အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ ခရီးရောက်နေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တပ်ခန့်အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်နဲ့ ဇွန်လ ၁ ရက်နေ့က တွေ့ဆုံရာမှာ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီက အာဏာသိမ်းစဥ် ကတည်းက ဖမ်းဆီးအကျဥ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန အတွင်းဝန် ဗစ်ကရမ် မီဆရီ (Vikram Misri) က ပြောကြား လိုက်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ဟောင်းနဲ့ ဝန်ကြီးချုပ်မိုဒီတို့ တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာဖြစ်ပြီး ဝန်ကြီးချုပ်မိုဒီအနေနဲ့ ဒီကိစ္စကို မေးခွန်းထုတ် ဆွေးနွေးခဲ့ကြောင်း၊ မြန်မာနိုင်ငံမှာ ဒီမိုကေရစီလမ်းေကြာင်းကို ပြန်သွားနေချိန် ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးမှာ ပါသင့်ပါထိုက်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေပါဝင်ဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုမျိုးလိုအပ်ကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။
“ဝန်ကြီးချုပ်မိုဒီက ဒီကိစ္စကို သမ္မတနဲ့ ဆွေးနွေးခဲ့ပါတယ်၊ ဒီကိစ္စဟာ မြန်မာနိုင်ငံမှာ ကာလအတန်ကြာ လုပ်ဆောင်နေကြတဲ့ ဒါမှမဟုတ် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်နေတဲ့ ဆွေးနွေးမှုဖြစ်ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို တစ်တန်းထဲ ထားပြီး ခေါ်ဆောင်ပြီး စည်းစည်းလုံးလုံးနဲ့ နိုင်ငံရေးခရီး ရှေ့ဆက်သွားနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ ကြိုးပမ်းဖို့လိုပါတယ်လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။”
အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံပတ်သက်တဲ့မူဝါဒက မပြတ်ဆက်ဆံရေးထူထောင်ပြီး ရေရှည်တည်တံ့တဲ့ တွေ့ဆုံဆွေးနွေးမှုဟာ အထီးကျန် ဖယ်ကြဥ်ထားတာထက် ပိုပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်တဲ့အတွက် အခုလို ထိတွေ့ဆက်ဆံရေးကိုကျင့်သုံးတာဖြစ်တယ်လို့ မစ္စတာမစ္စရီက ပြောပါတယ်။ အိန္ဒိယဟာ မြန်မာနဲ့ ဆွေးနွေးမှုတွေမှာ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်ရာ နိုင်ငံရေးလူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးပါဝင်ရေးတွေကို အဆက်မပြတ် တိုက်တွန်းပြောဆိုခဲ့တယ်လို့လည်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန်က ပြောပါတယ်။
အိန္ဒိယက မြန်မာနဲ့ထိတွေ့ဆက်ဆံတာဟာ မြန်မာ့ပြည်တွင်းရေး အစီအစဥ်တွေအပေါ် ဝေဖန်သုံးသပ်ဖို့ မဟုတ်ဘူးဆိုတာ ပြောလိုပြီး အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံအနေနဲ့ အိန္ဒိယအတွက် အရေးကြီးပြီး မရှိမဖြစ်လိုအပ်တဲ့ ရေရှည်ထိတွေ့ဆွေးနွေးမှုသာ အရေးကြီးတယ်ဆိုတဲ့အချက်ကို အမြဲလက်ကိုင်ထားကြောင်း၊ မြန်မာကို အထီးကျန်ထားတဲ့ မူဝါဒကို အရင်ကကျင့်သုံးခဲ့ဖူးပြီး အဲဒီလိုကျင့်သုံးခဲ့လည်း မြန်မာမှာ မိမိတို့လိုချင်တဲ့ ဒီမိုကရေစီပြောင်းလဲမှု မရခဲ့ကြောင်း သမိုင်းက သင်ခန်းစာပေးထားပြီးဖြစ်တယ်လို့လည်း သူကပြောပါတယ်။
ဇွန်လ ၁ ရက်နေ့က ဝန်ကြီးချုပ်နဲ့ မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ဖို့၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ချိတ်ဆက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေး ထူထောင်ဖို့၊ စွမ်းရည်မြှင့်တင်ရေး၊ လုံခြုံရေးနှင့် နယ်စပ်စီမံခန့်ခွဲရေးတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်ဆွယ် (Randhir Jaiswal) က X လူမှုကွန်ရက်မှာ ရေးသားရာမှာ နှစ်နိုင်ငံအကြား ဆက်ဆံရေးနယ်ပယ်အားလုံးကို အပြန်အလှန် ပြောဆိုဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံရဲ့ အဓိက မူဝါဒဖြစ်တဲ့ အိမ်နီးချင်း ဦးစားပေးမူဝါဒ၊ ရှေ့မျှော်ဝါဒနဲ့ အိန္ဒိယ ပစိဖိတ်နိုင်ငံများဆက်ဆံရေး မူဝါဒတွေအတွက် မရှိမဖြစ် နိုင်ငံဖြစ်ပါတယ်လို့ ပါဝင်ပါတယ်။
“အိန္ဒိယရဲ့ ဖက်ဒရယ်ပြည်ထောင်စုအုပ်ချုပ်ရေးနှင့် စီးပွားရေးတိုးတက်မှုအတွေ့အကြုံတွေကို မျှဝေတာအပါအဝင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို အထောက်အကူပေး ပံ့ပိုးကူညီဖို့ အသင့်ရှိတယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ထပ်လောင်းပြောခဲ့ပါတယ်" လို့လည်း မစ္စတာဂျိုင်ဆွယ်က ရေးသားထားပါတယ်။
