ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်အခြေအနေ ဆိုးရွားလာနေ

RFA Burmese
2024.08.21
ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်အခြေအနေ ဆိုးရွားလာနေ မိုဘိုင်းဖုန်း သုံးစွဲနေသူတစ်ဦးအား တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံထဲက မြို့နယ်ပေါင်းကိုးဆယ်ကျော်မှာ ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတဲ့နေရာ သုံးရာကျော်ရှိတာကြောင့် အဲဒီဒေသတွေမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

အရပ်ဘက်အဖွဲ့ဖြစ်တဲ့ မြန်မာအင်တာနက်စီမံကိန်းအဖွဲ့ရဲ့ စာရင်းအရ ၂ဝ၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ ၃၀၅ နေရာအထိ ရှိပါတယ်။

အဲဒီအထဲမှာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ပြီး ကချင်ပြည်နယ်က ဒုတိယနဲ့ ချင်းပြည်နယ်က တတိယအများဆုံး ဖြစ်နေပါတယ်။

မြို့နယ် ၁၈ ခုရှိတဲ့ ကချင်တစ်ပြည်နယ်တစ်ခုလုံးမှာ ဇူလိုင်လ ၂၁ ရက်နေ့ကစလို့ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး လက်ရှိ မြစ်ကြီးနားမှာပဲ ဖုန်းလိုင်းတချို့ ပြန်ရနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝိုင်းမော်မြို့ခံ စစ်ဘေးဒုက္ခသည်တစ်ဦးက ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတာကြောင့် ကျန်းမာရေးနဲ့ ဆက်သွယ်ရေး အခက်အခဲတွေ ကြုံနေရတယ်လို့ RFA ကိုပြောပါတယ်။

"ဒီဖုန်းလိုင်းပြတ်တဲ့ နောက်ပိုင်းမှာက ခက်ခဲတာက ပိုပြီးဆိုးရွားလာတယ်၊ ဘယ်လိုမှ အဆက်အသွယ်မရဘူး၊ ခက်ခဲလာတယ်ပေါ့။ ဒီနောက်ပိုင်းပိုဆိုးတာက လိုင်းပြတ်ပြီးတဲ့နောက်မှာ ကျန်းမာရေးက အရမ်းဆိုးတယ်။ အခုဆိုရင် မဖျားတဲ့သူ မရှိသလောက်ပဲပေါ့။ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ကျန်းမာရေးအခြေအနေ မကောင်းဘူး။ အဆက်အသွယ် သွားဖို့ကလည်း အခက်အခဲတွေရှိတယ်။ ဒီလိုမျိုးတွေတော့ အများကြီး ကြုံနေရပါတယ်"

ဆက်သွယ်ရေးအခက်အခဲကြောင့် အကူအညီတွေပါ နည်းလာပြီး စားသောက်ဖို့အတွက်ပါ ခက်ခဲနေတယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဖုန်းနဲ့ အင်တာနက်လိုင်းတွေ မရတာကြောင့် သတင်းအချက်အလက်မရဘူး ဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၁၁ ခုနှစ်ကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိခဲ့ပြီး အခု အာဏာသိမ်းအပြီးမှာ စစ်ဘေးဒုက္ခသည် တစ်သိန်းဝန်းကျင် ထပ်တိုးလာတာကြောင့် နှစ်သိန်းကျော်ရှိနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဆက်သွယ်ရေးမရတာကြောင့် စစ်ဘေးဒုက္ခသည်တွေကို ကူညီရာမှာ အချိန်ပိုယူရပြီး ကြန့်ကြာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးက RFA ကိုပြောပါတယ်။

"အလုပ်တော့ ပိုများသွားတယ်လို့ ပြောရမှာပေါ့။ အင်တာနက်လိုင်းတို့ ဖုန်းလိုင်းတို့ နေရာတကာမှာ အခက်အခဲ ဖြစ်သွားတဲ့အတွက်ကြောင့် လူကိုယ်တိုင်သွားရတယ်၊ လူကိုယ်တိုင်မသွားရင်လည်း လိုအပ်တဲ့ လုပ်ဆောင်ရမဲ့လုပ်ငန်းတွေ မပြီးမြောက်ဘူးပေါ့နော်။ သတင်းတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်မှုအပိုင်းမှာ လူကိုယ်တိုင်ရောက်မှ ဖြစ်တဲ့အပိုင်းဖြစ်သွားတယ်။ အဲဒါကြောင့် လူကိုယ်တိုင်မရောက်ရင် အလုပ်အချိန်မီမဖြစ်တဲ့အပိုင်းတွေတော့ ရှိတယ်ပေါ့နော်။ ဒါကြောင့် နှောင့်နှေးကြန့်ကြာမှုတွေတော့ အရင်ထက် ပိုပြီးတော့ ဖြစ်ပေါ်လာတွေတော့ ရှိတယ်"

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: lung sha yang perish youth)
ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ ဆွမ်ပီယန် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၅ ရက်နေ့က တွေ့ရစဉ်။ (Photo: lung sha yang perish youth)

လွတ်လပ်စွာပြောဆိုခွင့်အတွက် လှုပ်ရှားနေတဲ့ အသံအဖွဲ့ကလည်း ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ ကချင်၊ ချင်း၊ ရခိုင်၊ ကယား၊ မွန်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းထဲက မြို့နယ်ပေါင်း ၉၂ မြို့နယ်မှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရတယ်လို့ ဩဂုတ်လ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦး၊ ဂွ၊ စစ်တွေနဲ့ ပေါက်တောအပါအဝင် မြို့နယ် ၁၆ မြို့မှာလည်း ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံရထားတယ်လို့ အသံအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြောက်ဦးဒေသခံတစ်ဦးကလည်း အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အကူအညီရရှိဖို့ ပိုခက်ခဲသွားတယ်လို့ RFA ကိုပြောပါတယ်။

"အကုန်လုံး အင်တာနက်လိုင်းတွေရော ပြတ်ပြီးတော့ ကားလမ်းတွေလည်းပိတ် အဆင်မပြေမှုတွေတော့ များမှာပေါ့။ ပြီးတော့ NGO အဖွဲ့တွေလည်း အရင်တုန်းကလို လွတ်လွတ်လပ်လပ် အလုပ်မလုပ်ကြဘူး။ တချို့ဆိုရင် အခြေစိုက်ထားတဲ့မြို့ထဲက အပြင်ထွက်တဲ့ NGO အဖွဲ့တွေလည်းရှိတယ်။ ပြီးတော့ CSO အဖွဲ့တွေလည်း စစ်ဘေးရှောင်သူကရှောင်။ ပြီးတော့ အရင်ကဆို အင်တာနက်လိုင်းရနေတယ်ဆိုရင် ကိုယ့်ဆွေမျိုးတွေဆီ အလှူခံလို့ရတာပေါ့နော်။ နိုင်ငံခြားရောက်နေတဲ့ ရခိုင်တွေဆီကနေ။ ပြည်တွင်းသူတွေက စစ်ဘေးရှောင်ကို ကူညီဖို့လည်း သူတို့ကိုယ်တိုင်ကလည်း စစ်ဘေးရှောင်ဖြစ်နေတာ"

တိုက်ပွဲပြင်းထန်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် တာဝါတိုင်လည်ပတ်ဖို့ စက်သုံးဆီပြတ်လပ်တာနဲ့ ရက်ရှည်လျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့်လို့ အသံအဖွဲ့က ဖော်ပြထားပါတယ်။


ဆက်နွှယ်သောသတင်းများ

မိုဘိုင်းဆက်သွယ်ရေး ဖြတ်တောက်ခံရတဲ့မြို့နယ် ကိုးဆယ်နီးပါးရှိနေ

မြန်မာနိုင်ငံမှာ လူ ၁၈ သန်းခွဲကျော် အရေးပေါ်အကူအညီလိုအပ်

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေ ရပ်တည်ရေးပိုခက်ခဲလာ


နိုင်ငံရေးလေ့လာသူတွေကတော့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်တာဟာ စစ်ရေးအရ စစ်ကောင်စီဘက်က ဖြတ်တောက်လိုက်တာလို့ ပြောကြပါတယ်။

ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ဆက်သွယ်ရာမှာ ဆက်သွယ်ရေး အော်ပရေတာတွေကိုသာ မေးဖို့ ပြန်လည်ဖြေဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချို၊ သီပေါ၊ ကျောက်မဲနဲ့ လားရှိုးမြို့အပါအဝင် မြို့နယ်ကိုးခုမှာလည်း ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့က စစ်ဘေးဒုက္ခသည်တွေကို ကူညီနေသူတစ်ဦးကလည်း ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဒုက္ခရောက်သူတွေ ဖုန်းဆက်အကူအညီတောင်းလို့မရဖြစ်ပြီး သေဆုံးရတာတွေရှိတယ်လို့ RFA ကို ပြောပါတယ်။

"ခက်ခဲတာကတော့ ဒုက္ခသည်တွေပေါ့နော်။ ဒုက္ခသည်တွေက ဘယ်လိုဖြစ်လဲဆိုတော့ ပရဟိတအသင်းတွေကို သူတို့က ဖျားနာတာတို့၊ ဒဏ်ရာရတာတို့ ဖုန်းဆက်လို့မရဘူးပေါ့နော်။ ဖုန်းဆက်လို့မရဘူးဆိုရင် အချိန်လွန်ပြီး တချို့ကလည်း သွေးလွန်ပြီး သေတာတွေရှိတယ်"

ဆက်သွယ်ရေးအခက်အခဲကြောင့် အကူအညီမရဖြစ်ပြီး သေဆုံးသူအရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

"ဒုက္ခသည်တွေက ပရဟိတအသင်းတွေကို ဖျားနာတာတို့၊ ဒဏ်ရာရတာတို့ ဖုန်းဆက်လို့မရဘူးပေါ့နော်။ ဖုန်းဆက်လို့မရဘူးဆိုရင် အချိန်လွန်ပြီး တချို့ကလည်း သွေးလွန်ပြီး သေတာတွေရှိတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကတော့ ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်တာလို့ RFA ကို ပြောပါတယ်။

"ဒီစစ်ကောင်စီဘက်က ဒီလိုမျိုး ဖုန်းတွေ၊ အင်တာနက်လိုင်းတွေကို ဖြတ်တောက်တာဟာ လူသားချင်းစာနာမှု အကူအညီတွေကို နှောင့်နှေးစေတာပေါ့နော်။ တကယ်တော့ ဒုက္ခရောက်တဲ့သူတွေကို ကူညီဖို့ဆိုတာက ကမ္ဘာ့လုပ်ထုံးလုပ်နည်းဟုတ်တယ်။ ဒါကြောင့် ဒီဟာက လူ့အခွင့်အရေးကို ချိုးဖောက်တယ်။ နိုင်ငံတကာ လူသားချင်းစာနာမှုကူညီပေးရေး ဥပဒေတွေလည်း ချိုးဖောက်နေတဲ့သဘောရှိတယ်"

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ မြန်မာနိုင်ငံမှာ ကလေးခြောက်သန်း အပါအဝင် လူပေါင်း ၁၈.၆ သန်းလောက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သြဂုတ်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုထားပါတယ်။

အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးထဲမှာ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ဒုတိယအဆိုးဆုံးဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ ထုတ်ပြန်တဲ့ Freedom on the Net ရဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။