ထိုင်းထောင်က လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့သူတွေ စစ်မှုထမ်းဖို့ အဖမ်းခံရ

RFA Burmese
2024.08.16
ထိုင်းထောင်က လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့သူတွေ စစ်မှုထမ်းဖို့ အဖမ်းခံရ ကော့သောင်းကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Facebook/ ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง

ထိုင်းနိုင်ငံက ရနောင်းအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်သွားတဲ့သူတွေကို မြန်မာနိုင်ငံဘက်အရောက် ကော့သောင်းဆိပ်ကမ်းမှာ စစ်ကောင်စီက စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးပြီး တပ်ထဲပို့ဆောင်နေတယ်လို့ မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ပို့တဲ့ ၁၅၀ ကျော်ထဲက ၂၃ ယောက်နဲ့ ဩဂုတ်လ ၇ ရက်နေ့မှာ ပို့တဲ့ ၁၂၀ ကျော်ထဲက ၄၈ ယောက်ကို စစ်ကောင်စီတပ်၊ ရဲ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအဖွဲ့တွေ ပူးပေါင်းပြီး လာရောက်ဖမ်းဆီးခဲ့တာလို့ မြို့ခံတွေက ဆိုပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကော့သောင်းမြို့ခံတွေလည်းပါတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပဲခူး၊ ရန်ကုန် အစရှိသဖြင့် မြန်မာပြည်အထက်ပိုင်းက လူအများစုပါတယ်။ ပြီးတော့ကျတော့ ကျန်တဲ့ငွေ မလိုက်နိုင်တဲ့လူတွေထဲမှာဆိုရင် ကော့သောင်းအတွင်းက ဒေသခံတွေလည်း ပါတယ်။ ကျန်တဲ့လူတွေက ဘယ်လိုကျန်နေခဲ့လဲဆိုတော့ ဒေသခံလာရွေးတဲ့ လူမျိုးတွေကို လွှတ်လိုက်တယ်"

ဖမ်းခံရတဲ့သူတွေဟာ အမျိုးသားတွေပဲဖြစ်ပြီး အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းခေါ်ချိန်မှာ ငွေကြေးပေးနိုင်တဲ့လူတွေ လွတ်သလို ဖမ်းသွားပြီးနောက် မိသားစုက ပွဲစားကိုငွေပေးပြီး ပြန်ရွေးခိုင်းရင်လည်း ပြန်လွတ်တယ်လို့ ကိုယ်တွေ့ကြုံရတဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

နှစ်လအတွင်း ထိုင်းမှာ မြန်မာအလုပ်သမား ခုနစ်ရာကျော် အဖမ်းခံထားရ

စစ်မှုထမ်းဥပဒေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ အင်အားတိုးလာ

စစ်ရေးတစ်ဆင့်တက်ဖို့ စစ်ကောင်စီကြိုးပမ်းနေကြောင်း ပညာရှင်သုံးသပ်


ထိုင်းမှာ အထောက်အထားမဲ့နေထိုင်တဲ့အတွက် အဖမ်းခံရတဲ့ အသက် ၂၄ နှစ်အရွယ် အလုပ်သမားတစ်ဦး လွတ်ရက်စေ့လို့ ကော့သောင်းကိုပြန်ပို့တဲ့အချိန် ဩဂုတ်လ ၇ ရက်နေ့က အဖမ်းခံလိုက်ရပြီး ဘတ် ခြောက်ထောင်ကျော်နဲ့ ပြန်ရွေးလိုက်ရတယ်လို့ အဖမ်းခံရသူရဲ့ ယောက္ခမက RFA ကိုပြောပါတယ်။

"လာ၊ မင်းတို့ တက်တက်ဆိုပြီး ကားပေါ်ကို နွားတွေတင်နည်းလိုပဲ မောင်းတင်ပြီးတော့ မောင်းချသွားတာ။ တပ်ထဲရောက်သွားမှသာ တပ်ထဲရောက်ပြီဆိုတာ သိတာ။ သူတို့ကို ဘယ်နေရာပို့မှန်း သိတာမဟုတ်ဘူး။ ကားပေါ်တော့ ပါသွားတာပေါ့။ စိတ်ပူတော့ ပိုက်ဆံလည်း မရှိပါဘူး။ မရှိပေမဲ့ ညီမကို ဆွဲခိုင်းတာ (ချေးငှား) ခြောက်ထောင်ကျော်ကျော် (ဘတ်) တော့ ကုန်သွားတယ်ပေါ့ ရွေးလိုက်တာ"

ကော့သောင်းဆိပ်ကမ်းကနေ အဖွဲ့တွေခွဲပြီး ခေါ်ထုတ်တာဖြစ်လို့ တပ်ထဲကို အရင်ရောက်သွားတဲ့အဖွဲ့က ဖုန်းဆက်လာတော့မှ သူတို့ကို စစ်သားစုဆောင်းဖို့ ဖမ်းတယ်ဆိုတာ သိရတာလို့ ဆိုပါတယ်။

အဲဒီလူတွေကို ကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၂) ကို ခေါ်သွားပေမဲ့ နောက်ဆက်တွဲ ဘယ်ကိုပို့တယ်ဆိုတာတော့ မသိရဘူးလို့ ဆိုပါတယ်။

သားမက်ဖြစ်သူ အဖမ်းမခံရခင်ကလည်း သားဖြစ်သူဟာ စစ်မှုထမ်းအပတ်စဉ် (၂) အတွက် လူစုဆောင်းနေတဲ့ ကာလဖြစ်တဲ့ ဧပြီလကုန်ပိုင်းမှာ ရနောင်းကနေ ပြန်ပို့ခံရပြီးတဲ့နောက် ကော့သောင်းမှာ အဖမ်းခံလိုက်ရပါတယ်။ အဲဒီနောက် ဘုတ်ပြင်းအထိ ပါသွားလို့ နှစ်သိန်းပေးပြီး ပြန်ခေါ်လိုက်ရတယ်လို့လည်း သူက ပြောပါတယ်။

ကော့သောင်းကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง)
ကော့သောင်းကိုပြန်ပို့မည့် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ ရနောင်းဆိပ်ကမ်းတွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง)

ရနောင်းထောင်ကနေ လွတ်ရက်စေ့လို့ ပြန်ပို့ခံရမယ့်သူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်တကြီး ဆက်သွယ်ပြီး အကူအညီတောင်းတာတွေလည်း ရှိတယ်လို့ ရနောင်းအခြေစိုက် မိတ္တ သဟာရ (SAFWA) လူမှုကူညီရေးအသင်းက တာဝန်ရှိသူ ကိုသားကျော်က ပြောပါတယ်။

"အရင်တုန်းကကျတော့ ကျွန်တော်တို့က အာမခံပြီး သူတို့တွေကို ဘေးအန္တရာယ်ကင်းအောင် လုပ်ပေးလို့ရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လိုက်ပြီးတော့ မြန်မာပြည် ပြန်ပို့ပေးတယ်။ မိသားစုလက်ထဲ အပ်လို့ရတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့လည်း အဲဒီလို လုပ်ပိုင်ခွင့်မရှိဘူးလေ။ အခုချိန်မှာ ဒီက ဌာနဆိုင်ရာနဲ့ ဟိုဘက်က ဌာနဆိုင်ရာတွေပေါင်းပြီးတော့ ဟိုဘက်ရောက်ရင် သူတို့ သဘော။ ဒီဘက်ကလည်း အချုပ်သားတွေကို စစ်တပ်ထဲ မခေါ်ဆောင်ရဘူးလို့ လွှတ်ပေးရမယ်ဆိုတဲ့ အတိုင်းအတာလည်း မရှိဘူးလေ။ ဟိုဘက်ရောက်ရင် ဟိုဘက်ရဲ့ ဌာနဆိုင်ရာ သဘောဖြစ်ရောပဲ။ အာမခံချက် မရှိဘူးလေ"

ထိုင်းနိုင်ငံ၊ ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းမှာ ပြစ်ဒဏ်ကျခံနေတဲ့ မြန်မာနိုင်ငံသားတွေကို လတိုင်း အသုတ်လိုက်ခွဲပြီး ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ပေးတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လမှာ ၃၅၅ ဦး ပို့ခဲ့တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

"ထိုင်းအာဏာပိုင်တွေအနေနဲ့လည်း ဒီကိစ္စ တကယ်ဟုတ်ခဲ့တယ်ဆိုရင် နောက်နောင် ဒီလိုမျိုး ပို့တဲ့ကိစ္စမှာ သတိထားလုပ်ကိုင်ကြဖို့ လိုအပ်တယ်လို့ ပြောချင်တယ်"

လွတ်ရက်စေ့လို့ ပြန်ရတဲ့လူတွေကို စောင့်ပြီးဖမ်းဆီးနေတာဟာ စစ်ကောင်စီက ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

"တကယ်သေချာတယ်ဆိုရင် ဒီကိစ္စက ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပဲလေ။ ထိုင်းအာဏာပိုင်တွေ အနေနဲ့လည်း ဒီကိစ္စ တကယ်ဟုတ်ခဲ့တယ်ဆိုရင် နောက်နောင် ဒီလိုမျိုး ပို့တဲ့ကိစ္စမှာ သတိထားလုပ်ကိုင်ကြဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ အကြမ်းဖက်စစ်တပ်ကတော့ သိတဲ့အတိုင်းပဲ အဘက်ဘက်မှာ စစ်က အရှုံးကြီး ရှုံးနေတော့ အဓမ္မစစ်သားစုဆောင်းမှုကိစ္စကို ဖိပြီးတော့ လုပ်လာနိုင်တာရှိတယ်ပေါ့။ သူကတော့ ယုတ်မာတဲ့ နည်းလမ်းပေါင်းစုံ သုံးမှာပဲ"

နေပြည်တော်က စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံးရဲ့ တာဝန်ရှိသူ တစ်ဦးကတော့ အခုလို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး ဗဟိုအဖွဲ့က မသိသလို မြို့နယ်တွေအလိုက် အကျုံးဝင်တဲ့လူတွေကိုပဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆင့်ခေါ်ဖို့ ညွှန်ကြားထားတယ်လို့ RFA ကို ဖြေဆိုပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးတဲ့နောက် သင်တန်းတွေ ဆက်တိုက်ဖွင့်လှစ်ခဲ့ပြီး အခုဆိုရင် စစ်မှုထမ်းသင်တန်း အပတ်စဥ် (၄) ကို ရောက်ရှိနေပါပြီ။

ဗမာ့ရေးရာနဲ့ ပဋိပက္ခ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာမှာတော့ ပထမအကြိမ်နဲ့ ဒုတိယအကြိမ် စစ်မှုထမ်းသင်တန်းမှာ နိုင်ငံတစ်ဝန်းက လူငယ် ကိုးထောင်နီးပါး စုဆောင်းခံခဲ့ရတယ်လို့ မေလမှာထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။