စိုင်ပြင်ရဲစခန်းကို‌ သိမ်းယူခဲ့ကြောင်း PDF ရွှေဘိုခရိုင်စစ်ဌာန ကြေညာ

တိုက်ပွဲအတွင်း စစ်အာဏာပိုင်တွေဘက်က ၁၁ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့က စစ်အာဏာပိုင်တွေလက်အောက်ခံ နယ်မြေရဲစခန်းကို နှစ်ရက်ကြာတိုက်ခိုက်ခဲ့ပြီး သိမ်းယူခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက မေလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်အာဏာပိုင်တွေဘက်က ၁၁ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်းတချို့ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၅ မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်အပါအဝင် ပြည်သူတွေကို တိုက်ခိုက်ဖို့ စစ်ကောင်စီတပ်တွေကို နယ်မြေခံအဖြစ် သတင်းပေးနေခဲ့တဲ့အတွက် အခုလို ရဲစခန်းကို တိုက်ခိုက်ခဲ့တာလို့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“နယ်မြေရဲစခန်းဆိုပေမယ့် အခုကတော့ ရဲတွေတင်ရှိတာမဟုတ်ပါဘူး။ စစ်တပ်က တပ်သားတွေပါ လာထိုင်ထားတဲ့တပ်စခန်းပါ။ နယ်မြေသတင်းတွေစုဆောင်းထားပြီး လေကြောင်းကနေ တိုက်ခိုက်ဖို့ သတင်းပေးတာတွေအကုန်လုံး အဲဒီစခန်းကနေ လုပ်တာပါ။ ဥပမာ အိုးထိန်းကွင်းဖြစ်စဥ်လိုမျိုးပေါ့”

၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းကွင်းရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်နေတဲ့ ကျောင်းသားကျောင်းသူ ကလေးငယ် ၂၂ ဦးနဲ့ ဆရာမ ၂ ဦး စုစုပေါင်း ၂၄ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၀၀ ကျော်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

စိုင်ပြင်နယ်မြေရဲစခန်းကို အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက အင်အား ၆ဝလောက်နဲ့ မေလ ၁၄ ရက်နေ့မှာ စတင်တိုက်ခိုက်ပြီး ၁၆ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နှစ်ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၁ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ပေမဲ့ စခန်းမှူး ဒုရဲအုပ်ကတော့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေထဲမှာ သေဆုံးထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေပါဝင်ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း အရေအတွက်အတိအကျကို ပြောလို့မရသေးကြောင်းနဲ့ ဖမ်းမိထားသူတွေကို ဆေးကုသပေးထားပြီး လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒီစခန်းတိုက်ခိုက်သိမ်းယူခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။