တော်လှန်ရေး ခရီးရှည်ကြာနေရခြင်းဟာ တော်လှန်ရေးအဖွဲ့အစည်းအချို့အတွင်း ငွေနဲ့အာဏာရလာပြီးနောက် အမျိုးသားရေးထက် ကိုယ့်အဖွဲ့အရေးကိုသာ ဦးစားပေးလာခြင်း၊ အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားလာခြင်း တို့ကြောင့်ဖြစ်တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်ပါတယ်။
မေလ ၂၁ ရက်နေ့ ကျရောက်တဲ့ (၆၈) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ အခုလို ပြောလိုက်တာဖြစ်ပြီး တော်လှန်ရေးအပေါ် ပြည်သူလူထုအချို့ နားလည်မှုအားနည်းခဲ့သလို တော်လှန်ရေးအဖွဲ့အစည်းတွေဘက်ကလည်း လူထုကို “သခင်နဲ့ ကျွန်” သဖွယ် ဆက်ဆံခဲ့တဲ့ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
“တော်လှန်ရေးလုပ်တဲ့သူတွေက နားမလည်၊ မလုပ်တတ်တဲ့အတွက် တော်လှန်ရေးတပ်နဲ့ လူထုကို သခင်နဲ့ ကျွန်လို ပြုမူဆောင်ရွက်စေခဲ့ပါတယ်။ စော်ဘွားခေတ်က နည်းလမ်းတွေအတိုင်း လုပ်ဆောင်ခဲ့တယ်။ ဒါကြောင့် တော်လှန်ရေးခရီးက အဓွန့်ရှည်နေရတာ ဖြစ်တယ်”
ဒါ့အပြင် အချို့တော်လှန်ရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ မျိုးချစ်စိတ်ရှိပေမယ့် တော်လှန်ရေး နည်းပညာနဲ့ မဟာဗျူဟာပိုင်းကို နားလည်မှုမရှိဘဲ “ဗမာစစ်တပ် မုန်းတီးရေး” စိတ်ဓာတ်တစ်ခုတည်းနဲ့သာ တိုက်ပွဲဝင်နေကြတာကြောင့် ပြဿနာကြုံလာတဲ့အချိန် မဖြေရှင်းနိုင်တော့ဘူးလို့လည်း ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်အရေး စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ အပြစ်မတင်ဖို့ သူ့သဝဏ်လွှာထဲမှာ ဖော်ပြထားပေမယ့် သူကိုယ်တိုင်က စစ်တပ်က ခေါင်းဆောင်တွေလို လူထုကို အမြဲတမ်း အပြစ်တင်ခဲ့သူ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“သူ့သဝဏ်လွှာအရဆိုရင် လူထုကို အပြစ်တင်တယ်၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကိုလည်း အပြစ်တင်တယ်။ အခုလို အပြစ်တင်နေတာက အခုမှ မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေး အစကတည်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ‘သူခိုးတွေ၊ ဓားမြတွေ ဖြစ်လာမယ်’ လို့ စွပ်စွဲပြောဆိုခဲ့ဖူးတယ်။ သူ အခုလိုပြောနေတာတွေကို ကြည့်ရင် အကြမ်းဖက်စစ်တပ် အမြဲသုံးနှုန်းနေတဲ့ စကားလုံးတွေနဲ့ ဆင်တူနေတာကို သတိထားမိတယ်”
ရှမ်းပြည်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ စစ်တပ်ဘက်က အပြစ်တင်ပြောဆိုလေ့ရှိတဲ့ အယူအဆတွေကို ထည့်သွင်းရေးသားတာက နိုင်ငံအတွက်လည်း မဟုတ်ဘူး၊ လူထုအတွက်လည်း မဟုတ်ဘူး။ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ဦးအတွက်သာ ဖြစ်တယ်လို့ မြင်တယ်။ နိုင်ငံအတွက်ကို ဘေးဖယ်ထားလိုက်ဦး၊ RCSS အနေနဲ့ ရှမ်းပြည်လူထုအတွက် ဘာလုပ်ပေးနေလဲဆိုတာ မေးခွန်းထုတ်စရာရှိတယ်။ ရှမ်းလူမျိုးတွေ ရင်ဆိုင်နေရတဲ့ တရုတ်ဖိအားကိုလည်း RCSS က ကာကွယ်ပေးသင့်တယ်လို့ သူက ဆက်ပြောပါတယ်။
တော်လှန်ရေးလုပ်ငန်းတွေအတွက် ငွေကြေးလိုအပ်လာရာကနေ ငွေရှာဖွေမှုတွေ ပိုများလာပြီး ငွေနဲ့အာဏာ ရှိလာချိန်မှာ မာန်မာနထောင်လွှားပြီး တောထဲမှာ “သခင်လို မင်းမူ” နေကြသလို နယ်မြေနဲ့ စီးပွားရေးအတွက် အချင်းချင်း ပြန်လည်တိုက်ခိုက်မှုတွေ ဖြစ်လာတယ်လို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်ထားပါတယ်။
အမျိုးသားရေးကို အဓိက မထားဘဲ ကိုယ့်အဖွဲ့အရေးကိုပဲ အဓိကထားကြတယ်။ ကြာလာတော့ ဒေသစွဲနဲ့ သူ့ဂိုဏ်း ကိုယ့်ဂိုဏ်း ဖြစ်လာတယ်။ အချင်းချင်း တွေ့ဆုံဆွေးနွေးခြင်း မရှိဘဲ အချင်းချင်း တိုက်ခိုက်ကြတာ ကလည်း တော်လှန်ရေးကို အဓွန့်ရှည် ကြာမြင့်စေတာ ဖြစ်ပါတယ် လို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့အများစုမှာ ရေရှည်ရည်မှန်းချက်နဲ့ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာပိုင်း နားလည်မှု အားနည်းတာကြောင့် ရန်သူဘက်က နိုင်ငံရေးမက်လုံးတွေ ပေးလာချိန် လက်နက်ချသွားတာ၊ ပြည်သူ့စစ်အသွင်ပြောင်းသွားတာမျိုးတွေ ဖြစ်ခဲ့တယ်လို့လည်း ၆၈ နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာတွေကို လေ့လာသင်ယူ ကြဖို့၊ အချင်းချင်း အပြစ်တင်နေခြင်းထက် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က တိုက်တွန်းထားပါတယ်။
သျှမ်းပြည်တော်လှန်ရေးကို ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့က သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်မှာ သျှမ်းလူငယ်ခေါင်းဆောင် စဝ်နွဲ့ (ခေါ်) စဝ်ဆောယန္တ ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃၁ ဦးက “နွံစစ်ဟန်” အမည်နဲ့ စတင် တည်ထောင်ခဲ့တာဖြစ်ပြီး အခုနှစ်ဟာ ၆၈ နှစ်ပြည့်မြောက်တဲ့နှစ်ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မဟာမိတ် (7 EAO Alliance) ကိုလည်း ဦးဆောင်နေသူ ဖြစ်ပါတယ်။
