မြန်မာနိုင်ငံက အပြုသဘော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို အာဆီယံနိုင်ငံအများစုက နားလည် သဘော ပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်လိုပေမယ့် နိုင်ငံအနည်းငယ်က ကန့်သတ်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေနဲ့ တန်းတူမထားဘဲ ချန်လှပ်တာတွေ ဆက်လုပ်နေသလို ပြည်တွင်းရေးကို ဝင်စွက်ဖက်တာ၊ ဝေဖန်တာ၊ ဖိအားပေးတာတွေလုပ်နေတယ်လို့ စစ်တပ်ခန့် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ပြောဆိုပါတယ်။
ဒီလိုပြောဆိုတာဟာ အာဆီယံအဖွဲ့အတွင်း မြန်မာနဲ့ပတ်သက်လို့ မျှော်လင့်ထားသလို တိုးတက်မှုမရှိခဲ့တဲ့အတွက် အများစုက စိတ်ပျက်လက်ပျက်ဖြစ်ရကြောင်း ပြောဆိုချက်တွေ ထွက်ပေါ်လာအပြီး အခုလို ကြေညာချက်ထုတ် ပြောလိုက်တာဖြစ်ပါတယ်။
အာဆီယံခေါင်းဆောင်တွေအနေနဲ့ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံက နိုင်ငံရေး အကြပ်အတည်း တိုးတက်ပြောင်းလဲမှုမရှိဘဲ ရှည်ကြာနေတာကို စိတ်ပျက်လက်ပျက် ဖြစ်ကြရတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် ဘောင်ဘောင်း မားကို့စ် ဂျူနီယာ (Ferdinand “Bongbong” Marcos Jr. ) က မေလ ၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။ အာဆီယံမိသားစုထဲမှာပါ မြန်မာကို ပြန်ထည့်လို့မရ ဖြစ်နေတာဟာ လည်း အာဆီယံအဖွဲ့ကြီးအတွက် ဝမ်းနည်းစရာ ဝဋ်ကြွေးတစ်ခုပါပဲလို့လည်း သူက ပြောပါတယ်။
အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) ကတော့ မြန်မာ့အရေးနဲ့ ထိုင်းကမ္ဘောဒီးယား နယ်စပ်အရေးတွေကို တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းစွာ စေ့စပ်ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ရွေးကောက်ပွဲကျင်းပတယ်ဆိုရင် လက်ရှိဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မယ့် အားလုံးလွတ်လပ်ပွင့်လင်းစွာပါဝင်နိုင်တဲ့ရွေးကောက်ပွဲမျိုးသာဖြစ်သင့်တယ်လို့လည်း ပြောပါတယ်။
မလေးရှား နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန် (Mohamad Hasan) ကတော့ မြန်မာစစ်အစိုးရဟာ အာဆီယံအဖွဲ့မှာ တင်းပြည့်ကြပ်ပြည့် တန်းတူပါဝင်လာဖို့ လုံလောက်တဲ့ လုပ်ဆောင်မှုတွေမရှိသေးဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုယ့်နိုင်ငံသား တွေအပေါ် အကြမ်းဖက်ဖိနှိပ်တာတွေဆက်လုပ်နေဆဲ၊ ရွေးကောက်ပွဲဆိုတာကလည်း အာဆီယံက လမ်းညွှန် ထားတဲ့ ဘုံသဘောတူညီချက်ပါအတိုင်း ကျင်းပတာမဟုတ်ဘဲ တစ်ဖက်သတ်လုပ်တဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
လာမယ့်နှစ်တွေမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနဲ့ စင်္ကာပူတို့က တာဝန်ယူဖို့ရှိပြီး ဒီနှစ်နိုင်ငံကလည်း မလေးရှားနိုင်ငံနဲ့ သဘောထားရပ်တည်ချက်တူမယ်လို့ ယုံကြည်ထားကြပါတယ်။
ထိုင်းနိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ပြန်လည်ဆက်ဆံတဲ့အခါ နိုင်ငံရေးအဆင့် ထိတွေ့ဆက်ဆံမှု ကသာ အပြောင်းအလဲအတွက် ဆွေးနွေးမှုတွေရှိလာမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံက ဦးဆောင်ကြိုးပမ်းနေတဲ့ မြန်မာနဲ့ ဆက်ဆံရေး ပြန်လည်ထူထောင်ဖို့အတွက် မြန်မာစစ်တပ်ခန့် နိုင်ငံခြားရေးဝန်ကြီးနဲ့ အွန်လိုင်းကနေ ဆွေးနွေးဖို့ မေလ ၇ ရက်နေ့က သဘောတူထားပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။
မြန်မာနဲ့ပတ်သက်လို့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ(စစ်ခေါင်းဆောင်)အပါအဝင် အားလုံးက သဘောတူချမှတ်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းတိုင်းပြည်မှာ ဘာမှ တိုးတက်ပြောင်းလဲလာတာ မရှိပါဘူးလို့လည်း ဖိလစ်ပိုင်သမ္မတက ပြောပါတယ်။ ဘုံသဘောတူညီချက်တွေထဲမှာ မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေရပ်တန့်ဖို့နဲ့ နိုင်ငံတကာလူသားချင်းစာနာမှုအကူအညီတွေပေးရာမှာ လွတ်လပ်စွာ ပေးနိုင်ရေး ကူညီပေးဖို့တွေပါဝင်ပါတယ်။
မြန်မာနိုင်ငံက စစ်တပ်ကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်နဲ့ တက်လာတဲ့ စစ်တပ်ခန့် အစိုးရသစ်ကို အသိအမှတ် ပြုမပြုကိစ္စကို အဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားရပ်တည်မှုကွဲနေဆဲဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတကတော့ မြန်မာအစိုးရကို အသိအမှတ်ပြုမပြုဆိုတာထက် မူလပဋိဉာဥ်တွေမှာပါတဲ့ လူ့အခွင့်အရေးကို လေးစား လိုက်နာဖို့၊ တရားဥပဒေစိုးမိုးမှုရှိဖို့ဆိုတာတွေက အရေးကြီးတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်အားလုံးရဲ့ သဘောထားကတော့ အရင်လို အာဆီယံနဲ့ မြန်မာဆက်ဆံရေး ပုံမှန်ဖြစ်ဖို့ဆိုရင် လက်ရှိအနေအထားထက် အများကြီးပြောင်းလဲတိုးတက်ဖို့ သေးတယ်ဆိုတာပါပဲလို့လည်း ဖိလစ်ပိုင် သမ္မတ မားကို့စ်ဂျူနီယာက ပြောပါတယ်၊
ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ စတင်ကျင်းပနေတဲ့ ၄၈ ကြိမ်မြောက်အာဆီယံထိပ်သီးညီလာခံမှာ အာဆီယံ နိုင်ငံတွေက မြန်မာနိုင်ငံကို သတိနဲ့ ခပ်ဝေးဝေးက ဆက်ဆံနေကြပြီး အဖွဲ့ရဲ့ တရားဝင်အစည်းအဝေးတွေမှာ မြန်မာကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမရှိဘဲ ဧည့်သည်သဘောသာ ဆက်ဆံကြတယ်လို့ ဖိလစ်ပိုင်ကလာတဲ့ သတင်းတွေက ရေးသားဖော်ပြကြပါတယ်။
ဖိလစ်ပိုင်အာဆီယံညီလာခံမှာ စစ်တပ်ခန့်သမ္မတဖြစ်လာသူ စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားခြင်းမရှိဘဲ နိုင်ငံရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းသာ တက်ရောက်ခဲ့ရ ပါတယ်။
အာဆီယံခေါင်းဆောင်ဟောင်းတွေနဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူတွေကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူ ညီချက် ၅ ရပ်ကို စွန့်ပယ်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်သင့်ပြီလို့ မကြာခင်က ထောက်ပြတိုက်တွန်းခဲ့ပါတယ်။
