စစ်တပ်ခန့်အစိုးရက သတင်းမီဒီယာတွေကို ဆက်လက်ဖိနှိပ်နေ

သုံးပတ်အတွင်းမှာ လွတ်လပ်တဲ့သတင်းဌာန ၆ ခုအထိ လိုင်စင်ပိတ်သိမ်းခံရတာဖြစ်ပါတယ်။

ပုဂ္ဂလိကသတင်းဌာနတွေဖြစ်တဲ့ မြေလတ်အသံ၊ Red News Agency နဲ့ Asia Citizens သတင်းဌာနကို လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ စစ်တပ်ခန့်အစိုးရလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက မေလ ၁၁ ရက်နေ့မှာကြေညာပါတယ်။ ဒီသတင်းဌာနတွေဟာ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကိုထိခိုက်စေတဲ့အကြောင်းအရာတွေ ရေးသားလွှင့်တင်ဖော်ပြတဲ့အတွက် ပိတ်သိမ်းတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ကလည်း Chin World သတင်းဌာန၊ Khonumthung နဲ့ မျက်မှောက်ခေတ် သတင်းဌာနသုံးခုကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။ ဒါကြောင့် သုံးပတ်အတွင်းမှာ လွတ်လပ်တဲ့သတင်းဌာန ၆ ခုအထိ လိုင်စင်ပိတ်သိမ်းခံရတာဖြစ်ပါတယ်။ စစ်ကော်မရှင်ဦးစီးကျင်းပတဲ့ ရွေးကောက်ပွဲကာလ ဇန်နဝါရီလကလည်း ရွှေဖီမြေ သတင်းဌာနကို လိုင်စင်ပိတ်သိမ်းခဲ့ပါတယ်။

ဒီလုပ်ရပ်တွေကိုကြည့်ရင် အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်အနေနဲ့ နိုင်ငံရေးကို ပြောင်းလဲချင်စိတ် မရှိတာ ပေါ်လွင်တယ်လို့ မြေလတ်အသံသတင်းဌာန တည်ထောင်သူ ဦးရဲသွင်ဟိန်းက RFA ကို ပြောပါတယ်။

“အဓိကတော့ သူပြောင်းလဲချင်စိတ်မရှိတာ မြင်ရတာပေါ့နော်။ ဒီလိုမျိုးလုပ်တာ သူတို့အတွက် နိုင်ငံတကာမှာပိုပြီးတော့ ပုံရိပ်ကိုကျဆင်းစေတယ်။ ပြီးရင် ဒီလိုမျိုးပိတ်လိုက်လို့လည်း ဒီဘက်ကမီဒီယာတွေ ရပ်သွားမှာမဟုတ်ဘူးဆိုတာသူတို့သိတယ်။ ဒါက သူတို့အတွက် အရှုံးထဲကအရှုံးတွေချည်းပဲ အများကြီးရင်ဆိုင်ရတာပေါ့”

အခုပိတ်သိမ်းခံလိုက်ရတဲ့သတင်းဌာနတွေဟာ ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကာလတွေကတည်းက မှတ်ပုံတင်ထားတဲ့ မီဒီယာတွေဖြစ်ပါတယ်။ ဒီသတင်းဌာနတွေက စစ်တပ်ရဲ့ ပြည်သူအပေါ်မတရားဖိနှိပ်မှု၊ လူအခွင့်အရေးချိုးဖောက်မှုသတင်းတွေကို တင်ပြနေတာဖြစ်ပါတယ်။

ဒါကြောင့်လိုင်စင်ပိတ်သိမ်းခံရပေမဲ့ ရတဲ့နည်းနဲ့သတင်းတွေဆက်ပြီးတင်ပြနေမယ်လို့ Red News Agency တည်ထောင်သူ ဦးဝင်းဇော်နိုင်က RFA ကိုပြောပါတယ်။

“ သူတို့အသိအမှတ် ပြုခြင်းမပြုခြင်းကိုလည်း ကျနော်တို့ ကရုမစိုက်ဘူးပေါ့နော်။ ကျနော်တို့ကို အဓိက လူထုကအသိအမှတ်ပြုနေဖို့ပဲ အရေးကြီးတယ်။ မီဒီယာသမားတွေရဲ့ ကျင့်ဝတ်အတိုင်း လူထုဘက်ကို မျက်နှာ မူပြီးကာမှ ရသလို ပုံစံမျိုးစုံနဲ့ကျနော်တို့ဆက်ပြီးတော့ ဖော်ပြနေမယ်။ ဆက်ပြီးတော့ တင်ဆက်နေမယ်လို့ ပြောချင်ပါတယ်”

စစ်တပ်ခန့်အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်ပေးမှာမဟုတ်ဘူးလို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က သုံးသပ်ပါတယ်။

“အခုက ဘယ်လိုပဲ အရပ်သားအစိုးရပုံစံဖမ်းထားထား မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ရင်တော့ မီဒီယာကို လုံခြုံရေးအမြင်နဲ့ကြည့်ပြီးတော့ စစ်တပ်ရဲ့ကိုင်တွယ်မှုအောက်မှာပဲ ဆက်ထားလိမ့်မယ်။ မီဒီယာလွတ်လပ် ခွင့်ကို လုံး၀ မစဉ်းစားသေးဘူး။ ဆက်ပြီးတော့ မီဒီယာတွေကို ဥပဒေအရရော တကယ်တော့ လိုင်စင်လိုတယ် ဆိုတဲ့ ဥပဒေကကိုမှားနေတာပါ။ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင်တော့ အရင် ဦးသိန်းစိန် လက်ထက်ကလို မျိုး နည်းနည်းလေးဖြေလျှော့ဖို့ လုံး၀မရှိသေးဘူး”

၂၀၂၆ ခုနှစ် ဧပြီလကုန်အထိ သတင်းအေဂျင်စီ ၉၇ ခုကို ပိတ်သိမ်းခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဘယ်သတင်းဌာနတွေပါဝင်တယ်ဆိုတဲ့ အသေးစိတ်ကိုတော့ မဖော်ပြထားပါဘူး။ စစ်တပ်ခန့်အစိုးရတက်လာပြီးတဲ့နောက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ် ၆၀ မှာ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့အမှုတွေကို စစ်ခုံရုံးနဲ့စစ်ဆေးအမိန့်ချဖို့ ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းသမား ၂၂၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၄၇ ယောက်ဟာ ဒီနေ့ အထိ ချုပ်နှောင်ခံထားရတယ်လို့ မေလ ၃ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးကထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကသတင်းလွတ်လပ်ခွင့်ဟာ ကမ္ဘာ့အဆင့်မှာ ၁၆၆ နဲ့ ၁၄ နိုင်ငံမြောက် အနိမ့်ကျဆုံးနိုင်ငံအဖြစ်ရောက်နေတယ်လို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။