တံတားဦးက နေအိမ်နဲ့ အဆောက်အအုံ ရာနဲ့ချီ ဖယ်ရှားဖို့ ဖိအားပေးခံရ

ရန်ကုန်-ပြည်- မန္တလေး ပြည်ထောင်စုလမ်းမကြီး စီမံကိန်းဖော်ဆောင်မှာဖြစ်တာကြောင့် တံတားဦးမြို့က နေအိမ်နဲ့ အဆောက်အအုံ ရာနဲ့ချီ ဖယ်ရှားပေးရမှာ ဖြစ်ဟုဆို။

မန္တလေးမြို့အနီး၊ တံတားဦးမြို့ လမ်းဘေးဝဲယာက အဆောက်အအုံတွေကို လာမယ့် ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ စစ်တပ်ခန့်အစိုးရရဲ့ တံတားဦးမြို့နယ် လမ်းဦးစီးဌာနက ပိုင်ရှင်တွေဆီ စာပို့ပြီး ဖိအားပေးလာတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီမြေနေရာတွေမှာ လက်ရှိ နေထိုင်သူတွေဟာ ဘိုးဘွားတွေ လက်ထက်ကတည်းက နေထိုင်နေကြတာလို့ ဆိုကြပြီး ဒီလို ဖယ်ရှားပေးရမယ့် အခြေအနေကြောင့် နေစရာဆုံးရှုံးရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ တံတားဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲတော့ လူတွေကတော့ တော်တော်ကို ဒုက္ခဖြစ်နေကြပြီပေါ့။ ဒါကြီး မလွတ်လို့ ၇၅ ပေ အထိ ဖယ်ရမယ်ဆိုရင် နေစရာ အိမ်ပျောက်သွားမယ့် လူတွေက အများကြီးပဲ။ ဖျက်ရမယ်ဆို အဆောက်အအုံက ဘယ်နည်းမှာလဲ။ မြို့မြောက်ဘက်တစ်ခြမ်းကတော့ နည်းလိမ့်မယ်။ ဒါပေမဲ့ တောင်ဘက်ခြမ်းကတော့ အိမ်ခြေ ရာချီပြီးတော့ ဟိုဘက်ဒီဘက် ရွှေ့ရမှာနော်။ တစ်ချို့တွေဆိုရင် နေစရာ ထိုင်စရာတွေပါ ပျောက်သွားမှာ။ ပေ တစ်ရာစာ ရှိတဲ့ အိမ်နဲ့ဆိုင်တွေပါ ဖျက်ရမှာ။ သူတို့ဘာသာ ဖျက်ချင်ဖျက် ဖျက်ခကို အကုန်မခံတော့ဘူး ဆိုပြီး စိတ်နှလုံး ဒုံးဒုံးချ စိတ်ညစ် ကိုယ်ညစ်ပေါ့”

ရန်ကုန် - ပြည် - မန္တလေး ပြည်ထောင်စုလမ်းမကြီး စီမံကိန်းဖော်ဆောင်မှာဖြစ်တာကြောင့် တံတားဦးမြို့က လမ်းဘေးတလျှောက် နေအိမ်နဲ့ အဆောက်အအုံ ရာနဲ့ချီ ဖယ်ရှားပေးရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီစီမံကိန်းအရ လမ်းနယ်နိမိတ်က ပေ ၁၅၀ ဖြစ်ပြီး လမ်းအလယ်ဗဟိုကနေ တစ်ဖက် ၇၅ ပေ အကွာက လမ်းဦးစီးဌာနပိုင် လမ်းနယ်မြေဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဒါကြောင့် ဒီ ၇၅ ပေ အကွာအတွင်း ကျူးကျော်ထားတဲ့ အဆောက်အအုံ၊ ခြံစည်းရိုး နဲ့ ဆိုင် စတာတွေကို မဖြစ်မနေ ဖယ်ပေးရမှာ ဖြစ်ပြီး ဖယ်ရှားမပေးရင် လမ်းမကြီးများဥပဒေအရ အရေးယူသွားမယ်လို့ ပိုင်ရှင်တွေဆီကို စာပို့ အကြောင်းကြားထားတာလို့ ဆိုပါတယ်။

တံတားဦးမှာ ဒီလိုလမ်းဘေးဝဲယာရှိ မြေ တစ်ပေကို ကျပ်သိန်း ၁၀၀ ဝန်းကျင်အထိ စျေးပေါက်နေပြီး မြေတစ်ကွက် ဝယ်ယူနိုင်ဖို့ မလွယ်တော့ဘူးလို့လည်း ပြောပါတယ်။

တံတားဦးမြို့ဟာ ရန်ကုန် - ပြည် - မန္တလေး ပြည်ထောင်စုလမ်းမကြီး စီမံကိန်းရဲ့ မန္တလေး - တံတားဦး - မြို့သာ - မြင်းခြံ - ပုဂံ လမ်းပိုင်းမှာ တည်ရှိပါတယ်။

ပြီးခဲ့တဲ့မေလ ၂၈ ရက်နေ့ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၇ လမ်းနဲ့ ၃၉ လမ်းထောင့် ဘောလုံးကွင်း မျက်နှာစာတန်းလေးဖက် ပတ်လည်က နှစ်ထပ်တိုက်(RC) က ၁၂၀ ခန်း နဲ့ တစ်ထပ်လုံးချင်း အခန်းပုလေးတွေက ၅၀ ခန်း၊ စုစုပေါင်း ဆိုင်ခန်း ၁၇၂ ခန်းကို စစ်တပ် အာဏာပိုင်တွေနဲ့ မန္တလေးစည်ပင်က အတင်းအကျပ် ဖယ်ရှားခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။