မြန်မာမှာ စစ်အုပ်စုရဲ့ အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရေးအတွက် အာဆီယံအနေနဲ့ ရှင်းလင်းပြတ်သားပြီး အချိန်ကာလ တိကျစွာပါဝင်တဲ့ စံသတ်မှတ်ချက်တွေကို ချမှတ်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေလ ၁၂ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး NUG နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်တိုက်တွန်းလိုက်တာပါ။
အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့နဲ့ အစွမ်းကုန်ထိမ်းသိန်းလုပ်ဆောင်ကြဖို့ အာဆီယံထိပ်သီး အစည်းအဝေးကတဆင့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို တိုက်တွန်းတဲ့ တိုက်တွန်းချက်ကို ကြိုဆို ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါပေမဲ့ ပြစ်တင်ရှုတ်ချပြောဆိုမှုတွေအတွက် တာဝန်ခံမှုရှိတဲ့ ခိုင်မာတဲ့ယန္တရားတွေ တွဲဖက်ပါဝင်ဖို့ လိုအပ်တာကြောင့် အခုလို တိုက်တွန်းတာဖြစ်ပြီး ဒီလိုယန္တရားတွေမရှိရင် အရပ်သားတွေကို ကာကွယ် စောင့်ရှောက်ရေး တောင်းဆိုချက်ဟာ လက်တွေ့မကျဘဲ ဆန္ဒသက်သက်ပဲ ဖြစ်လိမ့်မယ်လို့ NUG က ပြောပါတယ်။
ဒီအပြင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေမှုအပေါ် အာဆီယံရဲ့ မှတ်သားချက်ကို အသိအမှတ်ပြုပေမဲ့ နိုင်ငံရေးအကျဉ်းသား ထောင်ပေါင်းများစွာ ဆက်လက် အကျဉ်းချခံထားရတာကြောင့် လက်ရှိဆောင်ရွက်ချက် တွေဟာ လုံး၀ လုံလောက်မှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ဒါကြောင့် ယုံကြည်စိတ်ချရပြီး အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲတွေ ဖြစ်ပေါ်လာရေးအတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ မဖြစ်မနေလိုအပ်ကြောင်းလည်း NUG က ပြောပါတယ်။
စစ်အုပ်စုရဲ့ တဖက်သတ် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ထဲမှာ အချက်တစ်ချက်အနေနဲ့ ပါဝင်တဲ့ လူသားချင်းစာနာမှုအကူအညီတွေပေးတဲ့အခါ ပိုပြီးထိရောက်ဖို့အတွက် NUG အပါအဝင် တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAO) နဲ့ပါ ညှိုနှိုင်းဆောင်ရွက်ဖို့အတွက်လည်း NUG က ထောက်ပြပါတယ်။
စစ်တပ်ခန့် အစိုးရကတော့ မြန်မာနိုင်ငံက အပြုသဘော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံနိုင်ငံ အများစုက နားလည် သဘော ပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လိုပေမဲ့ နိုင်ငံအနည်းငယ်က ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ တန်းတူမထားဘဲ ချန်လှပ်တာတွေ ဆက်လုပ်နေသလို ပြည်တွင်းရေးကို ဝင်စွက်ဖက်တာ၊ ဝေဖန်တာ၊ ဖိအားပေးတာတွေလုပ်နေတယ်လို့ မေလ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြော ဆိုပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ခန့် အစိုးရ လက်ထက်မှာလည်း အကြမ်းဖက်မှုတွေကိုပဲ ပိုတိုးလုပ်လာတယ်လို့ လက်ရှိမှာ နေ့စဉ်နီးပါး ဗုံးကြဲခိုက်မှုတွေ ရှိနေတဲ့ မန္တလေးတိုင်း မြင်းခြံခရိုင်က ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။
“အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကလည်း ကြာလှပြီ အာဆီယံနိုင်ငံတွေကလည်း ဒါကိုပဲ တစ်စိုက်မတ်မတ် တောင်းဆိုခဲ့တာ။ အဲဒီအပေါ်မှာ ဦးမင်းအောင်လှိုင်က ဒါတွေကို လုံး၀ကရုမစိုက်ခဲ့လို့လည်း ဒီနေ့အချိန်အထိ လေကြောင်းတိုက်ခိုက်မှုတွေ မရပ်တန့်ဘူးလေ။ ဘယ်နိုင်ငံကပဲ ဘယ်လောက်ဖိအားပေးပေး ပြည်တွင်းရေးကိစ္စ ဘယ်နိုင်ငံကမှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာကို လက်ကိုင်စွဲပြီးတော့ သူလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောပဲ ဘယ်တော့မှ ဒါကိုလက်ခံလာမှာ မဟုတ်ဘူးလို့ မြင်တယ်”
အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အကြပ်အတည်း တိုးတက်ပြောင်းလဲမှုမရှိဘဲ ရှည်ကြာနေတာကို အာဆီယံခေါင်းဆောင်တွေအနေနဲ့ စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်း ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ဘောင်ဘောင်း မားကို့စ် ဂျူနီယာက မေလ ၈ ရက်နေ့က ပြောထားပါတယ်။
