မန္တလေး မဟာအောင်မြေက အားကစားကွင်းပတ်လည်က ဆိုင်ခန်း ၁၇၂ ခန်း ဖယ်ရှားခံရ

နဝတ စစ်အစိုးရလက်ထက် ဖျက်ဆီးခဲ့တဲ့ ရွာဟိုင်းသုဿန်ဟောင်းနေရာ ၈၇ လမ်းနဲ့ ၃၉ လမ်းထောင့် ဘောလုံးကွင်း မျက်နှာစာတန်းလေးဖက် ပတ်လည်က ဆိုင်ခန်းတွေဖြစ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က ဆိုင်ခန်း ၁၇၂ ခန်းကို စစ်အာဏာပိုင်တွေနဲ့ မန္တလေးစည်ပင်က မေလ ၂၈ ရက်နေ့က အတင်းအကျပ် ဖယ်ရှားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။

ဒီဆိုင်ခန်းတွေဟာ ၁၉၉၀ နဝတ စစ်အစိုးရလက်ထက် ဖျက်ဆီးခဲ့တဲ့ ရွာဟိုင်းသုဿန်ဟောင်းနေရာ၊ ၈၇ လမ်းနဲ့ ၃၉ လမ်းထောင့် ဘောလုံးကွင်း မျက်နှာစာတန်းလေးဖက် ပတ်လည်က ဆိုင်ခန်းတွေလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ထဲက မဟာအောင်မြေ၊ ခရိုင်အားကစားနဲ့ကာယပညာဦးစီးဌာန၊ တိုင်းအစိုးရအဖွဲ့ရုံးက စီမံချက်နဲ့အညီ ဆောင်ရွက်ဖို့ ဒီဆိုင်ခန်းတွေကို မေလ ၂၇ ရက် နေ့မှာ နောက်ဆုံးထား ဖယ်ရှားရမယ်လို့ ထုတ်ပြန်ခဲ့အပြီး အခုလို အတင်းအကျပ်ဖယ်ရှားတာလို့ သိရပါတယ်။ ဒီထုတ်ပြန်ချက်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာန အယူခံအဖွဲ့က ၁၁၉ ဦးရဲ့ အယူခံတင်သွင်းမှုအပေါ် ပယ်ချလိုက် တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနေရာဟာ ရွာဟိုင်း မွတ်စလင်သင်္ချိုင်းနေရာကို သိမ်းယူပြီး မြို့နယ် အားကစားဌာနကို ပေးအပ်ခဲဲ့ ပြီးတဲ့နောက် ဘောလုံးကွင်းပတ်လည်ဆိုင်ခန်းတွေဖြစ်လာပြီး ခေတ်အဆက်ဆက် ငှါးရမ်းရောင်းချခဲ့တာလို့ မန္တလေး မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မြောက်ဘက်အခြမ်း ဘောလုံးကွင်းဘေးမှာ ဆိုင်ခန်းတွေ လုပ်ထားတာကို ဖျက်မှာ။ အခုဖျက်မယ်ဆိုတဲ့ အားကစားကွင်းဘက်အခြမ်းက မွတ်စလင်သင်္ချိုင်းဘက်က အခြမ်း။ တောင်ဘက်က ကျန်ခဲ့တဲ့ ကျောက်ဝိုင်း နေရာတွေတော့ သူတို့ မဖျက်သေးဘူး။ သူတို့ လက်ထက်မှာ သူတို့လုပ်ချင်တာ လုပ်နေတယ်လို့ ပြောရမှာပဲ။ ဘာဥပဒေမှ မရှိဘူး။ ဘာမှာ ဘယ်နှစ်နှစ်နေတယ် ဘယ်လောက် ဝယ်ထားရတယ် မသိဘူး။ အစားပေးဖို့လည်း မရှိဘူး။ ဖျက်ရမယ်ဆို ဖျက်ပဲ။ ဘာမှ ပြန်ပြောလို့ မရဘူး။ ပြောတဲ့သူက ဆွဲခံရမှာ။”

ဒီဆိုင်ခန်းတွေဖြစ်လာတာ နှစ်ပေါင်း နှစ်ဆယ်ထက်မနည်း ရှိခဲ့ပြီး အဲဒီမှာ ကျောက်မျက်ဆိုင်ခန်းတွေ၊ ထမင်းဆိုင်အချို့ နဲ့ ကျောက်ဝိုင်းက ထွက်ပြီး ရောင်းချနေတဲ့ ပျံကျကျောက်ဈေးတန်း ဆိုင်လေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဒီဆိုင်ခန်းတွေကို ပိုင်ဆိုင်သူတွေ အဖို့ကတော့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပြီး ဒါနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ မန္တလေးတိုင်းအစိုးရကို RFA က ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရခေတ်ကတည်းက မဟာအောင်မြေ ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေ တည်ခဲ့တဲ့ ကျောက်စိမ်းဘုရားဘက်ကို

အာဏာပိုင်တွေက ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ရာမှာ ကန့်ကွက်မှုတွေကြောင့် မအောင်မြင်ခဲ့တာကို လက်ရှိ စစ်တပ်ခန့်အစိုးရလက်ထက်မှာ လုပ်ဆောင်ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ မန္တလေးမြို့ခံတွေက ပြောဆိုကြပါတယ်။