စစ်ကိုင်းနဲ့ တနင်္သာရီမှာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ဗုံးကြဲခံရ

ဝက်လက် နဘဲပင်လှဘုန်းကြီးကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ကျောင်းဆောင် ပျက်စီးပြီး ရဟန်းတစ်ပါး၊ ကလေးတစ်ဦး ဒဏ်ရာရ။

စစ်ကိုင်းတိုင်း ရွှေဘို၊ ဝက်လက်နဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်တို့မှာ စစ်တပ်က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် သံဃာအပါအဝင် အရပ်သားတချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက မေလ ၁၄ ရက်နေ့မှာပြောပါတယ်။

မေလ ၁၃ ရက် နေ့လယ်ပိုင်းမှာ ဝက်လက်မြို့နယ် နဘဲပင်လှရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် ဘုန်းကြီးကျောင်းဆောင် ပျက်စီးပြီး ရဟန်းတစ်ပါးနဲ့ ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဝက်လက်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနေ့က နေ့လယ် ၁၂ နာရီလောက် တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ သံဃာတစ်ပါးနဲ့ ကလေးတစ်ယောက် ထိခိုက်တယ်။ ဘုန်ကြီးကျောင်းဆောင်က ပျက်စီးသွားတယ်။ ဒီရက်ပိုင်း ဝက်လက် အရာတော် ခင်ဦး ဒီပဲယင်း မြို့နယ်တွေမှာ ဂျက်ဖိုက်တာတွေ၊ Y12 တွေနဲ့ပါ ဗုံးကြဲနေတယ်။ ရွှေဘိုကနေ ဟောင်ဝစ်ဇာတွေနဲ့လည်း ပစ်တယ် အခုရက်ပိုင်းတော့ နေ့စဉ်ရက်ဆက်ပစ်နေတာပဲ”

မေလ ၁၃ ရက်နေ့ တစ်ရက်တည်းမှာပဲ ရွှေဘိုမြို့နယ် အောင်ချမ်းသာရွာ ဘုရားဝန်းထဲကို စစ်တပ်က ဒရုန်းနဲ့ တိုက်ခိုက်တာကြောင့် အဖွားအိုတစ်ဦးနဲ့ ကလေးတစ်ဦးဒဏ်ရာရပြီး၊ ရွှေဘိုမြို့နယ် ဘိုတဲကုန်းရွာ စာသင်ကျောင်းဝန်းထဲ လက်နက်ကြီးကျည် ကျတာကြောင့်လည်း အရပ်သားတချို့ ဒဏ်ရာရခဲ့တယ်လို့ ရွှေဘိုဒေသခံတစ်ဦးက ပြောပါတယ်။

မေလ ၁၁ ရက် ညပိုင်းကလည်း ရွှေဘိုမြို့နယ် မဲတောရွာ စာသင်ကျောင်းကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်းဆောင် ပျက်စီးခဲ့ပြီး ဒေသခံလေးဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တစ်ဆက်ထဲမှာလည်း တနင်္သာရီတိုင်း တကူရွာ အထက်တန်းကျောင်းကိုလည်း မေလ ၁၃ ရက်နေ့မှာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်တာ ကြောင့် စာသင်ကျောင်းဆောင် နှစ်ဆောင်ပျက်စီးသွားတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုများကို ၂၀၂၆ ခုနှစ်မေလ ၁၃ ရက်နေ့က တွေ့ရစဉ်
Buddhist monasteries in Sagaing and Tanintharyi bombed by junta airforce တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တကူရွာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုများကို ၂၀၂၆ ခုနှစ်မေလ ၁၃ ရက်နေ့က တွေ့ရစဉ် (KNU)

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ခန့် အစိုးရဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဧပြီလ ၃၀ ရက်နေ့အထိ စာရင်းတွေအရ နိုင်ငံတစ်ဝန်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း ၄၈၇ ခုနဲ့ ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၃၈ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။