နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ မုံရွာ၊ မန္တလေး၊ တောင်ကြီးစတဲ့ ဒေသတွေက ပြည်သူ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ဇွန်လ ၂၁ ရက်နေ့မှာ RFA ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဇွန်လ ၁၉ ရက်နေ့ကနေ ဇွန်လ ၂၁ ရက်နေ့အထိ သုံးရက်တာ နှင်းဆီပန်း ရောင်းချခွင့်ပိတ်ပင်ထားပြီး ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း နှင်းဆီပန်း ရောင်းချသူ၊ ဝယ်ယူသူ၊ ပန်ဆင်သူ၊ ဘုရားပန်းကပ်သူ၊ ပန်းအိုးထိုးသူ စတဲ့ နှင်းဆီပန်းအသုံးပြုသူ ၁၅ ဦးထက် မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့ အောင်ချမ်းသာ၊ ထန်းတော၊ ညောင်ပင်စောက် စတဲ့ ရပ်ကွက်တွေထဲမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးတာလို့ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။
“ဘုရားပန်း နှင်းဆီပန်းအနီ ကပ်လှူထားတာမျိုးတွေကို အိမ်ထဲထိကို ဝင်ဆွဲပြီးတော့ ဖမ်းဆီးသွားတာမျိုးတွေရှိတယ်။ ကျွန်တော်တို့သိသလောက် အနည်းဆုံး ၁၅ ယောက်လောက် ရှိတယ်။ အဲဒါက မဖမ်းဘဲ ပြန်လွှတ်လိုက်တဲ့သူတွေ မပါသေးဘူး။ တချို့လည်း ဖမ်းခေါ်သွားတာမျိုး မဟုတ်ဘဲနဲ့ ရှောင်တခင် ဝင်စစ်ဆေးတယ် စစ်ဆေးတဲ့အချိန်မှာ ဘုရားပန်းထိုးတာတွေ့တယ်၊ အိမ်ရှေ့ အလှပန်းအိုး ထိုးတာတာတွေ့တယ်ဆိုရင် သူတို့ရှေ့မှာတင်ပဲ အမှိုက်ပုံးထဲကို ထည့်ခိုင်းတာမျိုးလည်း ရှိတယ်။ ကျွန်တော်တို့ လက်လှမ်းမှီသလောက် သိရသလောက်က ၁၅ ယောက်လောက်ဖမ်းခံရတယ်”
အဲဒီနေ့က မုံရွာမြို့ ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ သာစည်လမ်း၊ ကျောက္ကာလမ်း၊ အောင်မဟာလမ်း၊ ကမ်းနားလမ်း၊ စက်မှုဇုန်၊ နန္ဒဝန် စတဲ့လမ်းတွေမှာ စစ်တပ်နဲ့ ရဲ က အိမ်စီးကားတွေနဲ့ ကင်းပတ်ခဲ့ပြီးနောက် ပန်းပန်တဲ့သူနဲ့ နှင်းဆီပန်း ပန်းအိုးထိုးတဲ့သူတွေကို လိုက်လံဖမ်းဆီးခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို ဘယ်လိုအရေးယူထားတယ်ဆိုတာနဲ့ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိ ဆိုတာတွေကိုတော့ မသိရသေးပါဘူး။
မန္တလေးမြို့မှာတော့ ‘81 Electronic’ ကုမ္ပဏီရဲ့ 81 နံပါတ်ပါ အားကစားဝတ်စုံဝတ်ဆင်တဲ့ အမျိုးသား သုံးဦးနဲ့ မဟာအောင်မြေမြို့နယ်မှာ နှင်းဆီပန်း ပန်ဆင်တဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။
“81 ဆိုတာ လျှပ်စစ်ပစ္စည်းကုမ္ပဏီလေ အဲဒီကုမ္ပဏီကပေးတဲ့အင်္ကျီပေါ့။ အဲဒါကို ဝတ်ထားတဲ့သူတွေ အဖမ်းခံရတာ။ အဲဒီနေ့က အရပ်ဝတ်တွေနဲ့ လမ်းတွေမှာ ကင်းပတ်တယ်။ အထူးသဖြင့် စျေးတွေမှာ နှင်းဆီပန်းဝယ်ပြီး ထွက်လာတာတို့ ဘာတို့ကို သူတို့စောင့်ကြည့်တယ်။ မန္တလေးမှာတော့ ဒီနှစ်က အဲဒီကုမ္ပဏီအင်္ကျီဝတ်လို့ ဖမ်းခံရတာထူးခြားချက်ပဲ”
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အေးသာယာမြို့မှာလည်း ဇွန်လ ၁၉ ရက်နေ့က နှင်းဆီပန်းအနီ ကိုင်ဆောင်ပြီး TikTok လူမှုကွန်ရက်စာမျက်နှာမှာ ရုပ်သံဗီဒီယိုတင်ခဲ့သူ အသက် ၃၄ နှစ်အရွယ် မနွယ်နွယ် ဆိုသူ ဖမ်းဆီးခံရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ၈၁ နှစ်ပြည်မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုမှာ ပါဝင်သူတွေ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
စစ်တပ်ခန့်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ကတော့ သတင်းတု၊ သတင်းမှား တင်တာတွေအပါအဝင် အွန်လိုင်းပေါ်ကနေ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို ၂၄ နာရီ စောင့်ကြည့်နေပြီး စစ်ဆေးတွေ့ရှိသူတွေကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀၊ ပုဒ်မ ၅၂ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅ တို့နဲ့ အရေးယူနေတယ်လို့ ဇွန်လ ၁၈ ရက်နေ့ကကျင်းပတဲ့ အာဏာသိမ်းစစ်တပ် ဦးဆောင်ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောထားပါတယ်။
အာဏာသိမ်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရောက်တိုင်း ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေက မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေ နှစ်စဉ် ပြုလုပ်လေ့ရှိပြီး အရင်နှစ်တွေကလည်း ပန်းပန်သူတွေ၊ အွန်လိုင်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်းပေးသူတွေ ဖမ်းဆီးခံရတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။
