နေရင်းတန်းလန်းနဲ့ စစ်တပ်က မခွာခင်မှာ ဝန်းထဲက ကလေးငယ်က ခြောက်ဆောင်ထဲ (အဆောင်အမှတ် ၆) က ကလေးက သံဂေါ်ပြားလေးကိုင်ပြီးတော့ သူ့ခေါင်းကို ကာပြီးတော့ လမ်းညွှန်ပေးတာကို စစ်တပ်ကပစ်လို့ သေသွားတာတော့ရှိတယ်။
RFA : လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လောက်ပါသလဲ။ ဘယ်သူတွေပါသလဲ။
■ နိုင်ငံရေးအကျဉ်းသားကတော့ အားလုံးပေါင်းလိုက်ရင်တော့ ၂၃၀၊ ၂၄၀ လောက်ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တစုတစည်းတည်း ရှိနေတာက ၂၁၆။ တချို့လည်း အဆက်အသွယ်မရတာလည်း ရှိတယ်။
ပြည်ထောင်စုလွှတ်တော် ဒုတိယဥက္ကဋ္ဌ အန်ကယ် ဦးထွန်းထွန်းဟိန် ပါတယ်။ လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးနိုင် ပါတယ်။ နောက်ပြီး ဂျီတီစီကျောင်းက ဆရာ တိုးဇော်သန့်နေ လည်း ပါတယ်ဗျ။
RFA : အခြားပုဒ်မနဲ့ကျနေတဲ့ အကျဉ်းသားတွေရော ဘယ်ရောက်သွားကြလဲ။ အတူတူပါလာကြတာလား။
■ ကျန်တဲ့အကျဉ်းသားတွေလည်း ပါလာတယ်။ ကျွန်တော်တို့ တစုတစည်းတည်း ရေပူစမ်းဘက်သွားတဲ့ လမ်းဘက်မှာ သွားပြီးဆုံပြီးတော့ စုကြတာပေါ့ အဲဒီမှာ။ အကုန်လုံးတော့ မဟုတ်ပေမဲ့လည်း ကျန်တဲ့အကျဉ်းသား တစ်ထောင်ကျော်လောက်အထိ ပါလာတယ်ပေါ့။
RFA : လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဘယ်ရောက်သွားကြလဲ သူတို့ အိမ်တွေပြန်ရောက်ကြပြီလား။
■ ကျွန်တော်တို့ နိုင်ကျဉ်းတွေကို သီးသန့်နေရာ ပေးထားတယ်ပေါ့နော်။ ကောင်းကောင်းမွန်မွန် နေလို့ရတယ်။ လုံခြုံတဲ့နေရာကို ထပ်ခေါ်သွားတယ်။ ရှစ်ရက်မြောက်တဲ့နေ့မှာ အထက်လူကြီးပိုင်းတွေက ပြန်လာတွေ့တယ်။ လိုလေသေးမရှိအောင် ထားထားပေးတယ်။ အစားအသောက်တွေက အစပေါ့နော်။ အသုံးအဆောင်ပစ္စည်းတွေက အစပေါ့။ ရှစ်ရက်မြောက်တဲ့နေ့မှာ ကျွန်တော်တို့ကို ကိုယ်ပြန်မဲ့နေရာက လွတ်မြောက်နယ်မြေဖြစ်နေတယ်။ လမ်းကြောင်း အဆက်အသွယ်ကလည်း အဆင်ပြေတယ်ဆိုရင်၊ မိသားစုကလည်း လာခေါ်နိုင်တယ်ဆိုရင် ပြန်နိုင်တယ်။ ပေးပြန်ပြီဆိုပြီး ပြောတဲ့အချိန်မှာ ကျွန်တော်တို့ကိုလာခေါ်နိုင်တဲ့သူနဲ့ချိတ်ဆက်ပြီး ပြန်လာခဲ့တာ။ တစ်ရာကျော်လောက်က ပြန်သွားပြီခင်ဗျ”
RFA : အခုလို လွတ်မြောက်လာတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။ ဘာများပြောချင်တာရှိလဲ။
■ အရမ်းကြီး မမျှော်လင့်ထားခဲ့ဘူးပေါ့။ မျှော်လည်း မမျှော်လင့်ရဲခဲ့ဘူးပေါ့နော်။ ထင်လည်း မထင်ထားခဲ့ဘူး။ ဒါ စိတ်ကူးယဉ်အိပ်မက်လို့တောင် ပြောလို့ရတယ်။ ဒီလောက်စောမယ်လို့လည်း မထင်ထားခဲ့ဘူးပေါ့။ အဓိက ပထမအချက်က ပျော်တာပေါ့။ ကိုယ်တစ်ယောက်တည်း လွတ်တယ်ဆိုတာထက်ပေါ့နော်။
အခုလို ဖြေကြားပေးတဲ့အတွက် RFA က ကျေးဇူးတင်ပါတယ်။