ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်လာကြောင်း NUG ပြော

RFA Burmese
2024.07.29
ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် လွတ်မြောက်လာကြောင်း NUG ပြော NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်။
RFA

လားရှိုးအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြောပါတယ်။

လားရှိုးအကျဉ်းထောင်က လွတ်မြောက်လာသူတွေထဲမှာ မိုင်းစထိမှန်ထားသူတချို့ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ပေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။

“လားရှိုးအကျဉ်းထောင်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်းက ၂၀၀ ကျော်လောက်ရှိပါတယ်။ ဆရာဦးထွန်းထွန်းဟိန်အပါပါ။ အကျဉ်းသားအကျဉ်းသူတွေကို ကူညီစောင့်ရှောက်ထားတဲ့လုပ်ငန်းကို လားရှိုးခရိုင်ပကဖအဖွဲ့နဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေက ပူးပေါင်းပြီးတော့ လုပ်ကိုင်ဆောင်ရွက်ပေးနေပါတယ်။ တချို့တွေက မိုင်းစတွေ ထိမှန်ထားတာရှိတယ်။ ထောင်ပွင့်တဲ့အချိန်မှာ။ မိုင်းစတွေ ထိမှန်ထားတာရှိတဲ့အတွက် ကျန်းမာရေး ကုသမှုစောင့်ရှောက်မှုလုပ်ငန်းတွေကိုလည်း လုပ်ပေးနေပါတယ်။ အားလုံးရဲ့ကျန်းမာရေးအခြေအနေတွေကတော့ ယေဘုယျအားဖြင့်တော့ အားလုံးကတော့ ကောင်းကြတယ်လို့ သိရပါတယ်”

ဦးထွန်းထွန်းဟိန် လွတ်မြောက်လာပေမယ့် မိသားစုနဲ့ အဆက်အသွယ်မရသေးတဲ့အကြောင်း ဦးထွန်းထွန်းဟိန်ရဲ့ သမီးဖြစ်သူ ဒေါ်မေသင်္ကြန်ဟိန်က သူရဲ့လူမှုကွန်ရက် ဖေ့ဘွတ်စ်မှာ ဇူလိုင်လ ၂၉ ရက်နေ့က ရေးသားထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်သူ့ လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းချိန်မှာ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ - ၁၂၂ ၊ရာဇသတ်ကြီးပုဒ်မ - ၅၀၅ (က)၊ ပုဒ်မ - ၅၀၅ (ခ) အပါအဝင် ရွေးကောက်ပွဲမသမာမှုစွဲစွပ်ချက်တွေနဲ့ အမှုဖွင့်ပြီး ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ် ချမှတ်ခံထားရတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ရပ်ကွက်(၁၂) မှာရှိတဲ့ လားရှိုးအကျဥ်းထောင်အနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ထောင်ပေါက်ပြီး အကျဉ်းသားတွေ လွတ်မြောက်သွားတယ်လို့ လားရှိုး‌ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြောထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရရှိထားပြီလို့ MNDAA က သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီကတော့ အသိမ်းခံရတာမရှိကြောင်း ငြင်းဆိုထားပါတယ်။ ဒီရက်ပိုင်းတွေအတွင်း လားရှိုးမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။