မြေရှားသတ္တုထွက်တဲ့ ချီဖွေမြို့တဝိုက် KIA သိမ်းပိုက်
2024.09.30
မြေရှားသတ္တုတူးဖော်ရေး လုပ်ကွက်တွေနဲ့ တရုတ်စီမံကိန်းတွေရှိပြီး ကချင်အထူးဒေသ (၁) ထဲမှာပါတဲ့ ချီဖွေမြို့နားက စစ်ကောင်စီရဲ့ ခလရ - ၁၀၅ ဗျူဟာကုန်း အပါအဝင် ချီဖွေနဲ့ ဆော့လော်မြို့နယ်ထဲက စခန်း ၅ ခုကို KIA က ဒီနေ့ သိမ်းလိုက်ပြီး ညနေမှာတော့ ချီဖွေမြို့ကိုပါ ထိန်းချုပ်ထားပြီလို့ သတင်းရရှိပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက ချီဖွေမြို့မရဲစခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးချိန်ကစလို့ မြို့ပေါ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေ နေရာယူလိုက်ပြီလို့ RFA ကို ပြောပါတယ်။
“ရဲစခန်းသိမ်းတာကတော့ သေချာပြီ။ ပြီးတော့ လေးမိုင်စုပေါင်းစခန်းလည်း အကုန်ရပြီ ဟုတ်တယ်။ သိတဲ့အတိုင်းပဲ ချီဖွေက ဝန်ထမ်းမြို့တော်ဆိုတော့ လက်နက်ကိုင်တဲ့ စစ်သားတွေ အဲလောက်မများဘူး။ အခုမြို့ပေါ်မှာကတော့ KIA နဲ့ တော်လှန်ရေးတပ်တွေပဲ ဖြစ်သွားပြီ”
စစ်ကောင်စီတပ်ကလည်း တိုက်ပွဲဖြစ်တဲ့နေရာတွေကို လေကြောင်းနဲ့ တိုက်ခိုက်နေတယ်လို့ သူက ပြောပါတယ်။
“သမီးငယ်တစ်ယောက်လည်း လက်နက်ကြီးကျပြီးတော့ အသက်ဆုံးရှုံးလိုက်ရပြီပေါ့နော်"
အခုလို ချီဖွေမြို့နားက စခန်းတွေသိမ်းတာ ဟုတ်မှန်တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
“ဒီညနေ သုံးနာရီလောက် ပင်မစခန်း (ဗျူဟာကုန်း) ကိုလည်း ပြန်သိမ်းလို့ရပြီလို့ ပြောကြပါတယ်။ အဲဒါကြောင့် ချီဖွေမြို့ကိုတော့ ပတ်ဝန်းကျင်မှာရှိတဲ့ ကာကင်းလည်းသိမ်းလို့ရပြီ မြို့မရဲခန်းတွေလည်း သိမ်းလို့ရပြီ ဒီညနေတော့ ပင်မစခန်းတွ သိမ်းလို့ရပြီဆိုတော့ အားလုံးအပြီးသတ်သိမ်းနိုင်တဲ့ သဘောမျိုးတော့ရှိပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာဌာနကနေတော့ အပြီးသတ်သိမ်းလို့ရပြီဆိုပြီးမှ အတည်ပြုပေးတာတော့ မရှိဘူး”
မနေ့ကစလို့ ချီဖွေမြို့နယ်က မြို့ပေါ်ရဲစခန်း၊ ရှငေါ်ရွာတပ်စခန်းနဲ့ လေးမိုင် စုပေါင်းဂိတ်နေရာတို့ကို တိုက်ခိုက်နေတာပါ။ တစ်ချိန်တည်းမှာပဲ ဆော့လော်မြို့က ခလရ - ၂၉၈ အထိုင်ချထားတဲ့ ဗျူဟာကုန်းကိုလည်း KIA က ထိုးစစ်ဆင်နေပါတယ်။
ဆက်နွှယ်သော သတင်းများ
ဖားကန့်ကို စစ်ကောင်စီ အပြင်းအထန် ခုခံကာကွယ်နေ
ကချင်တိုက်ပွဲ ကိုးလရှိလာပြီး လက်ရှိအထိ တိုက်ပွဲဆက်ပြင်းထန်နေ
မြေရှားသတ္တု အလွန်အကျွံတူးဖော်မှုဆိုးကျိုး ဒေသခံတွေ ရင်ဆိုင်နေရ
တိုက်ပွဲပြင်းထန်ခဲ့တဲ့စစ်ကောင်စီရဲ့ ခလရ - ၁၀၅ ဗျူဟာကုန်းက ချီဖွေမြို့နဲ့ တစ်မိုင်လောက်ပဲဝေးတဲ့အတွက် မြို့ပေါ်က ဒေသခံ နှစ်ထောင်လောက် ထွက်ပြေးတိမ်းရှောင်နေကြပြီး ဈေးဆိုင်တွေအားလုံးလည်း ပိတ်ထားကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခြေအနေက အခုအသံတွေ ပြန်ကြားရတယ်။ (သေနတ်သံတွေ ထွက်လာ) အသံကြားတယ် မဟုတ်လား။ မနေ့က ၅ နာရီလောက်ကတည်းက ပစ်ခတ်နေကြတာ တောက်လျှောက်ပဲမနားဘူး။ ညနေ ၃ နာရီအထိလောက် ဟုတ်မယ်ထင်တယ်။ ၃ နာရီ လောက်ပိုင်းတော့ နည်းနည်းငြိမ်တယ်ပြီးရင် ခဏငြိမ်ပြီး ပြန်ပစ် အဲလိုပေါ့နော်”
တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက် လက်နက်ကြီးကျည်စ ထိမှန်သေဆုံးခဲ့တယ်လို့လည်း နောက်ထပ် ဒေသခံတစ်ယောက်က ပြောပါတယ်။
“သမီးငယ်တစ်ယောက်လည်း လက်နက်ကြီးကျပြီးတော့ အသက်ဆုံးရှုံးလိုက်ရပြီပေါ့နော်။ အခု ချီဖွေ ဖြစ်နေတဲ့ အဖြစ်အပျက်ကတော့ ပြည်သူတွေကတော့ လွတ်ရာလွတ်ကြောင်းကို သူတို့ ထွက်ပြေးတိမ်းရှောင်တယ်။ တချို့တွေက ပန်ဝါဘက် တိမ်းရှောင်တယ်။ တချို့တွေက နန်းဦးရွာဘက် တိမ်းရှောင်တယ်”
တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ချီဖွေမြို့နယ်ဟာ မြန်မာနိုင်ငံရဲ့ မြေရှားသတ္တု အဓိက ထွက်ရှိတဲ့ဒေသဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ပန်ဝါမြို့နဲ့လည်း မိုင်လေးဆယ်လောက်ပဲ ဝေးပါတယ်။ ကချင်ပြည်နယ်အတွက် လမ်းပန်းဆက်သွယ်ရေးမှာ အရေးပါတဲ့မြို့လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပန်ဝါမြို့နဲ့ ချီဖွေမြို့နယ်မှာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း မြေရှားသတ္တုတူးဖော်မှု လေးဆယ်ရာခိုင်နှုန်း မြင့်တက်လာပြီး သတ္တုတူးဖော်တဲ့ လုပ်ကွက်ပေါင်း သုံးရာကျော်အထိ ရှိလာတယ်လို့ ကမ္ဘာ့သဘာဝ သယံဇာတတူးဖော်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ Global Witness အဖွဲ့ရဲ့ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်းမှာတော့ မြန်မာနိုင်ငံကနေ တရုတ်ကို တင်ပို့ခဲ့တဲ့ မြေရှားသတ္တု အမေရိကန်ဒေါ်လာ သန်း တစ်ထောင့်လေးရာကျော်ဖိုးရှိခဲ့တယ်လို့ တရုတ် အကောက်အခွန်ဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီ့အပြင် မြစ်ကြီးနားနဲ့ ဝိုင်းမော်ကို လျှပ်စစ်မီးပေးနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှု ပါဝင်တဲ့ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းလည်း ချီဖွေမြို့ရဲ့ တောင်ဘက်ခြောက်မိုင်အကွာမှာ ရှိနေပါတယ်။
ချီဖွေ၊ ဆော့လော်၊ ကန်ပိုက်တီကို ၁၉၈၈ ခုနှစ်နောက်ပိုင်း KIA ကနေ ခွဲထွက်ခဲ့တဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် NDA-K ပြည်သူ့စစ်က ထိမ်းချုပ်ခဲ့သလို ကချင်အထူး ဒေသ (၁) အဖြစ် အဲဒီအချိန်စစ်အစိုးရက ၁၉၉၄ ခုနှစ်မှာ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ NDA-K ကို ဦးဇခုန်တိန့်ယိန်းက နာယက၊ သားဖြစ်တဲ့ ဦးဇခုန်ယိန်းဆောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြပြီး KIA နဲ့ သဘောထားမတူတဲ့အဖွဲ့အဖြစ် တည်ရှိနေပါတယ်။ ကချင်အထူးဒေသ (၁) ထဲဝင်လာတဲ့ KIA၊ PDF ကို ရန်သူအဖြစ်သတ်မှတ်ပြီး ပြတ်ပြတ်သားသား ခုခံကာကွယ်ကြဖို့ ပြည်သူ့စစ်က ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်မှာ စစ်မိန့်ထုတ်ထားတာလည်းရှိပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ၂၀၁၉ ခုနှစ် စာရင်းတွေအရ ချီဖွေတစ်မြို့နယ်လုံးမှာ လူဦးရေ နှစ်သောင်းကျော်နေထိုင်ပြီး မြို့ပေါ်မှာ သုံးထောင်ကျော်ရှိပါတယ်။
၂၀၂၄ ခုနှစ်ဆန်းပိုင်းကစလို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်နဲ့ ဆွမ်ပရာဘွမ် စတဲ့မြို့ရှစ်မြို့နဲ့ စစ်တပ်စခန်းပေါင်း (၂၂၀) ခန့်ကို KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပါတယ်။
မှတ်ချက်- ဒေသခံများနှင့် KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။