~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းက တရုတ်နိုင်ငံသားတစ်ယောက်ရဲ့ Sunrise အထည်ချုပ်စက်ရုံ ( Sunrise Myanmar Fashion Co. Ltd ) မှာ လစာတိုးပေးဖို့တောင်းဆိုတဲ့ အလုပ်သမားသုံးရာလောက်ကို အလုပ်ထုတ်လိုက်တယ်လို့ သိရပါတယ်။
အဲဒီစက်ရုံက အလုပ်သမား ရှစ်ရာကျော်ဟာ အခြေခံလုပ်ခလစာနဲ့ အလုပ်သမားဥပဒေပါအခွင့်အရေးတွေပေးဖို့ ဧပြီလ ၂၄ နေ့ကနေ မေလ ၇ နေ့အထိ နှစ်ပတ်ကြာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ တောင်းဆိုချက်တစ်ချက်မှမရဘဲ အလုပ်ထုတ်ခံလိုက်ရတာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ အလုပ်ထုတ်ခံလိုက်ရတဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။
“အဓိကတောင်းဆိုတာတော့ ခုနှစ်ချက်၊ အဲဒီ ခုနှစ်ချက်ထဲမှာမှ မိန်းအချက်က နှစ်ချက်။ ဒေးကြေး (နေ့စားခ) ရယ်၊ ဂရိတ်ကြေးရယ်တောင်းဆိုတယ်။ ဒါပေမဲ့ စက်ရုံဘက်က တစ်ခုမှအဆင်ပြေအောင်ညှိမပေးခဲ့ဘူး။ တချို့အလုပ်သမားတွေကတော့ စက်ရုံဘက်က ဖိအားပေးလို့ ခြိမ်းခြောက်တာကိုကြောက်လို့ လုပ်ငန်းခွင်ထဲ ပြန်ဝင်သွားကြတယ်”
ဒါဟာလည်း သူတို့ရတဲ့လစာနဲ့ နေစရိတ်စားစရိတ်မလောက်တော့လို့ တောင်းဆိုတာလို့ ပြောပါတယ်။
“အခု ကျွန်မတို့ရတဲ့လုပ်ခလစာက ခုနှစ်ထောင်ကျော်ပဲရှိတယ်။ ဆန်တစ်ပြည်နဲ့တစ်ရက်လုပ်ခလစာနဲ့ မကိုက်ညီဘူးလေ၊ အဲဒီဆန်ဖိုးတောင်မှ မလောက်တဲ့ဟာ တခြားဟင်းသီးဟင်းရွက်တွေ၊အသားဟင်းတွေဆိုရင် ဘယ်လိုစားမလဲ၊ ကျွန်မတို့မှာ အဆောင်ဖိုးတွေလည်းရှိသေးတယ်၊ နယ်ကလာတဲ့သူတွေဆိုတော့ အဆောင်ခ တွေဆိုရင်လည်းတစ်လထက်တစ်လ စျေးတွေကပိုပိုတက်လာတာလေ၊ ဘယ်လိုမှကိုအဆင်မပြေလို့ကျွန်မ အပါဝင် ကျန်တဲ့အလုပ်သမား ၈၅၀ က တောင်းဆိုမှုတွေပြုလုပ်ခဲ့တာ”
အလုပ်ထဲပြန်ဝင်တဲ့သူတွေလဲ ဆန္ဒပြတဲ့ ၁၅ ရက်စာအတွက် လစာမရသလို၊ အလုပ် ထွက်လိုက်တဲ့သူတွေလည်း ဘာခံစားခွင့်မှမရဘူးလို့ သူကပြောပါတယ်။
စက်ရုံမှာ အမျိုးသားလုပ်သား ၉၆ ယောက်၊ အမျိုးသမီးလုပ်သား ၉၁၈ ယောက်၊ အားလုံး တစ်ထောင်ကျော်ရှိပါတယ်။ သူတို့က တခြားစက်ရုံတွေလိုအခြေခံလုပ်ခလစာမျိုးပေးဖို့၊ စက်ရုံဘက်က ကြိုပို့ကားစီစဉ်မပေးနိုင်တဲ့သူတွေကို ခရီးစရိတ်ပေးဖို့နဲ့ ရက်မှန်ကြေးတိုးပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။
အခုဖြစ်ရပ်အတွက် တရားမျှတမှုလိုချင်တယ်လို့ အလုပ်သမားတစ်ယောက်က RFA ကိုပြောပါတယ်။
“လွန်လွန်ကျူးကျူးတောင်းဆိုခဲ့တာ မရှိပါဘူး။ တခြားစက်ရုံတွေဆိုလည်း ဒေးကြေးက တစ်သောင်းကျော်နေပြီ၊ ကျွန်တော်တို့စက်ရုံက တစ်သောင်းမကျော်နိုင်သေးဘူး။ တောင်းဆိုခဲ့တာ ၁၅ ရက်သာကုန်သွားတယ်။ ကျွန်တော်တို့အတွက် တရားမျှတမှုဆိုတာလည်း ရှိမလာဘူး“
အခုလို အလုပ်သမားတွေ ဥပဒေမဲ့အလုပ်ထုတ်ခံနေရတာဟာ မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့်မှာရှိတဲ့ အလုပ်သမားဦးစီးအရာရှိတွေက လုပ်ငန်းရှင်တွေအလိုကျလုပ်နေကြတဲ့အတွက်ဖြစ်တယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက RFA ကိုပြောပါတယ်။
“သက်ဆိုင်ရာဦးစီးအရာရှိတွေရဲ့လစ်ဟာမှုတွေကြောင့်၊ ပျော့ညံ့မှုတွေကြောင့်လို့ ပြောချင်တယ်။ သူတို့က ပျော့ညံ့တာမဟုတ်ဘူး၊ လစ်ဟာတာမဟုတ်ဘူးဆိုရင် အလုပ်သမားဥပဒေကိုနားလည်တယ်ဆိုလို့ရှိရင်လည်း လုပ်ငန်းရှင်နဲ့လက်ဝါးခြင်းရိုက်ပြီး အလုပ် သမားတွေကို ဒုက္ခပေးသွားတယ်လို့ စွပ်စွဲချင်တယ် “
ဒီကိစ္စနဲ့ပတ်သက်လို့ရွှေပြည်သာမြို့နယ်၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန (အလည) ရဲ့လက်ထောက် ညွှန်ကြားရေးမှူး ဦးပြည့်လင်းနဲ့Sunrise အထည်ချုပ်စက်ရုံက လူ့စွမ်း အားအရင်းအမြစ်ဌာန (HR Department) တာဝန်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် - မြန်မာ (STUM) ရဲ့ တာဝန်ရှိသူ ဒေါ်မျိုးမျိုးအေးက Sunrise အထည်ချုပ်စက်ရုံကိုအလုပ်အပ်နေတဲ့ ကုမ္ပဏီတွေကို ဆက်ပြီးတိုင်ကြားသွားမယ်လို့ ပြောပါတယ်။
