မန္တလေးတိုင်း တောင်သာမြို့နယ်မှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတဲ့ အချိန် နှစ်ပတ်အတွင်း အခြေခံပညာ ကျောင်းသားသုံးဦး အပါအဝင် ဒေသခံ ၁၄ ဦးထက်မနည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့ နယ်ခံတွေက ဇွန်လ ၁၄ ရက်နေ့မှာ ပြောပါတယ်။
တောင်သာမြို့နယ်ထဲက ရွာတွေကို မြင်းခြံမြို့နယ်ကနေ စစ်ကြောင်းတစ်ကြောင်း၊ တောင်သာမြို့ပေါ်က စစ်ကြောင်းတစ်ကြောင်းနဲ့ ညောင်ဦးမြို့နယ်ဘက်က စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း အင်အား ၈၀၀ ခန့်ပါတဲ့ စစ်ကြောင်းတွေက မေလ ၃၁ ရက်နေ့ကနေ ဒီနေ့အထိ ရွာစဉ်လှည့် စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။ စစ်ကြောင်းထိုးချိန် ဆီဆုံကုန်းရွာသား ၇ ဦး၊ အင်းတဲရွာသား ၄ ဦး၊ ဆည်တောရွာသား ၁ ဦး၊ တံတားအရှေ့ ရွာသား ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
ဇွန်လ ၁ ရက်နေ့မှာ ဆီဆုံကုန်းရွာကနေ တောင်သာမြို့ပေါ်ကို ပန်းရံအလုပ်သွားလုပ်တဲ့ အလုပ်သမား ၇ ဦး ကိုင်းရွာ တံတားအနီး စစ်ကြောင်းက ဖမ်းဆီးပြီးနောက် အဲဒီတံတားအနီးမှာပဲ သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၄ ရက်နေ့မှာတော့ တံတားအရှေ့ရွာ မီးရှို့ဖျက်ဆီးခံရချိန် မီးသွားငြှိမ်းတဲ့ ရွာခံနှစ်ဦး သတ်ဖြတ်ခံရတာ လို့ဆိုပါတယ်။
ဇွန်လ ၇ ရက်နေ့ကလည်း နတ်စောင့်ရွာနဲ့ အင်းတဲရွာကြားမှာ စစ်ကြောင်းတိုးတဲ့ ဒေသခံ ၄ ဦး ဖမ်းဆီးသတ် ဖြတ်ခံရပြီး အဲဒီအထဲမှာ Grade 12 တက်နေတဲ့ ၁၇ နှစ်အရွယ် ကျောင်းသားနှစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ဇွန်လ ၉ ရက်နေ့မှာတော့ ဆည်တောရွာကနေ စစ်ကြောင်းက ဖမ်းလာတဲ့ ဒေသခံသုံးဦးထဲက Grade 9 တက်နေတဲ့ ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးကို ညောင်ကုန်းရွာမှာ သတ်ဖြတ်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိချိန်ထိ စစ်ကြောင်းတွေက ဝဲလောင်တိုက်နယ်နဲ့ ဇဂျမ်းရွာအနီးတစ်၀ိုက်က ရွာတွေမှာ တပ်ဖြန့် စစ်ကြောင်းထိုးနေတာကြောင့် လူနှစ်သောင်းခန့် တိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
“စစ်ကြောင်းကတွေ ပြန်မထွက်သေးဘူး ရွာတွေအများကြီးကို ဖြန့်ပြီး စစ်ကြောင်းထိုးနေတော့ ရှောင်နေရတာ။ အခုက သူတို့ထောက်ခံသည်ဖြစ်စေ မထောက်ခံသည်ဖြစ်စေ ပြည်သူမှန်သမျှကို ရန်သူသဖွယ်သတ်ဖြတ်နေတာ။ ရွာတွေမှာ PDF ရှိရှိ မရှိရှိ မီးရှို့တယ် ပစ္စည်းတွေသယ်။ ဆိုင်ကယ်တွေရော မျိုးမြေပဲကအစ အကုန်ယူကြတယ်။ ကျောင်းသားတွေလည်း အသတ်ခံရတယ်။ စစ်ကောင်စီကောင်းမှာပဲ တက်တက်၊ NUG ကျောင်းမှာပဲတက်တက် လေကြောင်းအန္တရာယ်ရော စစ်ကြောင်းအန္တရာယ်ရော ကြောက်နေရတယ်”
တောင်သာမြို့နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
တောင်သာမြို့နယ်ထဲကို နေ့စဉ်ရက်ဆက် စစ်ကြောင်းထိုးနေချိန် တောင်သာမြို့နယ်နဲ့ နယ်မြေချင်းဆက်နေတဲ့ မလှိုင်မြို့နယ် သရင်ကောင်းပင်ရွာကိုလည်း ဇွန်လ ၅ ရက်နေ့မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသား သုံးဦးအပါအဝင် အရပ်သား ငါးဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဧပြီလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တောင်သာမြို့နယ်ထဲကရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးချိန် ဒေသခံရှစ်ဦးသေဆုံးပြီး နေအိမ် ၃၀၀ ထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
