မကွေးတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးတစ်ဦး နဲ့ ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၁၈ ဦးကို ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။
မေလ နဲ့ ဇွန်လ ပထမအပတ်အတွင်း မကွေးတိုင်းထဲက စစ်ရေးအခြေအနေကို ထုတ်ပြန်ရာမှာ ထည့်သွင်းဖော်ပြထားတာပါ။
မေလနောက်ဆုံးပတ်အတွင်း သရက်ခရိုင်တပ်ရင်း - ၃ နဲ့ စစ်ကြောင်းထိုးလာတဲ့ မုန်းမြို့ အခြေစိုက် ခြေမြန်တပ်ရင်း ခမရ - ၅၉၉ နဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး အဲဒီတပ်က ဗိုလ်မှူးအောင်ဖြိုးဝေနဲ့ ဗိုလ်ကြီး ပြည့်စုံအောင်အပါအဝင် စစ်သားတချို့ကို ပစ္စတို ၁၉ လက်၊ ကျည်ဘောက် ၃၈ ခု၊ ဖုန်း ၃ လုံးတိုနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ ဖော်ပြထားပါတယ်။
အလားတူ မေလ ၂၉ ရက်နေ့ကလည်း နတ်မောက်ဆက်သွယ်ရေးတပ်က ဒုတပ်ကြပ် ရန်နိုင်ကို စစ်ဆင်ရေးနယ်မြေ တစ်နေရာမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်က စစ်ဆင်ရေးနယ်မြေတွေမှာ မေလ နဲ့ ဇွန်လ ပထမပတ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲကြီးငယ်ပေါင်း ၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၃၁ ဦး သေဆုံးကာ ၅၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါဟာ မကွေးတိုင်းရဲ့ ဧရာဝတီမြစ် အရှေ့နဲ့အနောက်ဘက်ခြမ်း မြို့နယ်တွေမှာ တော်လှန်ရေးတပ်တွေက စစ်တပ် စစ်ကြောင်းတွေကို ထိထိမိမိတိုက်ခိုက်လာနိုင်တဲ့အခြေအနေ ဖြစ်တယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု( CDM) မှာ ပါဝင်ထားတဲ့ ဗိုလ်ကြီးဇင်ယော်က RFA ကို ပြောပါတယ်။
“ဒါ ထိထိမိမိ တိုက်ခိုက်လာနိုင်တာမျိုးပေါ့။ စစ်ကြောင်းမှူးအရာရှိတွေပါ ဖမ်းဆီးလာနိုင်တာမျိုး တွေ့ရတယ်။ မင်းတုန်းဘက်ကလာတဲ့ စစ်ကြောင်းတွေလည်း ထိထိမိမိ တိုက်ခိုက်ခံလိုက်ရတယ်။ ဝင်လာတဲ့ စစ်ကြောင်းတွေဟာ တဖြည်းဖြည်းချင်း လုံးပါးပါးပြီးတော့ ရခိုင်ကို ဦးတည်တာပေါ့ မကွေးကနေ ရခိုင်ကို မရောက်ခင်ဘဲ စစ်ဦးကျိုးအောင် တိုက်လာနိုင်တဲ့ အနေအထားမျိုး ရှိနိုင်တယ်ဗျ”
စစ်တပ်က ရခိုင်ကို စစ်ကြောင်းထိုးနိုင်ဖို့ မကွေးတိုင်းထဲကို အခြေပြုပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာ၊ စစ်ရေးပြင်ဆင်နေတာတွေ လုပ်နေသလို မကွေးအခြေစိုက် တပ်တွေကလည်း ပြင်ဆင်စုဖွဲ့နေတယ်လို့ သူက ပြောပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်တပ်အသွင်ပြောင်း အစိုးရဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
