၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ၃ လတာအတွင်း စစ်ကောင်စီတပ်တွေပါဝင် ပတ်သက်တဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်ပေါင်း အနည်းဆုံး ၃၇ ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄၂၆ ဦး သေဆုံးခဲ့တယ်လို့ လွတ်လပ်သော သုတေသနနှင့် အချက်အလက် လေ့လာဆန်းစစ်ရေးအဖွဲ့ Nyan Lynn Thit Analytica (NLT) အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်တွေဟာ စစ်ကောင်စီအလိုကျ စစ်ကော်မရှင်ကကျင်းပတဲ့ ရွေးကောက်ပွဲအပြီး စစ်တပ်ခန့်အစိုးရ မဖွဲ့ခင် ကြားကာလ ၃ လအတွင်း နိုင်ငံတဝန်း မြို့နယ် ၃၀ မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး၊ လေကြောင်းတိုက်ခိုက်မှု၊ စစ်ကြောင်းထိုးသတ်ဖြတ်မှု၊ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးမှုအများဆုံးဒေသကတော့ စစ်ကိုင်းတိုင်းဖြစ်ပြီး အရပ်သား ၂၀၁ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယအ များဆုံးက မကွေးတိုင်းဖြစ်ပြီး ၅၅ ဦး၊ တတိယအများဆုံးက ကချင်ပြည်နယ်ဖြစ်ပြီး ၅၃ ဦး သေဆုံးခဲ့တယ်လို့ မေလ ၂၇ နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။
အဲဒီနောက် ပဲခူးတိုင်း (အရှေ့ပိုင်း) မှာ ၃၆ ဦး၊ ရခိုင်၊ ချင်း၊ တနင်္သာရီ၊ မန္တလေးနဲ့ တခြားဒေသတွေမှာလည်း အစုလိုက်အပြုံလိုက် သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်အရေအတွက်အလိုက် စစ်ကိုင်းတိုင်းမှာ ၁၇ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မကွေးတိုင်းမှာ ၅ ကြိမ်၊ ကချင်၊ ရခိုင်နဲ့ ချင်းဒေသတွေမှာ ၂ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သတ်ဖြတ်မှုပုံစံအလိုက်ကြည့်ရင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အများဆုံးဖြစ်ပြီး ဖြစ်စဉ် ၂၃ ခုအထိရှိကာ အရပ်သား ၂၅၀ ဦး သေဆုံးခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ်က သေဆုံးမှုအများဆုံးဖြစ်ပြီး မတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဂျက်ဖိုက်တာအသုံးပြု တိုက်ခိုက်ခဲ့ရာ ရွှေလုပ်ကွက်တွေရှိရာနေရာက အရပ်သား ၃၀ ဦး သေဆုံးခဲ့ပါတယ်။
ဒုတိယအများဆုံး လေကြောင်းတိုက်ခိုက်မှုကတော့ မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ ဖြစ်ပွားခဲ့ပြီး မတ်လ ၁ ရက်နေ့က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၃၄ ဦး သေဆုံးခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကြောင်းထိုးဝင်ရောက်ပြီး သတ်ဖြတ်မှုတွေက ဒုတိယအများဆုံးဖြစ်ပြီး ဖြစ်စဉ် ၄ ခုမှာ အရပ်သား ၂၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်တွေဟာ မန္တလေးက ၁၀ ဦးသေဆုံး၊ ပဲခူး (အရှေ့ပိုင်း)က ၅ ဦးနဲ့ တနင်္သာရီမှာ ၇ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဉာဏ်လင်းသစ်သုတေသန အစီရင်ခံစာမှာဖော်ပြထားပါတယ်။
တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းတစ်ခုက အရပ်သား ၇ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး၊ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာလည်း မတ်လ ၁၈ ရက်နေ့က အရပ်သား ၅ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲအတွင်း အရပ်သားအစုလိုက်အပြုံလိုက် သေဆုံးမှုကလည်း ဖြစ်စဉ် ၃ ခုရှိခဲ့ပြီး အရပ်သား ၁၀၅ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီထဲမှာ စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အဆိုးရွားဆုံးဖြစ်ပြီး အရပ်သား ၈၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းအသုံးပြုတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ အရပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ အင်ဂျင်တပ် လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ခုအတွင်း အရပ်သား ၂၁ ဦး သေဆုံးခဲ့ပါတယ်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် မကွေးတိုင်း အောင်လံမြို့နယ်မှာ အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး၊ ဖမ်းဆီး သတ်ဖြတ်မှုဖြစ်စဉ်တစ်ခုအတွင်း တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ အရပ်သား ၇ ဦး သတ်ဖြတ် ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ ဒီကျူးလွန်မှုတွေထဲမှာ အမိန့်ပေးသူနဲ့ တာဝန်ရှိသူအားလုံး နိုင်ငံတကာဥပဒေအရ တာဝန်ယူရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတဲ့ စစ်ရာဇဝတ် မှုဖြစ်ပါတယ်။ Geneva Conventions နဲ့ Rome Statute တို့အရ အရပ်သားတွေ၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေဟာ War Crimes နဲ့ Crimes Against Humanity အဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒီလိုကျူးလွန်မှုတွေမှာ အမိန့်ပေးသူနဲ့ တာဝန်ရှိသူအားလုံးဟာ နိုင်ငံတကာဥပဒေအရ တာဝန်ယူရမှာဖြစ်ပြီး ICC အပါအဝင် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေဆီ ပို့ဆောင်အရေးယူသင့်ပါတယ်”
NLT ကတော့ ဒီအစီရင်ခံစာကို လွတ်လပ်တဲ့သတင်းမီဒီယာ ၄၃ ခု၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့ မြေပြင်အချက်အလက်တွေကို အခြေခံပြီး ပြုစုထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး အခုနှစ် မေလ ၂၇ ရက်နေ့အထိ စာရင်းအရ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူစုစုပေါင်း ရှစ်ထောင်ကျော် (၈,၀၆၁ ဦး ) သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
