အာဏာသိမ်းစစ်ခေါင်းဆောင်ဟောင်းက သမ္မတရာထူးယူလိုက်ပြီးမကြာခင် တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ် ၆၀ ကို စစ်အုပ်ချုပ်ရေးနဲ့သွားဖို့ သူခန့်ခဲ့တဲ့ ကာကွယ်ရေးဦးစီးချုပ်သစ်ကိုတာဝန်ပေးလိုက်သလို၊ ကာချုပ်သစ်ကလည်း စစ်ခုံရုံးနဲ့အမိန့်ချမယ့် အမှုအမျိုးအစား ၂၃ မျိုးကိုထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ နိုင်ငံရေးအရဆန့်ကျင်တဲ့အမှုတွေအပြင် သတင်းမီဒီယာနဲ့ စာနယ်ဇင်းလောကကိုလည်းထည့်သွင်းထားသလို အွန်လိုင်းကနေဝေဖန်ရေးသားတဲ့သူတွေကိုဖမ်းတဲ့အခါလည်း စစ်ခုံရုံးကပဲအမိန့်ချမယ်ဆိုတာတွေ့ရပါတယ်။
ဒါကြောင့် မီဒီယာလောကအတွက် ပိုပြီးကျပ်တည်းလာနိုင်တယ်လို့ ၂ နှစ်လောက်တရားရင်ဆိုင်ခဲ့ရဘူးတဲ့ မြန်မာပို့စ်သတင်းဌာနအယ်ဒီတာချုပ် ကိုသန်းထိုက်သူက RFA ကိုပြောပါတယ်။
“အာဏာရှင်ဟောင်းဦးသန်းရွှေထက်တောင်မှ လက်စောင်းထက်တယ်ပြောနေတဲ့ မင်းအောင်လှိုင်လက်ထက်မှာ ကျွန်တော်တို့ သတင်းမီဒီယာလောကသားတွေနဲ့ စာနယ်ဇင်းလောကသားတွေအတွက်ကတော့ ပိုပြီးတော့ကျပ်တည်းလာဖို့ပဲရှိတယ်။ အရပ်ဘက်တရားရုံးမှာပဲစီရင် စီရင် ၊ စစ်ခုံရုံးမှာပဲအမိန့်ချချ ဘာမှ ထူးလာစရာမရှိဘူး။ ပိုပြီးတော့အကျပ်တည်းတွေရင်ဆိုင်ရဖို့ပဲ ရှိနေပါတယ်”
ဒီအခြေအနေအရ သတင်းမီဒီယာမှာတာဝန်ယူထားရတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ကိုယ့်ဆီမှာ တာဝန်ထမ်းဆောင်နေတဲ့ သတင်းသမားအငယ်တွေကို အပြည့်အဝအကာအကွယ်ပေးဖို့ သူကတိုက်တွန်းပါတယ်။
စစ်အုပ်ချုပ်ရေးကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၁၃ (ခ) အရကျင့်သုံးတာလို့ ကြေညာချက်မှာပြထားတဲ့အတွက် ဒီဖွဲ့စည်းပုံရှိနေသမျှ သတင်းနဲ့စာနယ်ဇင်းလောက ကသူတွေရော ပြည်သူတွေပါ တရားမျှတမှုရမှာမဟုတ်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ခုံရုံးရဲ့သဘောတရားကတော့ စစ်ခုံရုံးကို ဦးဆောင်တဲ့သူက ဒါဆိုဒါ၊ ဒီအမိန့်ကိုချမယ်၊ တရားစွဲခံလိုက်ရတဲ့ သတင်းသမားက လျှောက်လဲချက်ပေးမယ်ဆိုရင်တောင်မှ သူတို့ခွင့်ပြု ချက်ပါမှရမယ် ကန့်သတ်ထားတဲ့ ဥပဒေတွေရှိတယ်ပေါ့လေ၊ အဲဒီအတွက်သူတို့သည် ကန့်သတ်ထားတဲ့နေရာမျိုးမှာပဲ သတင်းသမားတွေကို တရားစွဲတာ၊ ထောင်ချတာ၊ နောက်ဆုံးသူတို့ပြောသလိုဆို သေဒဏ်ပေးနိုင်တဲ့ အခြေအနေအထိ အမိန့်ချလို့ရတယ်ပေါ့လေ”
စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်ခုံရုံးနဲ့ဖြစ်ဖြစ် အရပ်ဖက်တရားးရုံးကပဲဖြစ်ဖြစ် ဆုံးဖြတ်တာတွေ မကွာဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ပတ်သက်ပြီးတော့ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာတဲ့နေရာတွေမှာ စီရင်ဆုံးဖြတ်တာတွေနဲ့ စစ်အုပ်ချုပ်ရေးအမိန့်မကြေညာတဲ့နေရာတွေမှာ စီရင်ဆုံးဖြတ်တာနဲ့ သိပ်မကွာဘူး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးယန္တရားတစ်ခုလုံးက စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်သွားပြီးဖြစ်တဲ့အတွက် စီရင်ဆုံးဖြတ်တဲ့ကိစ္စက သိပ်ပြီးတော့မကွာဘူးလို့ ပြောလို့ရပါတယ်ဗျ “
၂၀၂၁ ကနေ ၂၀၂၅ ခုနှစ်မေလအထိ အဖမ်းခံခဲ့ရတဲ့သတင်းမီဒီယာသမား (၂၀၀) ကျော်ရှိခဲ့ပြီး၊ သတင်းသမား (၇) ဦး သေဆုံးခဲ့ရသလို၊ ဒီနေ့အထိ သတင်းမီဒီယာသမားအနည်းဆုံး (၁၉) ဦး ဆက်ပြီး ဖမ်းဆီးထောင်ချခံထားရတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ပြီးခဲ့တဲ့ ဧပြီလ ၁၆ နေ့က ထုတ်ပြန်ထားပါတယ်။
