အမေရိကန်က ပညာသင်ဆုရပ်ဆိုင်းမှုကြောင့် မြန်မာကျောင်းသားတွေ ထိခိုက်နစ်နာ
2025.01.30

၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ခင်းက အိမ်ဖြူတော်ဥပဒေသစ် လက်မှတ်ထိုးအတည်ပြုတဲ့ပွဲမှာ မြန်မာနိုင်ငံကို မတူကွဲပြားမှုအတွက် ဒေါ်လာ ၄၅ သန်း ပညာသင်ဆုထောက်ပံ့ထားတာ များလွန်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပြောလိုက်ပါတယ်။
"ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ မြန်မာပြည်က မတူကွဲပြားမှုအတွက် ပေးနေတဲ့ ပညာသင်ဆု ဒေါ်လာ ၄၅ သန်းကို ပိတ်လိုက်ပါတယ်။ မြန်မာက မတူကွဲပြားမှုအတွက် ဒေါ်လာ ၄၅ သန်းပေးတယ်ဆိုတာ အရမ်းများပါတယ်။ ဒီငွေတွေ ဘယ်ရောက်ကုန်သလဲ စဉ်းစားသာကြည့်ပါတော့"
သမ္မတထရမ့် မပြောကြားခင် မနက်ပိုင်းမှာပဲ အမေရိကန်အစိုးရ နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီ (USAID)က တစ်ဆင့် ပေးအပ်နေတဲ့ မတူကွဲပြားရေးနဲ့ အတူ ပါဝင်သင်ကြားခွင့်ရရှိရေး ပညာသင်ဆု DISP အစီအစဉ်ကနေ မြန်မာကျောင်းသူ၊ ကျောင်းသားတွေကို နှစ်စဉ်ထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၄၅ သန်းကို ပယ်ချလိုက်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ ထိရောက်စွာတာဝန်ထမ်းဆောင်နိုင်ရေး အကြံပေးဌာန - Department of Government Efficiency (DOGE) ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာ (X) မှာ ကြေညာခဲ့ပါတယ်။
“စစ်မှုထမ်းဥပဒေနဲ့ ရောက်လာတဲ့ကလေးတွေ ကျောင်းသားတွေလည်း များတယ်။ အဲဒီသူတွေအတွက်က တကယ့်ကို မျှော်လင့်ချက်က မရှိသလောက်ကြီး ဖြစ်သွားတဲ့အခြေအနေပေါ့နော်"
တကယ်တော့ ဒီပညာသင်ဆုဟာ သမ္မတထရမ့် အစိုးရအဖွဲ့က ဦးဆောင်တိုက်ဖျက်နေတဲ့ မတူကွဲပြားခြင်းနဲ့ အားလုံးပါဝင်ခွင့်ရရှိရေး Diversity and Inclusion အတွက်ပေးတဲ့ ပညာသင်ဆုသာ မဟုတ်ဘဲ ဖွံ့ဖြိုးရေးနဲ့ တန်းတူပါဝင်ပညာသင်ခွင့်ရရှိရေး Development and Inclusion အတွက်ပေးတဲ့ ပညာသင်ဆုဖြစ်ကြောင်း USAID အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒေသတွင်းနိုင်ငံတွေက အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေနဲ့ အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြီး မြန်မာကျောင်းသူ၊ ကျောင်းသားတွေအတွက် ဖွံ့ဖြိုးမှုနဲ့ အားလုံးတန်းတူပါဝင်ခွင့်ရရှိရေးအတွက် DISP ပညာသင်ဆုအစီအစဉ်ကို USAID ကနေတစ်ဆင့် ၂၀၂၃ - ၂၀၂၄ ခုနှစ်မှာ စတင်ခဲ့တာပါ။
ငါးနှစ်စီမံကိန်းဖြစ်တဲ့ အဲဒီပညာသင်ဆုအစီအစဉ်ဟာ ထိုင်း၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေရဲ့ အဆင့်မြင့်တက္ကသိုလ်တွေက ပေးတဲ့ဘွဲ့အပြင် အမေရိကန်ပြည်ထောင်စု အရီဇိုးနားတက္ကသိုလ်က အွန်လိုင်းဘာသာရပ်တွေကိုလည်း သင်ကြားခွင့်ရမှာဖြစ်ပါတယ်။
အနာဂတ်မဲ့နေတဲ့ မြန်မာနိုင်ငံက လူငယ်တွေကို ကာကွယ်ဖို့အတွက် DISP ပညာသင်ဆုအစီအစဉ်ကို လုပ်တာလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင် (Susan Stevenson) က ၂၀၂၄ ဖေဖော်ဝါရီလ ၂၉ ရက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလုပ်တဲ့ အစီအစဉ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒီပညာသင်ဆုဟာ ပလပ်ခံထားရတဲ့ အသိုက်အဝန်းတွေထဲက လူငယ်တွေအတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ပညာရပ်တွေ သင်ကြားဖို့ ဖြစ်ပါတယ်။
လက်ရှိ DISP အစီအစဉ်အောက်မှာ ပညာသင်ဆုရထားတဲ့ မြန်မာကျောင်းသား၊ ကျောင်းသူ လေးရာကျော် ရှိနေပါတယ်။
လက်ရှိတက်နေတဲ့ ကျောင်းသားတွေ ဘာဆက်ဖြစ်မလဲ မရေမရာဖြစ်နေတယ်လို့ DISP ပညာသင်ဆုနဲ့ ချင်းမိုင်တက္ကသိုလ်မှာ တစ်နှစ်ပရိုဂရမ် တက်ရောက်နေတဲ့ ကိုလွှမ်းပိုင်သီဟ က ပြောပါတယ်။
“တော်တော်လေး ထိခိုက်မှုဖြစ်တယ်လို့ပြောရမယ်ဗျ။ လက်ရှိကျောင်းသားတွေရဲ့ ဘာဆက်ဖြစ်မလဲ မရေရာတဲ့ အခက်အခဲကတော့ နောက်လာမယ့် semester (ပညာသင်နှစ်)အတွက် ကျောင်းလခက ဘယ်ကရမှာလဲ၊ အားလုံးကလည်း ကျွန်တော်တို့ မတူကွဲပြားတဲ့ဒေသတွေက လာတယ်။ လူနည်းစုတွေဖြစ်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ကိုယ်ပိုင်ကြွယ်ဝမှုနဲ့ တက်ဖို့ မဖြစ်နိုင်လို့ တက်လာရတဲ့သူတွေဖြစ်နေတော့ ဒါသူတို့အတွက် အကြီးဆုံးခက်ခဲမှုက ဒီကစလိမ့်မယ်လို့ ကျွန်တော်ထင်တယ်ဗျ"
ပညာသင်ဆု လေးနှစ်အစီအစဉ် ရထားတဲ့ နှစ်ရှည်သမားတွေအတွက် အခက်အခဲပိုကြီးမယ်လို့လည်း ကိုလွှမ်းပိုင်သီဟ က ဆိုပါတယ်။
မြန်မာကျောင်းသားတွေအတွက် အားထားစရာဖြစ်တာကြောင့် အများကြီးထိခိုက်ရတယ်လို့ DISP ပညာသင်ဆုနဲ့ ထိုင်းနိုင်ငံက တက္ကသိုလ်တစ်ခုမှာ ဘွဲ့လွန်တန်းတက်နေတဲ့ မဖြူ က ပြောပါတယ်။
“စစ်မှုထမ်းဥပဒေနဲ့ ရောက်လာတဲ့ကလေးတွေ ကျောင်းသားတွေလည်း များတယ်။ အဲဒီသူတွေအတွက်က တကယ့်ကို မျှော်လင့်ချက်က မရှိသလောက်ကြီး ဖြစ်သွားတဲ့အခြေအနေပေါ့နော်။ ဘယ်လိုဆက်သွားရမလဲ ဆိုတဲ့ဟာက ရေရှည်မှာ အများကြီးထိခိုက်နိုင်တယ်ပေါ့နော်။ ဒီပရိုဂရမ်တွေက ကျောင်းတက်ဖို့အတွက်ပဲ မှီခိုနေတယ်လို့ပဲထင်ရပေမဲ့ တခြားအရာတွေ အများကြီးကလည်း မှီခိုနေတာပေါ့နော်။ ပြီးတော့ ဟိုမှာပညာရေး Gap (ကွာဟမှု) ကလည်း ရှိခဲ့တယ်။ ဘယ်လိုမှလည်း ပြန်သွားလို့မရတဲ့သူတွေအတွက်ကတော့ ဒီလို Scholarship (ပညာသင်ဆု) တွေက တော်တော်လေး အထောက်အကူပြုတယ်ပေါ့နော်"
၂၀၁ဝ မှာ အမေရိကန်အစိုးရရဲ့ Fulbright ပညာသင်ဆုနဲ့ အမေရိကန်မှာ ပညာသင်ကြားခွင့်ရခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဒီလို DISP ပညာသင်ဆု ရပ်ဆိုင်းလိုက်တာဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် မကောင်းဘူးလို့ ဆိုပါတယ်။
“၂ဝ၁၂၊ ၂ဝ၁ဝ ကနေ ဒီဒေါ်အောင်ဆန်းစုကြည်လက်ထက် ဒီတောက်လျှောက်ကို နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဥပဒေတွေ ဘယ်လိုပြုပြင်ပြောင်းလဲရမယ်။ ဒီမိုကရေစီ ဘယ်လိုသွားရမယ်။ ဖက်ဒရယ် ဘယ်လိုသွားရမလဲ၊ ဒီနယ်ပယ်မှာလုပ်နေတဲ့သူတွေအားလုံးက အမေရိကန်အစိုးရရဲ့ တစ်နည်းပြောရမယ်ဆိုရင် အမေရိကန်ပြည်သူတွေရဲ့ စိတ်ကောင်းစေတနာပေါ့နော်။ ဒီ Grant (အထောက်အပံ့) တွေနဲ့ ကင်းတဲ့သူမရှိဘူး။ ဆိုတော့ ဒီသက်ရောက်မှုက သိပ်ကြီးပါတယ်။ ဒါသည်အမေရိကန်အစိုးရအတွက်လည်း မကောင်းဘူးပေါ့နော်။ ကမ္ဘာပေါ်မှာ အရက်ရောဆုံးနိုင်ငံဖြစ်တယ်။ ကမ္ဘာ့နည်းပညာအမြင့်ဆုံးနိုင်ငံဖြစ်တယ်။ အချမ်းသာဆုံးနိုင်ငံ ဖြစ်တယ်။ ပြီးတော့ ကမ္ဘာရဲ့ စနစ်ကို မောင်းနှင်နေတဲ့နိုင်ငံ ဖြစ်တယ်ပေါ့နော်။ အင်အားကြီးသူက တာဝန်ယူရတယ်ဆိုတဲ့ Principle (စည်းမျည်း) ကနေပေါ့နော် သွေဖည်သွားတဲ့အခါမှာ ကျွန်တော်တို့လို အင်အားငယ်တဲ့နိုင်ငံတွေ အတွက်လည်းမကောင်းသလို အမေရိကန်ရဲ့ ကမ္ဘာ့အဆင့် “တစ်” ဆိုတဲ့ နေရာကနေလည်း ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့အတွက် အမေရိကန်အတွက်လည်း မကောင်းဘူးလို့ ကျွန်တော်အနေနဲ့မြင်ပါတယ်လို့ “
ဆက်နွှယ်သောသတင်းများ
အမေရိကန် ပညာသင်ဆု မြန်မာလူငယ်တွေအတွက် မျှော်လင့်ချက်လမ်းစ ဖြစ်လာ
မြန်မာအတွက်ပေးတဲ့ ပညာတော်သင်ဆုအစီအစဥ် အမေရိကန်ရပ်ဆိုင်း
အမေရိကန်အစိုးရ ဆိုင်းငံ့ထားတဲ့ ထောက်ပံ့မှုတွေပြန်ရဖို့ ဆောင်ရွက်မယ်လို့ NUG ပြော
စစ်တပ်အာဏာသိမ်းတဲ့အကျိုးဆက်ကိုခံနေရတဲ့ လူငယ်တွေအတွက် ထိခိုက်မှုပဲလို့ ပညာတော်သင်ဆုဆိုင်ရာ အကြံပေး မထရေစီက ပြောပါတယ်။
“မြန်မာပြည်ထဲမှာ ပြည်တွင်းထဲမှာနေနေတဲ့ ပညာသင်ကြားဖို့ ခက်ခဲနေတဲ့ လူငယ်လူရွယ်တွေ နိုင်ငံတကာအဆင့်မီ ပညာရေးအခွင့်အလမ်းတွေ ရယူဖို့ ကြိုးစားနေတဲ့ ဒီလူငယ်လူရွယ်တွေ အများကြီး ထိခိုက်နစ်နာမှုရှိတယ် မြင်တယ်ပေါ့နော်"
မတူကွဲပြားမှုနဲ့ အားလုံးပါဝင်ခွင့်ရှိတဲ့ DISP အစီအစဉ်ဆိုတဲ့ နာမည်ကြောင့် ရပ်ဆိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဦးမော်ထွန်းအောင် က ပြောပါတယ်။
“ဓားစာခံဖြစ်သွားတယ်လို့မြင်တယ်ပေါ့နော်။ နာမည်ကြောင့်မို့လို့၊ Diversity (မတူကွဲပြားခြင်း)၊ Inclusion (အားလုံးပါဝင်ခွင့်ရရှိရေး) ဆိုတဲ့ဟာကြောင့် မို့လို့ပေါ့နော်။ အခု သမ္မတထရမ့်အသစ်ထွက်လာတဲ့အခါမှာ သူက DEI လို့ခေါ်တဲ့ Diversity, Equity, Inclusion ဆိုတဲ့ ပေါ်လစီတွေကို ဖက်ဒရယ်အင်စတီကျူးရှင်းတွေကနေ ဖယ်ထုတ်ဖို့ မူဝါဒရှိတယ်ပေါ့နော်။ Diversity, Inclusion ဆိုတဲ့ နာမည်မြင်လိုက်တာနဲ့ သူတို့က ဒါဖက်ဒရယ်အစိုးရရဲ့ ပေါ်လစီနဲ့ မညီတော့ဘူးဆိုပြီးတော့ ဖြတ်ခုတ်လိုက်တာ တကယ်တမ်းကျတော့ အဲဒါက သူလည်းဖွံ့ဖြိုး၊ ကိုယ်လည်းဖွံ့ဖြိုးဆိုတဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်တဲ့ဟာကို သူတို့က ဖြတ်လိုက်သလိုဖြစ်သွားတာပေါ့နော်"
DISP ပညာသင်ဆုလျှောက်ဖို့အတွက် မြန်မာနိုင်ငံသားဖြစ်ဖို့ လိုပြီး မြန်မာနိုင်ငံ ဒါမှမဟုတ် နယ်စပ်တွေမှာ နေတဲ့သူဖြစ်ရပါမယ်။ အမြင့်ဆုံးတက်ခဲ့တဲ့ ပညာရေးမှတ်တမ်းတွေပြဖို့ လိုအပ်သလို အမေရိကန်အထက်တန်းအဆင့်ပြီးကြောင်းသတ်မှတ်တဲ့ GED အောင်မှတ်ရှိရင် ပြဖို့နဲ့ လူ့အဖွဲ့အစည်းအတွက် တစ်နှစ်အလုပ်လုပ်ထားတဲ့ အတွေ့အကြုံပြဖို့ သတ်မှတ်ထားပါတယ်။
အမေရိကန်အစိုးရသစ်က နိုင်ငံတကာအကူအညီပေးရေးစီမံကိန်းတွေကို ရက်ပေါင်း ၉ဝ ဆိုင်းငံ့ကာလပြီးတဲ့နောက် ထောက်ပံ့မှုတွေ ပြန်ရဖို့ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဇန်နဝါရီလ ၂၉ ရက်နေ့ကလုပ်တဲ့ NUG သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။