လက်လွှတ်ခဲ့ရတဲ့ ပင်လည်ဘူးမြို့ကို စစ်ကောင်စီတပ် လေကြောင်းနဲ့ တိုက်နေ
2024.10.09
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေ အောက်တိုဘာ ၈ ရက်နေ့မှာ သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ပြန်လည်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ကလည်း ပင်လည်ဘူးမြို့ကို သြဂုတ်လ ၁၅ ရက်ကစ (၅၃) ရက်ကြာ တိုက်ခိုက်ပြီးနောက် အလုံးစုံ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ တိုက်ခိုက်နေဆဲလို့ ဒီနေ့ ထုတ်ပြန်ထားပါတယ်။
“လမ်းခရီးခက်ခဲမှုအပြင် စားသောက်ကုန် ဆေးဝါးကအစ ပြတ်လပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးအလုံးရေ သုံးထောင်ကျော် ပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြေပြင်မှာရှိတဲ့ အမည်မဖော်လိုသူ ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်ကောင်စီတပ်က လက်ရှိအထိ လေကြောင်းနဲ့ တိုက်ခိုက်နေဆဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“လောလောဆယ်တော့ မြို့သိမ်းပြီးတာတောင်မှ ဂျက်ဖိုက်တာတို့ Y-12 တို့ ကင်းထောက်တို့ အမြဲပုံမှန်လာပြီး ပစ်တယ်။ အခုလည်း Y-12 ခေါင်းပေါ်မှာ ပျံနေတာပေါ့။ မြေပြင် စစ်ကြောင်းအခြေအနေက လောလောဆယ် မရှိတော့ဘူး။ အကုန်လုံး စကစနဲ့ ပတ်သက်ရင်တော့ ပင်လည်ဘူးမှာ လုံးဝကင်းရှင်းသွားပြီ ဘာမှမရှိတော့ဘူး”
အင်အားငါးရာခန့် လက်နက်ချခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နဲ့ မိသားစုဝင်တွေကို မြို့နဲ့ မိုင်လေးဆယ်ခန့်ဝေးတဲ့ ဝန်းသိုမြို့ကို ပြန်ခွင့်ပေးခဲ့တယ်လို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ပင်လည်ဘူးမြို့ကို သိမ်းပိုက်လိုက်ကြောင်း PDF ပြော
ကောလင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံးဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်းမှာ မြို့သိမ်းတိုက်ပွဲများ ပြင်းထန်နေ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ပင်လည်ဘူးမြို့ကို ထိန်းချုပ်တာမှန်ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
“မြို့ကိုတော့ အလုံးစုံထိန်းချုပ်ထားတဲ့ အနေအထားကိုတော့ အတည်ပြုလို့ ရပါတယ်။ ကျန်တဲ့ အချက်အလက်တွေတော့ ကျွန်တော်တို့ဆီလည်း အချက်အလက် အပြည့်အစုံ မရောက်သေးဘူးဗျ”
စစ်ကောင်စီဘက်က စစ်သုံ့ပန်းတွေအပြင် လက်နက်လေးရာကျော်နဲ့ မူးယစ်ဆေးဝါးတွေပါ သိမ်းဆည်းရမိခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်း ပကဖက ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၂ ခုနှစ်၊ မတ် ၂၉ ရက်နေ့ကနေ ဧပြီ ၉ ရက်နေ့အထိ ၁၂ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ချိန်ကလည်း ပင်လည်ဘူးမြို့ထဲက ထွေအုပ်ရုံး၊ စေတီကုန်း၊ ဘဏ်နဲ့ ရိပ်သာကုန်းတွေအထိ သိမ်းယူနိုင်ခဲ့ပေမဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခဲ့ရတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အထိလည်း မြို့ပေါ်က စစ်ကောင်စီ တပ်စခန်းတွေကို KIA နဲ့ ကာကွယ်ရေးတပ်တွေ ထပ်မံတိုက်ခိုက်ခဲ့ပေမဲ့ ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အရင်က မြို့ပေါ်မှာ လူဦးရေ ခုနစ်ထောင်ခန့် ရှိခဲ့ပေမဲ့ ဒေသခံအများစုကတော့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ တိုက်ပွဲကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ပင်လည်ဘူး ဒေသခံတစ်ဦးက မြို့ကို သိမ်းလိုက်ပြီဆိုပေမဲ့ နေအိမ်တွေတော့ မရှိတော့ဘူးလို့ RFA ကို ပြောပါတယ်။
“ပင်လည်ဘူးမြို့ပေါ်ကတော့ အကုန်လုံး ထွက်ပြေးနေရတာကတော့ကြာပြီ သူက နှစ်နှစ်ဝန်းကျင်လောက်တောင် ရှိပြီ။ နေအိမ်တွေကတော့ ရှိကိုမရှိတော့တာ။ ပြန်လို့ရပြီဆိုရင်တောင်မှ အိမ်တွေက မရှိတော့ဘူးဆိုတော့ အစကနေ ပြန်စရတော့မှာပေါ့”
စစ်ဘေးဒုက္ခသည်တွေလည်း လမ်းခရီးခက်ခဲမှုအပြင် စားသောက်ကုန် ဆေးဝါးကအစ ပြတ်လပ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းမှာ မြို့ပေါင်း ငါးဆယ်ရှိတဲ့အထဲ ခါမ်းပါတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးနဲ့ ပင်လည်ဘူးမြို့တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပါတယ်။
ကောလင်းနဲ့ ဒီပဲယင်းမြို့တွေကိုတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပေမဲ့ စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် ပြန်လက်လွှတ်ခဲ့ရပါတယ်။