ဘုတလင်-စိုင်ပြင်လမ်းမှာ စစ်ကြောင်းထိုး ဗုံးကြဲ၊ ဒေသခံသောင်းချီ စစ်ပြေးနေရ

PDF အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက စိုင်ပြင်ရဲစခန်းကို မေလ ၁၆ ရက် နေ့က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် အခုလိုထိုးစစ်ဆင်လာတာဖြစ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့ကနေ ဒီပဲယင်းမြို့နယ်က PDF တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စိုင်ပြင်မြို့ ဘက်ကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီး မေလ ၂၁ ရက်နေ့အထိ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် လူနှစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘုတလင်-စိုင်ပြင် လမ်းလျှောက်မှာရှိတဲ့ ပဲပြစ်တော၊ ဆိပ်သာကန်၊ ကွမ်းအုံ၊ မြင်သာ၊ နတ်ရွာ၊ အုပ်ဖို၊ ကြို့ကုန်း၊ ဘီရှူး၊ လက်ပံ အစရှိတဲ့ ရွာပေါင်း ၁၅ ရွာခန့်က ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

မြေပြင်က စစ်ကြောင်းထိုးနေသလို ဂျက်တိုက်လေယာဉ်၊ ဂျိုင်ယိုကော်ပရာ၊ ပါရာမော်တာနဲ့ ဒရုန်းတွေ အသုံးပြုပြီး လေကြောင်းက တိုက်ခိုက်နေတာကြောင့်လည်း အရပ်သားသေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

မေလ ၁၉ ရက် ညနေပိုင်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်စဉ် ဆိပ်သာကန်နဲ့ အုပ်ဖိုရွာကြားကို စစ်တပ်က ဂျိုင်ရိုကော်ပရာနဲ့ ဗုံးသီးချ တိုက်ခိုက်တာကြောင့် အသက် ၁၉ နဲ့ ၂၅ နှစ်အရွယ် အမျိုးသား ၂ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကြောင်းထိုးချိန် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေသလို စစ်တပ်ကလည်း လေကြောင်းအသာစီးကို အသုံးပြုပြီး စိုင်ပြင်မြို့ဘက်ကို ဆက်တိုးလာနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီနေ့အခြေအနေက ဘုတလင်ကနေ ပဲပြစ်တော အနောက်ရွာလောက်ထိ သူတို့ တပ်ဖြန့်ထားပြီး ရှေ့ကို တစ်ဆင့်ချင်း တိုးနေတာပေါ့။ လေကြောင်းကတော့ အမြဲတမ်း လာပစ်နေတာ ဆူဆိုက်ဒရုန်းတွေလည်း ပါတယ်။ တစ်နာရီကြား တစ်ခါလောက်ပစ်နေတာ လေကြောင်းကနေ လာပစ်ပြီး တဆင့်ချင်း တိုးလာတာပေါ့”

ဘုတလင်မြို့နယ်ထဲက အခြေအနတွေနဲ့ ပတ်သက်လို့ စစ်တပ်ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့ ရဲစခန်းနဲ့ စစ်တပ်အခြေစိုက်နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် ၁ ရွှေဘိုခရိုင်စစ်ဌာနက မေလ ၁၆ ရက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ပွိုင့်ဖိုက်စက်သေနတ် တပ်ဆင်ထားတဲ့ ကားအပါအဝင် ကားအစီးရေ ၂၀ ခန့်နဲ့ မုံရွာ-ဘုတလင်-စိုင်ပြင် ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာတာလို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၂၁ ရက်နေ့မှာ စစ်ကြောင်းရောက်နေတဲ့ ဘုတလင်မြို့နယ် ပဲပြစ်တော အနောက်ရွာဟာ စိုင်ပြင်မြို့နဲ့ ၁၀ မိုင်ခန့်သာ ကွာဝေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။