မြန်မာ့ဒီမိုကရေစီအရေးအတွက် အမြဲထောက်ခံဟု အမေရိကန်ပြော

မြန်မာမှာ လက်ရှိ အုပ်ချုပ်သူ တွေ အပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတာကြောင့် လက်တွေ့ဖြေရှင်းတဲ့နေရာမှာ အခက်အခဲရှိနေ။

မြန်မာနဲ့ပတ်သက်လို့ လက်ရှိမြန်မာအုပ်ချုပ်သူတွေအပေါ် တရုတ်သြဇာကြီးမားနေတဲ့ အတွက် အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာ့ဒီမိုကရေစီအရေးပေါ် လုပ်ဆောင်နိုင်စွမ်း နှေးကွေးကြန့်ကြာနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) က ဇွန်လ ၃ ရက်နေ့က ပြောကြား လိုက်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာဥပဒေ Burma Act နဲ့ပတ်သက်လို့ သမ္မတထရန့် အစိုးရအဖွဲ့က လုပ်ဆောင်ရမယ့်အချက်တွေ လုပ်ဆောင်တာမရှိ၊ မတွေ့မြင်ရတဲ့အတွက် ကင်တပ်ကီပြည်နယ် အထက်လွှတ်‌တော် အမတ် မစ်ချ်မက်ကောနယ် (Mitch McConnell) က မေးခွန်းထုတ်ရာမှာ မစ္စတာရူဘီယိုက အခုလို ပြောလိုက်တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ မူဝါဒတွေဟာ ဘယ်နိုင်ငံအတွက်မှ ကြားနေဖြစ်မှာမဟုတ်သလို မြန်မာမှာ လက်ရှိ အုပ်ချုပ်သူ တွေ အပေါ် တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကြီးမားနေတာကြောင့် လက်တွေ့ဖြေရှင်းတဲ့နေရာမှာ အခက်အခဲရှိနေ သေးကြောင်း၊ လက်ရှိမြန်မာနိုင်ငံက အုပ်ချုပ်သူတွေဟာ ရက်စက်ကြမ်းကြုပ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးနည်းပါးသူတွေ ဖြစ်တဲ့အတွက် ဒီမိုကရေစီအပြောင်းအလဲလုပ်နိုင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေကို ရှာဖွေကူညီရမှာဖြစ်ကြောင်း၊ အမေရိကန်အနေနဲ့ မြန်မာ့အရေးဝင်ရောက်ကူညီဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေနေဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ သမ္မတထရန့်အစိုးရက အဆိုပြုထားတဲ့ နိုင်ငံခြားရေးဌာန ဘတ်ဂျတ်ငွေ အတွက် ဆင်းနိတ်အထက်လွှတ်တော်နဲ့ ကွန်ဂရက်အောက်လွှတ်တော်တွေကို ကိုယ်တိုင်တက်ရောက် အရေးဆိုနေတာဖြစ်ပြီး မြန်မာနဲ့ပတ်သက်လို့ အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ဒီဇင်ဘာလက ပြဌာန်းခဲ့တဲ့ Burma Act ဥပဒေမှာ ၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေကို သတ်ဖြတ်မှုတွေ အားလုံးအတွက် တာဝန်ရှိတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဖို့၊ မြန်မာနိုင်ငံအရေးအတွက် အမေရိကန်အစိုးရရဲ့ လုပ်ဆောင်မှုတွေ အားလုံးအတွက် စေ့စပ်ညှိနှိုင်းရေးမှူး တစ်ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနမှာ ခန့်ထားဖို့၊ မြန်မာ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကတစ်ဆင့် မြန်မာနိုင်ငံက အရပ်ဘက် အဖွဲ့အစည်းတွေကို ကူညီဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်သွားဖို့၊ မြန်မာ့အရေးအတွက် ပိုပြီးတိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချဖို့၊ ကုလသမဂ္ဂအဖွဲ့ကြီးကို ဖိအားပေးဖို့၊ မြန်မာစစ်တပ်က ရိုဟင်ဂျာနဲ့ အခြားတိုင်းရင်းသားလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ အခြားအမှုတွေအတွက် အစီရင်ခံစာတင်သွင်းဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။