မြန်မာနိုင်ငံအတွင်း လုပ်ငန်းတွေ လည်ပတ်နေပြီး အာဏာသိမ်းစစ်တပ်နဲ့စစ်အသိုင်းအဝိုင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ထိုင်းစွမ်းအင်ကုမ္ပဏီကြီး ၃ ခုကို ထိုင်းနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အနေ နဲ့ တရားဝင် စုံစမ်းစစ်ဆေးပေးဖို့ အရပ်ဘက်လူ့အခွင့်အရေးအဖွဲ့တွေက တိုင်ကြားလိုက်ပါတယ်။
တိုင်ကြားစာကို သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု (Blood Money Campaign) နဲ့ Campaign for a New Myanmar အဖွဲ့တို့က မေလ ၂၅ ရက်နေ့မှာ ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တရားဝင် တင်သွင်းခဲ့တာဖြစ်တယ်လို့ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်ကြားခံထားရတဲ့ ကုမ္ပဏီတွေကတော့ ထိုင်းအစိုးရပိုင် PTT Group လက်အောက်ခံ PTT နဲ့ PTTEP ၊ ထိုင်းပုဂ္ဂလိကပိုင် Northern Gulf Petroleum တို့ဖြစ်ပြီး မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း တွေကနေတစ်ဆင့် အာဏာသိမ်းစစ်တပ်အတွက် ဝင်ငွေဖန်တီးပေးနေတယ်လို့ အဖွဲ့တွေက ဆိုထားပါတယ်။
အဲဒီဝင်ငွေတွေဟာ စစ်အာဏာပိုင်တွေရဲ့ အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက်လုပ်ဆောင်နိုင်အောင် ထောက်ပံ့ပေး နေတယ်လို့လည်း တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး ဒီကုမ္ပဏီ ၃ ခုဟာ ကမ်းလွန်ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေကနေတစ်ဆင့် စစ်အုပ်စုနဲ့ စီးပွားရေးဆက်ဆံမှုတွေ ဆက်လက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စွမ်းအင်ကဏ္ဍဟာ သာမန်စီးပွားရေး လုပ်ငန်းတစ်ခု မဟုတ်တော့ဘဲ နိုင်ငံရေးအာဏာနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာနေတယ်လို့ RFA ကို ပြောပါတယ်။
“ဒီကိစ္စကို ကြည့်မယ်ဆိုရင် စွမ်းအင်ကဏ္ဍဟာ သာမန်စီးပွားရေးလုပ်ငန်းတစ်ခုတည်း မဟုတ်တော့ဘဲ နိုင်ငံရေးအာဏာနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရင်းအမြစ်တစ်ခု ဖြစ်လာနေပါတယ်။ အထူးသဖြင့် စစ်အာဏာရှင်အဆက်ဆက်က နိုင်ငံတော်ရဲ့ အဓိကဝင်ငွေတွေကို ထိန်းချုပ်ထားတတ်ကြပါတယ်။ အခု အာဏာသိမ်းထားတဲ့ အခြေအနေမျိုးမှာဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝင်ငွေတွေဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်မယ့် စစ်ရေးအသုံးစရိတ်အတွက် တိုက်ရိုက်သွားနိုင်တာကြောင့် အန္တရာယ်ရှိပါတယ်”
အရပ်ဘက်အဖွဲ့တွေဘက်ကတော့ ဒီလိုစီမံကိန်းတွေကနေ ရရှိတဲ့ဝင်ငွေတွေကို စစ်အာဏာပိုင်တွေက တိုက်ရိုက်အသုံးပြုနိုင်မှုကို လျှော့ချနိုင်ဖို့အတွက် Escrow Account (စစ်တပ်က ထုတ်ယူသုံးစွဲခွင့်မရှိတဲ့ ကြားခံအကောင့်) စနစ်လို နိုင်ငံတကာထိန်းချုပ်မှုယန္တရားတွေ ထားရှိသင့်တယ်လို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့လည်း ကုလသမဂ္ဂရဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူတွေ (UN Guiding Principles on Business and Human Rights) နဲ့ OECD ရဲ့ နိုင်ငံစုံကုမ္ပဏီများဆိုင်ရာ လမ်းညွှန်ချက်တွေကို အခြေခံပြီး ကုမ္ပဏီတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုတွေကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
တိုင်ကြားစာထဲမှာ ရတနာ၊ ဇောတိကနဲ့ ရဲတံခွန် ဓာတ်ငွေ့ပိုက်လိုင်းတွေ ဖြတ်သန်းရာ တနင်္သာရီတိုင်းမှာ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီး ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာခဲ့ရသလို သတ်ဖြတ်မှု၊ မတရားဖမ်းဆီးမှုနဲ့ ပိုင်ဆိုင်မှုဖျက်ဆီးခံရမှုတွေ ဖြစ်ပွားနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ် ဧပြီလအထိ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၅၃ ကြိမ်ရှိခဲ့ပြီး အရပ်သား ၆၃ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ် ပထမလေးလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ် ဖြစ်ပွားပြီး လူ ၇၆ ဦး သေဆုံးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့အဆိုအရ PTT၊ PTTEP နဲ့ Northern Gulf Petroleum တို့ဟာ အာဏာသိမ်းစစ်တပ်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေ ဖန်တီးပေးနေပြီး PTTEP ကတော့ ရတနာနဲ့ ဇောတိက စီမံကိန်းတွေမှာ ထုတ်လုပ်မှုတိုးမြှင့်ဖို့ စစ်ကောင်စီနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။ Northern Gulf Petroleum ရဲ့ လက်အောက်ခံ Gulf Petroleum Myanmar ကလည်း မင်းရဲသူ စီမံကိန်းအတွက် MOGE နဲ့ သဘောတူစာချုပ် ချုပ်ဆိုထားတယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းလူ့အခွင့်အရေးကော်မရှင်အနေနဲ့ ထိခိုက်နစ်နာသူတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေဆီက အထောက်အထားတွေ စုဆောင်းပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်နဲ့ OHCHR တို့ရဲ့ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားဖို့လည်း တောင်းဆိုထားပါတယ်။
Blood Money Campaign (BMC) ဟာ စစ်အုပ်စုရဲ့ နိုင်ငံခြားဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်ပြီး လူငယ်တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေနဲ့ အရပ်ဘက်အဖွဲ့ဝင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
Campaign for a New Myanmar (CNM) ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည်ဖော်ဆောင်နိုင်ရေး လှုပ်ရှားနေတဲ့ မူဝါဒရေးဆွဲသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်ပရောက် မြန်မာတွေ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
