ကျောက်ဖြူခရိုင် စနဲမြို့ကို ရက်ဆက် ဗုံးကြဲ၊ ဒေသခံ ၆၀၀၀ အိုးအိမ်စွန့် ထွက်ပြေးနေရ

ကုလားမကျွန်းနဲ့ဖရုံကျွန်းအခြေစိုက် ရေတပ် သင်္ဘောတွေပေါ်က လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ်နေသလို လေကြောင်းကနေလည်း နာရီနဲချီ ဗုံးကြဲနေ။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်က စနဲမြို့ကို စစ်တပ်က နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာကြောင့် ကျေးရွာနဲ့ရပ်ကွက် ၁၄ ခုထက်မနည်းမှာနေထိုင်တဲ့ အရပ်သားခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မြေပြင်မှာကူညီနေသူတွေက RFA ကိုပြောပါတယ်။

စနဲမြို့ပေါ်က စံပါယ်ရှောင်၊ မျှောချောင်း၊ ဒွေးချ၊ တောင်မှော်၊ အလယ်ဒွီန်၊ အနောက်ထိန်ဒွေ၊ အရှေ့ထိန်ဒွေ၊ တောင်ငူစု၊ ကံပြင်စုရပ်ကွက်နဲ့ ရွှေဟင်္သာရပ်ကွက်စတဲ့နေရာတွေမှာ နေထိုင်တဲ့ အရပ်သား နှစ်သောင်းကျော်ဟာ လွတ်ကင်းရာနေရာတွေမှာ စစ်ရှောင်နေရတာဖြစ်ပါတယ်။

စနဲမြို့နဲ့ ခုနစ်မိုင်ကျော် အကွာမှာရှိတဲ့ ကုလားမကျွန်းနဲ့ဖရုံကျွန်းမှာ အခြေစိုက်ထားတဲ့ စစ်တပ်ရဲ့ ရေတပ် သင်္ဘောတွေပေါ်ကနေ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို လေကြောင်းကနေလည်း နာရီနဲချီ ဗုံးကြဲနေတာကြောင့် ဒေသခံတွေ စစ်ရှောင်နေရတာလို့ ဇင်းချောင်းလူငယ် ပရဟိတအသင်းဥက္ကဌက ပြောပါတယ်။

“ဒီနေ့အထိ စစ်တပ်ဗုံးကြဲလို့ စနဲဒေသခံ နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရတယ်။ အခုရွှေ့ပြောင်းလာတဲ့ ဒေသခံတွေက ချက်ပြုတ်စားဖို့ အိုးတောင်ပါမလာကြဘူး။ ကျွန်တော်တို့အနေနဲ့ကတော့ အကုန်လုံးကို လွတ်ကင်းရာနေရာတွေကို ရွှေ့ပြောင်းပေးထားပြီး စားရေးသောက်ရေးလည်း ကူညီပေးထားပါတယ်။ ကျောက်ဖြူမှာက ပြီးခဲ့တဲ့နှစ်တွေက စစ်ရှောင်နေရတဲ့ ဒေသခံက ငါးသောင်းလောက်ရှိနှင့်ထားတယ်။ အခုခြောက်ထောင်နဲ့ဆိုတော့ ကာလရှည်စစ်ရှောင်ရမယ်ဆိုရင်တော့ တေယ်တေယ်လေးရုန်းကန်ရမှာပေါ့နော်။ မိုးလည်းမကြာခင်ကျမှာဆိုတော့ အမိုးအကာတွေ စားနပ်ရိက္ခာတွေလည်း လိုအပ်ပါတယ်”

ပြီးခဲ့တဲ့ မေလ ၂၆ ရက်ကလည်း ဂျက်တိုက်လေယာဉ်နဲ့စစ်တပ်က သုံးနာရီအကြာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက် ၇၈ နှစ် အရွယ် ဦးမောင်ရွှေစင် သေဆုံးခဲ့သလို ဆိုင်ခန်း ၇၀ နဲ့ နေအိမ် ၁၄ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စနဲမြို့နဲ့ နှစ်မိုင်ကျော်မှာရှိတဲ့ တောင်မော်ဦးရေတပ်အနီးမှာ စစ်တပ်နဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ စနဲမြို့က ဒေသခံတွေနေထိုင်တဲ့ လူနေ ရပ်ကွက်တွေကို ရေကြောင်း၊လေကြောင်းကနေ နေ့စဉ်ပစ်ခတ်နေပြီး စစ်ရေးအရ ဖိအားပေးဖို့ ကြိုးစား နေတာလို့ ဒေသခံတွေကဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်အထဲက မာန်အောင်၊ ကျောက်ဖြူနဲ့စစ်တွေစတဲ့ သုံးမြို့နယ်ကလွဲရင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျောက်ဖြူမြို့က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်(AA)ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။