တရုတ် - မြန်မာ နယ်စပ်က ပန်ဝါမြို့စောင့်တပ်ကို KIA သိမ်းပိုက်
2024.10.15
တရုတ် - မြန်မာ နယ်စပ် ကချင်အထူးဒေသ (၁) ပန်ဝါမြို့နဲ့ ဆယ်မိုင်ခန့်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ် ဌာနချုပ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၅ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ အပြီးသိမ်းပိုက်လိုက်တယ်လို့ KIA အဖွဲ့က RFA ကို အတည်ပြု ပြောဆိုပါတယ်။
"တရုတ်ပြည်နယ်စပ်မှာ သူတို့က ဗျူဟာကုန်းထိုင်ထားတော့ အဲဒါပြီးပြီဆိုလို့ရှိရင်တော့ ပန်ဝါက ပြီးသွားပြီလေ”
ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“၁၀၀၂ BGF တပ်ရင်းဌာနချုပ် တစ်နာရီထိုးခါနီးမှာ သိမ်းလိုက်ပါပြီ။ ဒါကအတည်ဖြစ်ပါပြီ။ အခုနက တစ်နာရီ ထိုးခါနီးမှာ အပြီးသိမ်းလိုက်တယ်ဆိုတော့ အခု နယ်မြေရှင်းလင်းရေးတွေ လုပ်မှာပေါ့။ လုံခြုံရေးတွေ လုပ်မှာပေါ့။ လောလောဆယ်တော့ တခြားနောက်ဆက်တွဲတွေ ဘာမှမကြားရသေးပါဘူး”
အခု သိမ်းပိုက်တဲ့တပ်ဟာ ပန်ဝါမြို့စောင့်တပ်ဖြစ်ပြီး ဒီဒေသအတွက် အရေးပါတဲ့ တပ်ဖြစ်တယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ ဒါပေမဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုတွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။
ဆက်နွှယ်သော သတင်းများ
မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့တဝိုက် KIA သိမ်းပိုက်
ကချင်တိုက်ပွဲ ကိုးလရှိလာပြီး လက်ရှိအထိ တိုက်ပွဲဆက်ပြင်းထန်နေ
ရှစ်လအတွင်း တရုတ်ကို မြေရှားသတ္တု ကန်ဒေါ်လာ သန်းခြောက်ရာကျော် တင်ပို့ခဲ့
အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်ဌာနချုပ်ကို ကေအိုင်အေနဲ့ ပူးပေါင်းတပ်တွေ အောက်တိုဘာ ၈ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ အပြီးသတ်သိမ်းနိုင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံနယ်စပ်အနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း ဂျက်တိုက် လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပန်ဝါဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“လုပိမှာကတော့ စစ်တပ်အကြီးကြီးရှိတယ်။ အခု အဲဒီတပ်ကို သိမ်းလိုက်ပြီ။ သိမ်းရလို့ စစ်ကာင်စီက လေယာဉ်တွေနဲ့ လာပစ်နေတယ်။ မနေ့ကလည်း တစ်နေကုန်ပစ်နေတယ်။ အခြေအနေ မကောင်းတော့ စစ်ကူတောင်းတာထင်တယ်။ အခုက သေနတ်အသေးတော့ မကြားရဘူး။ လက်နက်ကြီးတွေနဲ့တော့ အချင်းချင်း ပစ်နေကြတယ်။ လေယာဉ်နဲ့လည်း ပစ်နေတုန်းပဲ။ အခုလည်း လာပစ်နေတယ် လေယာဉ်က“
တိုက်ပွဲကြောင့် နယ်ခြားစောင့်တပ်ဌာနချုပ်နဲ့နီးတဲ့ လုပိ၊ ဆင်းခုံး၊ ပန်ဗူး စတဲ့ ကျေးရွာတွေက ဒေသခံ ငါးရာလောက်ဟာ ပန်ဝါမြို့တွင်းထဲကို ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့လည်း ဆိုပါတယ်။
ကေအိုင်အေ တပ်မဟာ (၇) ရှိတဲ့ ဖရဲကျေးရွာဘက်ကိုလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိသလို တရုတ်နိုင်ငံဘက်ကလည်း သူတို့ ပိုင်နက်နယ်စပ်တစ်လျှောက် စစ်ရဟတ်ယာဉ်တွေနဲ့ ကင်းလှည့်တာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီက ကချင်အထူးဒေသ (၁) ချီဖွေမြို့နယ် ဖီမော်ဒေသမှာ အမှတ် (၁၀၀၁) နယ်ခြားစောင့်တပ်၊ ပန်ဝါမှာ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ်၊ ကန်ပိုက်တည်မှာ အမှတ် (၁၀၀၃) တို့ကို အခြေစိုက်ထားပြီး ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းလှုပ်ရှားနေတာပါ။
အခုတော့ ပန်ဝါမြို့မှာ စစ်ကောင်စီ ဗျူဟာကုန်းစခန်းတစ်ခုနဲ့ ပြည်သူ့စစ်စခန်းတချို့သာ ကျန်တော့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ပန်ဝါဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လုပိမှာ ကြားဖြတ်ပြီးမှ ၁၀၀၂ ကို ဝိုင်းလိုက်တဲ့ သဘောရှိတယ်။ အခုဆိုရင် ပန်ဗူးနဲ့ ပန်ဝါကျတော့ သုံးမိုင်ပဲရှိတာကို တအားနီးသွားပြီ။ ပန်ဝါကတော့ အိမ်ခြေကတော့ တအားစိတ်တယ်ဆိုတော့ တကယ်လို့များ အဲမှာ လက်နက်ကြီးတွေ ကျမယ်ဆိုလို့ရှိရင်တော့ ပြည်သူတွေကတော့ တော်တော်လေး ဒုက္ခရောက်မှာပေါ့။ ဗျူဟာကုန်းက တကယ့် တရုတ်ပြည်နယ်စပ်မှာ သူတို့က ဗျူဟာကုန်းထိုင်ထားတော့ အဲဒါပြီးပြီဆိုလို့ရှိရင်တော့ ပန်ဝါက ပြီးသွားပြီလေ”
လက်ရှိမှာ တိုက်ပွဲတွေကြောင့် ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တွေကို ရပ်နားထားသလို တရုတ်နိုင်ငံသား အလုပ်သမားတွေလည်း တရုတ်နိုင်ငံထဲကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့သဘာဝ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ အခုနှစ်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ပန်ဝါနဲ့ ချီဖွေမြို့နယ်တွေမှာ မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်ပေါင်း သုံးရာကျော်အထိ ရှိနေတာပါ။
ပန်ဝါဒေသဟာ ကချင်ပြည်နယ်ရဲ့ မြေရှားသတ္တုတူးဖော်မှု အများဆုံးဒေသဖြစ်ပြီး တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ စစ်တပ်အာဏာ စသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ သြဂုတ်လအထိ သုံးနှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့တဲ့ မြေရှားသတ္တု တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော်ဖိုးရှိနေပါတယ်။
ပန်ဝါဒေသက တိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က ဆက်သွယ်ခဲ့ရာမှာလည်း ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
ကချင်နိုင်ငံရေး သုတေသီ ကိုရှဘတ်ကတော့ ပန်ဝါဟာ မြေရှားသတ္တု အဓိကထွက်ရှိရာ ဒေသဖြစ်လို့ စစ်ကောင်စီအတွက်ရော ကေအိုင်အေအတွက်ပါ အရေးပါတဲ့ဒေသဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“ပန်ဝါဒေသက မဟာဗျူဟာအရရော နှစ်ဖက်အတွက် အရမ်းအရေးပါတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီပန်ဝါဒေသဟာ အခု ကချင်ပြည်နယ်ရဲ့ အဖိုးတန်မြေရှားကို အဓိက ထုတ်လုပ်ရာ နေရာလည်းဖြစ်တယ်။ နောက်တစ်ခုက တရုတ်နိုင်ငံ၊ ကချင်ပြည်နယ်နဲ့ ဝင်ပေါက်ထွက်ပေါက်တစ်ခုလည်း ဖြစ်တာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက်ရော အင်မတန်မှ အရေးပါတဲ့ နေရာဖြစ်ပါတယ်”
အခုနှစ်စပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံ၊ ဆော့လော်၊ ချီဖွေ စတဲ့မြို့ ၁၁ မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂၀) ခန့်ကို KIA နဲ့ ပူပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။