ကုန်ကျစရိတ်မတင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၄၁ ဦးကို UEC အရေးယူ

ကုန်ကျစရိတ်စာရင်း မတင်သွင်းတာဟာ ‌ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆(စ) ကျူးလွန်တာဖြစ်ပြီး၊ နည်းဥပဒေ ၁၀၈ (က) အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ဟုဆို။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီ ကိုးပါတီနဲ့ တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စုစုပေါင်း ၄၁ ဦးကို အရည်အချင်းပျက်ယွင်းသူတွေအဖြစ် စစ်တပ်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က သတ်မှတ်ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို ဥပဒေသတ်မှတ်ထားတဲ့အတိုင်း သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေဆီ တင်သွင်းဖို့ ပျက်ကွက်ခဲ့တာကြောင့် အခုလို အရည်အချင်းပျက်ယွင်းသူတွေအဖြစ် လွှတ်တော်ကိုယ်စားလှယ် လောင်းတွေနဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် ၄၁ ဦးနာမည်နဲ့ ပါတီတွေကို တွဲပြီးသတ်မှတ်လိုက်တာဖြစ်တယ်လို့ UEC ရဲ့ ကြေညာချက်အမှတ် (၇/၂၀၂၆) မှာ ဖော်ပြထားပါတယ်။

အရည်အချင်းပျက်ယွင်းသူတွေအဖြစ်ကြေညာခံရသူတွေထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂ ဦး၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီက ၁၂ ဦး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးပါတီက ၅ ဦး၊ ပြည်သူ့ပါတီက ၄ ဦး ပါဝင်ပြီး တခြားပါတီတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။

UEC ကတော့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း မတင်သွင်းတာဟာ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ (စ) အရ တရားမဲ့ပြုကျင့်မှုကျူးလွန်တာဖြစ်ပြီး၊ ရွေးကောက်ပွဲနည်းဥပဒေ ၁၀၈ (က) အရ အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်တာလို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်နေသူတစ်ဦးကတော့ ဒီကိုယ်စားလှယ်တွေဟာ နိုင်ငံရေးရည်မှန်းချက် မရှိတဲ့သူတွေဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

“အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာခံရတဲ့သူတွေဆိုတာက တကယ်တော့ နိုင်ငံရေးရည်ရွယ်ချက် သိပ်မရှိတဲ့သူတွေလိုမျိုးပဲဆိုတာ ပြသနေတယ်။ လာမယ့်ရွေးကောက်ပွဲတွေကိုလည်း စိတ်ဝင်စားမှုနည်းပြီး ဒီလိုကြေညာခံရတာကိုလည်း အလေးမထားတဲ့အခြေအနေမျိုးပါ။ တကယ်လို့ ဒီလိုကိစ္စတွေမှာ ထောင်ဒဏ်လိုမျိုး ပြင်းထန်တဲ့အရေးယူမှုတွေနဲ့ ချိတ်ဆက်ထားကြည့်လိုက်ပါ့လား၊ ဒီလို လုပ်ဆောင်ရဲမှာ မဟုတ်ဘူး”

အရည်အချင်းပျက်ယွင်းသူတွေအဖြစ် သတ်မှတ်ခံလိုက်ရတဲ့အထဲမှာ ၄ ဦးပါခဲ့တဲ့ ပြည်သူ့ပါတီက အတွင်းရေးမှူး ဦးကျော်ကျော်ထွေးကလည်း ဒီ ကိုယ်စားလှယ်လောင်း ၄၁ ဦးဟာ စစ်ကော်မရှင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့သူတွေဖြစ်ပြီး UEC က ထုတ်ပြန်တဲ့အသိပေးစာကို ပါတီကနေတစ်ဆင့် သက်ဆိုင်ရာကိုယ်စားလှယ်တွေထံ အကြောင်းကြားပေးခဲ့ပေမယ့်လည်း ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းကို မတင်သွင်းခဲ့ကြတာဖြစ်တယ်လို့ RFA ကိုအတည်ပြုပြောပါတယ်။

အခုလို သတ်မှတ်ကြေညာဖို့အတွက် UEC က ရွေးကောက်ပွဲခုံအဖွဲ့တွေ ဖွဲ့စည်းပြီး စစ်ဆေးခဲ့တာလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခံရသူတွေဟာ လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ကြားဖြတ် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရှိတော့တဲ့အပြင် အချိုးကျကိုယ်စားပြုစနစ်အရ ပါတီအလိုက်ဦးစားပေး အမည်စာရင်း တွေမှာ ပါဝင်နေတဲ့သူတွေကိုလည်း စားရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် သတ်မှတ်ခံလိုက်ရတဲ့ပါတီကိုယ်စားလှယ်တွေက ပြောပါတယ်။

သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေတွေမှာ အနိုင်ရသူအမည်စာရင်းကြေညာတဲ့နေ့ကနေ ရက် ၃၀ အတွင်း ရွေးကောက်ပွဲ အသုံးစားရိတ်စာရင်းတွေကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေထံ တင်ပြရမှာ ဖြစ်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။