လားရှိုးထောင်က ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုထံ ပြန်ပို့
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အကျဉ်းထောင်ကနေ တိုက်ပွဲအတွင်း ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား ၂၄၀ ခန့်ထဲက တစ်ရာကျော်ကို ကိုးကန့်တပ်မတာ် (MNDAA) က မိသားစုဝင်တွေထံ ပြန်ပို့ပေးပြီးပြီလို့ ကိုယ်တိုင်လွတ်မြောက်လာသူတွေနဲ့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ဩဂုတ်လဆန်းပိုင်းကစလို့ မိသားစုဝင်တွေထံ တဖြည်းဖြည်းချင်း ပြန်ပို့နေတာဖြစ်ပြီး မိသားစုဝင်တွေထံ ပြန်မရောက်သေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်နဲ့ ကျန်နိုင်ငံရေးအကျဉ်းသားတွေလည်း ဘေးကင်းရာမှာ ဆက်ရှိနေတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ တအာင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်တဲ့ မိုင်းအောင်သက်ဦးက RFA ကို ပြောပါတယ်။
“အန်ကယ် ဦးထွန်းထွန်းဟိန်နဲ့ လူကြီးပိုင်းတွေကတော့ သီးသန့်နေရာမှာ ထားပေးတယ်။ အန်ကယ်လည်း အခု ပြန်ကူမယ် ပြောထားတယ်။ ကျွန်တော့် အမြင်တော့ NUG တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးထားပုံရပါတယ်။ ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ အုပ်စုလိုက် ပြန်ပို့ပေးနေပါတယ်”
ကျန်နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မိသားစုဝင်တွေနဲ့ ချိတ်ဆက်ပြီး ပြန်လည်ပို့ဆောင်ပေးဖို့ လုပ်ဆောင်နေတယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။
“နမ့်ခမ်းတို့ နမ္မတူတို့ လားရှိုးတို့လို လွတ်မြောက်နယ်မြေက သူတွေက မိသားစုတွေနဲ့ချိတ် ဆက်နိုင်ရင်ဖြစ်ဖြစ် သူသွားချင်ရင်ဖြစ်ဖြစ်၊ လာခေါ်တာဖြစ်ဖြစ် ပြန်ပို့ပေးတယ်။ ကျွန်တော်တို့လည်း မြို့အလိုက် ချိတ်ဆက်ပြီးပို့ ပေးနေတယ်။ လွတ်မြောက်နယ်မြေ မဟုတ်တဲ့သူတွေကျတော့ ပြန်ဖို့ခက်တဲ့သူတွေကို အဆင်ပြေသလို စီစဉ်ပေးထားပါတယ်”
လားရှိုးမြို့အတွင်း ဇူလိုင်လ ၂၈ ရက်နေ့ တိုက်ပွဲပြင်းထန်ချိန်မှာ လားရှိုးအကျဉ်းထောင်ကနေ အကျဉ်းသားနှစ်ထောင်ကျော် လွတ်မြောက်ခဲ့ပြီး အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၄၀ ဝန်းကျင် ပါလာတာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ပြောပါတယ်။
လားရှိုးအကျဉ်းထောင်အနီး တိုက်ပွဲဖြစ်ချိန်မှာ အကျဉ်းထောင်အတွင်း လက်နက်ကြီးကျတာ ထောင်အပြင်ထွက်ချိန် ပစ်ခတ်ခံရတာတွေကြောင့် အကျဉ်းသားလေးဆယ်ဝန်းကျင် သေဆုံးခဲ့ပြီး တစ်ရာကျော် ဒဏ်ရာရခဲ့တယ်လို့ ပြန်လွတ်လာသူတွေက ပြောပါတယ်။
သြဂုတ်လ ၃ ရက်နေ့မှာ MNDAA က လားရှိုးမြို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း လားရှိုးမြို့ကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လားရှိုးမြို့အတွင်း တိုက်ပွဲကြောင့် အရပ်သား တစ်ရာကျော်သေဆုံးခဲ့ပြီး မြို့ခံနှစ်သိန်းခွဲကျော် နေရပ်စွန့်ခွာခဲ့ရပါတယ်။ သြဂုတ်လ ၄ ရက်နေ့ကစလို့ လားရှိုးမြို့ခံတချို့ နေရပ်ပြန်လာနေကြပြီး မြို့အတွင်းမှာလည်း သန့်ရှင်းရေး လုပ်ငန်းတွေကို လုပ်ကိုင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။