မန္တလေးတိုင်းကို စစ်ကောင်စီတပ် တန်ပြန်ထိုးစစ်ဆင်နေ
2024.12.09
တစ်ကျော့ပြန် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း မတ္တရာ၊ သပိတ်ကျင်းနဲ့ မြင်းခြံခရိုင်အတွင်းက နယ်မြေတချို့ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပြီး လတ်တလောမှာတော့ မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။
ဒီဇင်ဘာလ ၈ ရက် မနေ့ကတော့ မန္တလေးမြို့နဲ့ မိုင် ၃၀ ခန့်ဝေးတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းက ပို၀ (မြောက်) နဲ့ ဆင်ကုန်းရွာက နေအိမ်တွေ စစ်ကောင်စီတပ် စစ်ကြောင်းက ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နှစ်ရွာပေါင်းက အိမ်သုံးရာခန့် မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
"မတ္တရာ အနောက်ခြမ်း ပြည်သူတွေက မရှိဘူး။ အကုန်လုံး ထွက်ပြေးနေရတယ်"
အဲဒီ ရွာတွေဟာ အကြိမ်ကြိမ် မီးရှို့ခံရတဲ့ရွာတွေဖြစ်ပြီး လက်ရှိမှာလည်း မတ္တရာ အနောက်ခြမ်းက ဒေသခံတွေက ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ မတ္တရာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ပိုဝဘက်ဆို ခုနစ်နေရာလောက် ခွဲပြီးရှို့တာ။ ပိုဝနဲ့ ဆင်ကုန်းရွာ။ ဆင်ကုန်းတို့ ပိုဝတို့ အဲရွာတွေ တော်တော်များများက ဟိုအရင်တုန်းကတည်းက ရှိုခံရတယ်။ အခုနဲ့ဆို လေး၊ ငါးကြိမ်းလောက်တော့ရှိတယ်။ အရှို့ခံရတာလည်း အနောက်ခြမ်းတစ်ခြမ်းလုံးနီးပါး စကစ စစ်ကြောင်းထိုးတာ။ အဲဘက်မှာ မတ္တရာ အနောက်ခြမ်း ပြည်သူတွေက မရှိဘူး။ အကုန်လုံး ထွက်ပြေးနေရတယ်။ စစ်ဘေးတိမ်းရှောင်နေတယ်”
စစ်ကြောင်းထိုးစီးနင်းနေတာကြောင့် ရွာငါးရွာခန့်က ဒေသခံ တစ်သောင်းခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ သူက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
မန္တလေးနဲ့နီးတဲ့ မတ္တရာကို စစ်ကောင်စီ အပြင်းအထန် ထိုးစစ်ဆင်
မြင်းခြံနဲ့ မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံ တစ်သောင်းကျော် ထွက်ပြေးနေရ
မတ္တရာမှာ တိုက်ပွဲပြင်းထန်နေပြီး အရပ်သား သေဆုံးမှုရှိနေ
၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဖြစ်တဲ့ ရှမ်း-မန်းစစ်ဆင်ရေးမှာ မတ္တရာမြို့ပေါ်နဲ့ ရွာတချို့ကလွဲလို့ မြို့နယ်တစ်ခုလုံးရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း နှစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) က သိမ်းပိုက်ခဲ့ပါတယ်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းမှာတော့ မန္တလေးမြို့နဲ့နီးတဲ့ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာလို့ MDY-PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ် အနောက်ခြမ်းက ရွာတချို့ကို ပြန်လည်လက်လွှတ်ခဲ့ရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့ကတော့ အခုမီးရှို့ခံရတဲ့ရွာတွေနဲ့ ခုနစ်မိုင်ခန့်ဝေးတဲ့ ရွာသစ်၊ ဝန်းစုနဲ့ ထိန်ပင်စောက်စတဲ့ ရွာသုံးရွာကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာလ ၉ ရက် ဒီနေ့မှာ MDY PDF က ထုတ်ပြန်ပါတယ်။
မတ္တရာနဲ့ နယ်မြေချင်းဆက်နေတဲ့ သပိတ်ကျင်းမြို့နယ်ထဲက တွင်းငယ်ရွာကိုတော့ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြန်လည်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။
တွင်းငယ်ရွာဟာ အိမ်ခြေတစ်ထောင်ကျော်နဲ့ လူလေးထောင်ကျော်ရှိပြီး သပိတ်ကျင်းမြို့နယ်ကနေ မိုးကုတ်မြို့နယ်၊ ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တွေကို သွားနိုင်တဲ့ အချက်အခြာကျတဲ့နေရာမှာ တည်ရှိပါတယ်။
တွင်းငယ်ရွာနားမှာရှိတဲ့ တပ်မတော် လေ့ကျင့်ရေးသင်တန်းကျောင်း (တကက-၁၃) ကို သိမ်းယူနိုင်ဖို့ ကာကွယ်ရေးပူးပေါင်းတပ်တွေက ကြိုးပမ်းခဲ့ပေမဲ့ စစ်ကောင်စီတပ် ဝေဟင်ကနေ အပြင်းအထန် တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်က နေရာတစ်နေရာတည်းကိုပဲ အင်အားအများအပြား အသုံးပြုပြီး ထိုးစစ်ဆင်လာတာကြောင့် လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက RFA ကို ပြောပါတယ်။
“စကစအနေနဲ့က စခန်းတွေတော်တော်များများကို လက်လွှတ်လိုက်ရတာ ဖြစ်တဲ့အတွက် နေရာတစ်နေရာ၊ နှစ်နေရာလောက်ကို အင်အားအလုံးအရင်းစုပြီးတော့ လေကြောင်းကနေ အင်အားတွေချပေးပြီးတော့ လေကြောင်းပစ်ကူတွေနဲ့ ထိုးစစ်ဝင်လာတာတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့က ထိန်းသိမ်းထားတဲ့ တချို့စခန်းတွေဆိုရင် သူတို့ အင်အားအလုံးအရင်းနဲ့ ဝင်လာတာရှိတဲ့အတွက် ခွာပေးလိုက်တာရှိတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေအရလည်း နယ်မြေတော်တော်များများကို စိုးမိုးထားပြီး ဖြစ်တဲ့အတွက်ကြောင့် သူတို့အနေနဲ့ကလည်း အဲဒီစခန်းလေးတွေမှာ ကျွန်တော်တို့ရဲ့ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံဖို့ရောက်လာတဲ့ အနေအထားဖြစ်ပါတယ်"
မြင်းခြံခရိုင်အတွင်းမှာလည်း စစ်ကောင်စီတပ် လက်လွှတ်ခဲ့တဲ့ နယ်မြေတွေကို မြေပြင်ကနေ ပျူစောထီး ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ကြောင်းထိုးပြီး နေအိမ်တွေကို မီးရှို့တာရှိသလို ဝေဟင်ကနေလည်း ရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့မှာ မြင်းခြံမြို့နယ် သစ်ရုံရွာကို စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၁၅) ၊ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူပေါင်းအဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး နေအိမ်နှစ်ရာခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ကာကွယ်ရေးအဖွဲ့တွေလည်း တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်မကို ကာကွယ်ဖို့နဲ့ စစ်ကောင်စီက အဲဒီနယ်မြေတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် မြင်းခြံခရိုင်အတွင်းက လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို အပြင်းထန် ထိုးစစ်ဆင်လာတာလို့ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက RFA ကို ပြောပါတယ်။
"တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ဘာသာ ထိုးစစ်ဆင် ဖြတ်တောက်တိုက်ခိုက်ရေး ဘာတို့ကတော့ ကျွန်တော်တို့ဘက်က လုပ်နေတာပေါ့။ အဲဒါလောက်ပါပဲ။ သိပ်ပြီးတော့ ကျွန်တော်တို့အတွက်တော့ မထူးဘူး။ စစ်ခေါင်းဆောင် (မင်းအောင်လှိုင်) ကတော့ သူ့အနေနဲ့ ပြည်မကိုကာကွယ်တဲ့ အနေအထားရယ်၊ သူ့ရဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုတဲ့ဟာရယ် အဲဒါကို သူက ဇွတ်ဖြစ်ချင်တာ။ ဒါကလည်း ပြောရရင်တော့ မြို့ပေါ်လောက်ပဲ ဖြစ်နိုင်တာ။ သန်းခေါင်စာရင်းကောက်တယ် ဆိုတာကလည်း သူဒီလောက်ပဲ လုပ်နိုင်တာ"
စစ်တပ်ရဲ့ ထိုးစစ်ပြင်းထန်လာပြီး ဒီဇင်ဘာ ၂ ရက်နေ့ကနေ ၆ ရက်နေ့အထိ ငါးရက်အတွင်းမှာတင် မြင်းခြံ၊ ငါန်းဇွန်နဲ့ နွားထိုးကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် လေးဦး၊ အရပ်သား ၁၄ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့ နောက်ပိုင်းကစပြီး မန္တလေးတိုင်းကို အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် မတ္တရာ၊ မြင်းခြံ၊ ငါန်းဇွန်၊ နွားထိုးကြီး စတဲ့ မြို့နယ်တွေက လူနှစ်သောင်းခန့်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။