မြန်မာစစ်တပ်ကျူးလွန်မှုတွေကို စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန်အစိုးရကို တောင်းဆို

[Update: 11: 10 PM, Feb 4, 2025]

စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေအပါအဝင် ဘာသာရေးလွတ်လပ်ခွင့်ကို ချိုးဖောက်မှုတွေ အခြေအနေအကြောင်း အမေရိကန် အောက်လွှတ်တော် ကြားနာစစ်ဆေးပွဲတစ်ရပ်ကို ဖေဖော်ဝါရီ ၃ ရက်က ဝါရှင်တန်ဒီစီမြို့တော် လွှတ်တော်အမတ်တွေရဲ့ ရုံးအဆောက်အဦမှာ ကျင်းပခဲ့ပါတယ်။

ဒီကြားနာစစ်ဆေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီလ၊ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော်အမတ် Todd Young၊ ဒီမိုကရက်ပါတီ အထက်လွှတ်တော်အမတ် Chris Van Hollen တို့က အွန်လိုင်းကနေ သတင်းစကား ပေးပို့ခဲ့ကြပါတယ်။

ဒီ ကြားနာစစ်ဆေးပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ဥက္ကဋ္ဌ Stephen Schneck (စတီဖင်ရှန်ခ်) က လူကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာမှာ၊ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ USCIRF က ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့နိုင်ငံ CPC အဖြစ် ၂၀၂၃ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့အကြောင်း၊ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့နဲ့ သူတို့ မျှော်မှန်းထားသလို ဗုဒ္ဓဘာသာ အမျိုးသားရေးနိုင်ငံ တည်ထောင်နိုင်ဖို့ မြန်မာနိုင်ငံက ဘာသာရေး အသိုက်အဝန်းအားလုံးကို ဖိနှိပ်တိုက်ခိုက်နေပေမယ့်၊ ခရစ်ယာန် ဘာသာဝင်တွေ အများဆုံး ထိခိုက်ခံစားရတဲ့အကြောင်း ပြောသွားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးအဆောက်အဦ ၂၄၀ ကျော် တိုက်ခိုက်ဖျက်ဆီးခံခဲ့ရပြီး၊ ချင်းပြည်နယ် တစ်ခုတည်းမှာတင် ဘုရားကျောင်း ၁၀၀ လောက် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရကြောင်း၊ စစ်ကောင်စီဟာ ခရစ်ယာန် ဘာသာဝင် ၁၄ ဦးနဲ့ ဘာသာရေးနဲ့ ဆက်စပ်နေသူ ၁၁၃ ဦးကိုလဲ ဖမ်းဆီးထိန်းသိမ်းထားပြီး၊ ချင်း ကက်သလစ် ဘုန်းတော်ကြီးတစ်ပါးကို ဖမ်းဆီးထိန်းသိမ်းပြီး ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံခဲ့ရတဲ့အမှုဟာ သူ့ရဲ့ဘာသာရေး ယုံကြည်မှုကြောင့် ဖြစ်နိုင်တဲ့အတွက် USCIRF က အထူးပဲ စိုးရိမ်ပူပန်ကြောင်း ပြောသွားပါတယ်။

ဆက်နွှယ်သော သတင်းများ

“အမေရိကန်အစိုးရသစ် မူဝါဒတွေနဲ့ မြန်မာအရေး အကျိုးသက်ရောက်မှုများ”Opens in new window ]

အမေရိကန်က ပညာသင်ဆုရပ်ဆိုင်းမှုကြောင့် မြန်မာကျောင်းသားတွေ ထိခိုက်နစ်နာOpens in new window ]

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ဥရောပသမဂ္ဂနဲ့ ကမ္ဘာ့ကိုးနိုင်ငံတောင်းဆိုOpens in new window ]

ဒီကြားနာစစ်ဆေးပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ NUG ပြောခွင့်ရသူ ဦးကျော်ဇော်နဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာ ဆာဆာ၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တချို့အပြင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International USA) က တာဝန်ရှိသူတွေနဲ့ အခြား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ လည်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေ ကိုယ်တွေ့ကြုံရသူအချို့ရဲ့ အတွေ့အကြုံတွေကို အွန်လိုင်းကနေ ထွက်ဆိုခဲ့ကြပါတယ်။

မြန်မာနိုင်ငံက ခရစ်ယာန် ဘာသာဝင်တွေအပေါ် တိုက်ခိုက်မှုတွေအတွက် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crime Against Humanity) နဲ့ စစ်ရာဇဝတ်မှု (War Crimes) တွေအဖြစ် သတ်မှတ်ဖို့ လိုအပ်တယ်လို့ ယူဆကြောင်း USCIRF ဥက္ကဋ္ဌ Stephen Schneck က RFA နဲ့ သီးသန့် မေးမြန်းရာမှာ ပြောပါတယ်။

“ကျွန်တော့်ရဲ့ ပုဂ္ဂလိက အမြင်အရဆိုရင် မြန်မာ စစ်တပ်ရဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေအပေါ် တိုက်ခိုက်မှုတွေကို crime against humanity နဲ့ war crimes တွေအဖြစ် သတ်မှတ်ဖို့ လိုအပ်ပါတယ်။ အခု မြန်မာနိုင်ငံမှာ ဖော်ပြဖို့ မဖြစ်နိုင်အောင် ဆိုးတဲ့ တိုက်ခိုက်သတ်ဖြတ်မှုတွေ ဆက်ဖြစ်နေပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့တာတွေကို လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် သတ်မှတ်ပြီးကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်တဲ့ နိုင်ငံတစ်ဝှမ်းမှာ ဘာသာရေး လူနည်းစုတွေ ကြုံတွေ့နေရတာတွေကိုလည်း အခုလို အရေးကြီးနေတဲ့ အချိန်မှာ ကမ္ဘာကြီးက အာရုံစိုက်လာဖို့ လိုအပ်တယ်လို့ ထင်ပါတယ်”

မြန်မာစစ်တပ်ရဲ့ ခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်မှုတွေနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ရပ်တည်ချက်ကို ဒီအခမ်းအနားကို တက်ရောက်လာတဲ့ NUG နိုင်ငံခြားရေး ဝန်ကြီ ဒေါ်ဇင်မာအောင်က အခုလို ပြောပါတယ်။

“ကျွန်မတို့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ ဆိုလိုတာက ခရစ်ယာန် ဘာသာဝင် လူနည်းစု အပေါ် ဖိနှိပ်တာတင် မဟုတ်ပဲ၊ ဘယ်သူ့ကိုမဆို စစ်ကောင်စီက ဖိနှိပ်တယ်။ အကြမ်းဖက်တယ်။ အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ၊ ဘယ်ဘာသာတရားကိုမှ မခွဲခြားဘဲ ဖိနှိပ်နေတယ်ဆိုတာ ဒီမှာ တင်ပြဖြစ်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး congressional hearing တွေက အမေရိကန် အစိုးရရဲ့ မူဝါဒတွေကို သုံးသပ်တဲ့နေရာမှာ၊ shape လုပ်တဲ့နေရာမှာ အများကြီး အထောက်အကူဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”

ဒီကြားနာစစ်ဆေးပွဲမှာ မြန်မာနိုင်ငံက ဒေသပေါင်းစုံ၊ ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်အချို့ တက်ရောက်ပြီး မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေနဲ့ ပက်သက်ပြီး အမေရိကန် အစိုးရကို တောင်းဆိုဖို့ ဖြစ်တဲ့အကြောင်း ဒီအခမ်းအနားကို စီစဉ်တဲ့ အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်အခြေစိုက် Chin Association of Maryland က အမှုဆောင် ညွှန်ကြားရေးမှူး ဦးဇိုသုန်းမှုန်က ပြောပါတယ်။

“ဒီနေ့အခမ်းအနားမှာ ကျွန်တော်တို့တင်ပြတာက၊ ဘာသာရေး ဘုရားကျောင်းပဲဖြစ်ဖြစ်၊ ခေါင်းဆောင်ပဲ ဖြစ်ဖြစ် ဖျက်ဆီးတာတွေ၊ သတ်တာတွေကို လူသားမျိုးနွယ်အပေါ် ချိုးဖောက်တဲ့ ရာဇဝတ်မှုအနေနဲ့ US အစိုးရကနေ သတ်မှတ်ပေးဖို့၊ လွှတ်တော်ကနေလဲ သတ်မှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတယ်။ အခုလာတဲ့အထဲမှာ ခရစ်ယာန် တစ်စုထဲ မဟုတ်ဘူး။ မွတ်စလင်လဲပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေလဲ ပါတယ်။ ကက်သလစ် ဘာသာဝင်တွေလဲ လာတယ်။ အခုလာတဲ့အထဲမှာ မန္တလေးတိုင်းကလဲ လာတယ်။ ကယားပြည်နယ် ကချင်ပြည်နယ် ချင်းပြည်နယ် ဆိုပြီးတော့ အားလုံးဝိုင်းပြီး အတူတူလုပ်တာ ဖြစ်ပါတယ်”

အမေရိကန် အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံက ဘာသာရေး လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို အလေးထားဆောင်ရွက်ဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ခရစ်ယာန် ဘာသာဝင် လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေကို စစ်ရာဇဝတ်မှု War Crime နဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု Crimes against humanity အဖြစ် တရားဝင် သတ်မှတ်ပေးဖို့ တက်ရောက်လာတဲ့ ဘာသာရေး ခေါင်းဆောင်တွေက တောင်းဆိုခဲ့ကြပါတယ်။

(မှတ်ချက်- USCIRF ဥက္ကဋ္ဌ Stephen Schneck၊ NUG နိုင်ငံခြားရေး ဝန်ကြီ ဒေါ်ဇင်မာအောင်နှင့် Chin Association of Maryland က အမှုဆောင် ညွှန်ကြားရေးမှူး ဦးဇိုသုန်းမှုန်တို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားသည်။)