မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှု ၁၉၂၅ ကြိမ်ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၁၇၃ ဦး သေဆုံးကာ ၉၃၀ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆွစ်ဇာလန် နိုင်ငံအခြေစိုက် Insecurity Insight လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့က အခုနှစ် မေလ ဒုတိယအပတ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်အထိ ကျန်းမာရေး အဆောက်အအုံ ထိခိုက်ပျက်စီးမှု ၅၀၀ ကျော်ရှိခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင် ကျန်းမာရေးဝန်ဆောင်မှုအပေါ် တိုက်ခိုက်မှု ၅၃ ကြိမ်၊ လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေကြောင့် ကျန်းမာရေးလုပ်ငန်း ထိခိုက်မှု ၈၂ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာအရ မေလ ၇ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ဝင်းမနားကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ် တိုက်လေယာဉ်နဲ့ အသေခံဒရုန်း (Kamikaze Drone) တွေ အသုံးပြု တိုက်ခိုက်ခဲ့ရာ ဆေးရုံအတွင်း ကုသမှုခံယူနေသူ နှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အဲဒီဆေးရုံဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ ဆေးရုံဖြစ်ပြီး ဒုတိယအကြိမ် တိုက်ခိုက်ခံရတာလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သုံးခွကျေးရွာမှာလည်း မေလ ၇ ရက်နေ့က စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းတွေကို ကုသပေးနေတဲ့ ဆေးဝန်ထမ်းတစ်ဦး အပါအဝင် လူသုံးဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းတာကို လက်မခံနိုင်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM မှာပါဝင်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့က ဆရာဝန်တစ်ဦးကတော့ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်နေတဲ့ စစ်တပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ဘက်ပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေရဲ့ အသက်ကို ကယ်တင်ပေး နေသူတွေ ဖြစ်ပါတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ လူနာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ အခုလို ဆက်တိုက်ဖြစ်လာနေတာက ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကို ပိုမိုဆိုးရွားစေပါတယ်၊ လူတိုင်း လူတိုင်း ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်ရှိပါတယ်။ ပဋိပက္ခတွေနဲ့ မရောထွေးဘဲ လူလူချင်းစာနာတဲ့အနေနဲ့ ဆေးကုသခွင့်က ပေးရမှာပါ။ အဲဒီလို မပေးဘဲ ဒဏ်ရာရသူတွေကို ကုသပေးနေတဲ့ ဆေးရုံတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကို တိုက်ခိုက်နေတဲ့ စစ်တပ်ဟာ လူသားချင်းစာနာမှုကို ချိုးဖောက်နေတဲ့ သူတွေဖြစ်တယ်လို့ ပြောချင်ပါတယ်။“
ရန်ကုန်တိုင်း ဒလမြို့မှာတော့ စစ်ကောင်စီရဲ့ လုံခြုံရေးဆောင်ရွက်မှု ပျက်ကွက်တယ်လို့ လူမှုကွန်ရက်ပေါ် ဝေဖန်ရေးသားခဲ့တဲ့ ဆရာဝန်တစ်ဦးကို မေလ ၇ ရက်နေ့က စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့တယ်လို့ လူသားမျိုးနွယ်လုံခြုံရေးဆိုင်ရာ သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Insecurity Insight ကတော့ အခုထုတ်ပြန်တဲ့ အချက်အလက်တွေဟာ သတင်းရင်းမြစ်တွေကနေ စုဆောင်းထားတာဖြစ်ပြီး မြေပြင်အတည်ပြုမှု မပြုလုပ်နိုင်သေးတဲ့ ဖြစ်စဉ်တွေလည်း ပါဝင်နိုင်တယ်လို့ အသိပေးထားပါတယ်။
နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) နဲ့ WHO အပါအဝင် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းတွေ ကတော့ မြန်မာနိုင်ငံမှာ စစ်ပဋိပက္ခတွေကြောင့် ကျန်းမာရေးစနစ် ပိုမိုဆိုးရွားလာနေပြီး ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ ပြန်လည်ဖြစ်ပွားနေသလို စစ်ဘေးရှောင်စခန်းတွေမှာ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတဲ့ အခြေအနေတွေ ကြုံနေရတယ်လို့ သတိပေးထားပါတယ်။
WHO ရဲ့ ၂၀၂၆ အရေးပေါ်ကျန်းမာရေး အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူ ၉.၃ သန်းကျော် ကျန်းမာရေး အကူအညီ လိုအပ်နေပြီး စစ်ပဋိပက္ခနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တိုက်ခိုက်မှုတွေကြောင့် ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။
