နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေး တိုက်ချီတို (Taichitoe) ဟာ ဇွန်လ ၂၁ ရက်နေ့ ညပိုင်းမှာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် (၅၄) နေအိမ်မှာပဲ သက်ကြီးရောဂါနဲ့ သေဆုံးသွားတယ်လို့ နီးစပ်သူတွေက RFA ကိုပြောပါတယ်။
ခွေးလေး တိုက်ချီတို ကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်လာတဲ့ ၂၀၁၀ ခုနှစ်မှာ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အဲဒီအချိန်က တိုက်ချီတိုဟာ သုံးလသားအရွယ်ပဲ ရှိပါသေးတယ်။
အခုသေဆုံးချိန်မှာ အသက် ၁၆ နှစ်အရွယ် ရှိပါပြီ။ တိုက်ချီတိုကို ခြံအမှတ် (၅၄) နေအိမ်ဝန်းထဲမှာပဲ မြေမြုပ်သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
နှစ်ပေါင်းများစွာ အထီးကျန်စွာ နေအိမ်အကျယ်ချုပ် ကျခဲ့ရတဲ့နောက်ပိုင်း တိုက်ချီတိုလေးဟာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေ့စဉ်ဘဝမှာ အရေးပါတဲ့ အဖော်ဖြစ်ခဲ့တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစဉ်က ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရပြီး သူ့ရဲ့ အိမ်တော်ထိန်းတွေအပါအဝင် လူ ရှစ်ဦးနဲ့ တိုက်ချီတို တို့ကို နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက် ချုပ်နှောင်ထားတဲ့နေရာမှာပဲ ၂၀၂၂ ခုနှစ် ဇွန်လအထိ အတူထားရှိခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်း ခေါင်းဆောင်တွေက နေပြည်တော်အချုပ်ထောင်ဆီ ပြောင်းရွှေ့လိုက်တဲ့နေ့ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ဟာ တိုက်ချီတိုနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နောက်ဆုံးတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွဲခွာရပြီး လေးနှစ်အကြာမှာ တိုက်ချီတိုဟာ သူ့သခင်ကို စောင့်ဆိုင်းရင်း သက်ကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
