မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာသံရုံးတွေ ဆုတောင်းဆန္ဒပြု

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2025.01.01
မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာသံရုံးတွေ ဆုတောင်းဆန္ဒပြု ကချင်ပြည်နယ်၊ ဗန်းမော်မြို့ပေါ်တွင် နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။
Citizen Photo


 အခက်အခဲအများအပြားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ၂၀၂၄ ကို ကျော်လွန်ခဲ့ပြီးဖြစ်လို့ နှစ်သစ် ၂၀၂၅ ဟာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းမှုနဲ့ မျှော်လင့်ချက်အသစ်တွေ ယူဆောင်လာမယ့်နှစ်ဖြစ်ပါစေလို့ အမေရိကန်၊ ဗြိတိန်နဲ့ နှစ်သစ်မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အဖွဲ့ဝင်အသစ်ဖြစ်လာတဲ့ ဒိန်းမတ်နိုင်ငံတွေက ဆန္ဒပြုဆုတောင်းခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကို ရက်စက်စွာ စတင်ကျင့်သုံးတာကစပြီး နေ့စဉ်ကုန်ပစ္စည်းဈေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာ၊ အသက်အိုးအိမ်ထိခိုက်စေတဲ့ ရေကြီးရေလျံမှုတွေအပါအဝင် မြန်မာစစ်တပ်ရဲ့ စီမံခန့်ခွဲမှုလွဲမှားတာတွေကို ပြည်သူတွေရဲ့နေ့စဉ်ဘဝမှာ ကြုံတွေ့ခဲ့ရတယ်လို့ ဗြိတိသျှသံရုံးအကြီးအကဲ ကမ် အို ဖလာဟာတီ (Ken O'Flaherty) က ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတည်းက လူခြောက်ထောင်နီးပါးသေဆုံးခဲ့ရပြီး တကယ်ကို ကြောက်စရာ ကောင်းတဲ့အခြေအနေတွေ ကြုံခဲ့ရသလို သြဂုတ်လနဲ့ အောက်တိုဘာလအတွင်း စစ်တပ်ရဲ့ ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေဟာ စစ်တပ်အာဏာသိမ်းကတည်းက အမြင့်ဆုံးအရေအတွက်ကို ရောက်ခဲ့တယ်လို့ သူကပြောပါတယ်။

လားရှိုးမြို့ရှိ မန်နားရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ က လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ (Photo : Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့)
လားရှိုးမြို့ရှိ မန်နားရွာကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ က လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အဆောက်အအုံများကို တွေ့ရစဉ်။ (Photo : Facebook/လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့)

ကုလသမဂ္ဂမှာ ရှင်းရှင်းလင်းလင်းဖော်ပြခဲ့သလိုပဲ ယူကေအစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကို ပြတ်ပြတ်သားသားရှုတ်ချပါတယ်လို့ ကမ် အို ဖလာဟာတီ ကပြောပါတယ်။

“၂၀၂၅ မှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပေမဲ့ ယူကေအစိုးရကတော့ မြန်မာနိုင်ငံသားအားလုံးနဲ့အတူ ရပ်တည်ပြီး မြန်မာပြည်သားတွေအားလုံးနဲ့ထိုက်တန်တဲ့ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီအနာဂတ်အတွက် ကြိုးပမ်းမှုမှာ အတူတကွ လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာ သေချာပါတယ်”

ဗြိတိသျှသံရုံးအနေနဲ့ ခက်ခဲတဲ့ ကာလမှာ မြန်မာပြည်သူတွေကို ဆက်ကူညီနေမယ်လို့ ပြောပါတယ်။ ၂၀၂၄ မှာလည်း ရာဂီမုန်တိုင်းကြောင့် ထိခိုက်ခဲ့ရတဲ့ ရေဘေးသင့်သူတွေအတွက် စတာလင်ပေါင် ငါးသန်းကူညီပေးအပ်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု၊ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေအပါအဝင် ဒေသအခြေပြုပံ့ပိုးမှုတွေအတွက် စတာလင်ပေါင် ၃၆ သန်း ကူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုကို နှစ်ကြိမ်ချမှတ်ခဲ့ပြီး ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်သူတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူတာနဲ့ မြန်မာစစ်တပ်က လေယာဉ်ဆီနဲ့ ဆက်စပ်ပစ္စည်းတွေ ရရှိနေတာကို ဖြတ်ထောက်ဖို့ ပိတ်ဆို့အရေးယူတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

၂၀၂၄ ခုနှစ်အတွင်း ပြင်းထန်လာတဲ့ပဋိပက္ခနဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘဝများ

နှစ်သစ်မှာ နေရပ်ပြန်နိုင်ဖို့ စစ်ဘေးဒုက္ခသည်တွေ မျှော်လင့်

နယ်မြေစိုးမိုးရေး ဆက်လက်ကြိုးပမ်းမယ်လို့ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပြော



အမေရိကန်သံရုံးအကြီးအကဲ ဆူဆန်စတီဗင်ဆင်ကလည်း အမေရိကန်အနေနဲ့ အခက်အခဲတွေကြားမှာ ရင်ဆိုင်ရပ်တည်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရှိနေတယ်လို့ နှစ်သစ်ကူးဆုတောင်းစကား ပြောခဲ့ပါတယ်။

“၂၀၂၄ မှာ ပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေနဲ့ စီးပွားရေးမသေချာမှုတွေ တိုးပွားလာခဲ့ပါတယ်။ ပိုကောင်းတဲ့ အနာဂတ်ကို ဖြတ်သန်းနိုင်ဖို့ မြန်မာနိုင်ငံသားတွေ ထူးထူးခြားခြား ကြံ့ခိုင်မှုနဲ့ စိတ်ပိုင်းဖြတ်မှုတွေကို ပြသခဲ့ပါတယ်။ အမေရိကန်သံရုံးကတော့ ပညာရေးအခွင့်အလမ်းတွေ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးရင်း ဒီလိုခက်ခဲတဲ့အချိန်ကာလအတွင်း မြန်မာနိုင်ငံသားတွေနဲ့အတူ ဆက်လက်ရပ်တည်နေပါတယ်”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်ကတော့ သူ့မိခင်နဲ့အတူ ဖမ်းဆီးခံမြန်မာပြည်သူတွေ လွတ်မြောက်လာဖို့ အမေရိကန်၊ တရုတ်နဲ့ အာဆီယံနိုင်ငံအားလုံးကို စစ်တပ်နဲ့ ထိတွေ့ပြောဆိုဖို့ တိုက်တွန်းလိုက်ပါတယ်။

၂၀၂၅ မှာ မေမေနဲ့ တခြားနိုင်ငံရေးအကျဉ်းသားနှစ်သောင်းတစ်ထောင်လုံး လွတ်မြောက်ပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရက ပြည်လည်ထူထောင်နိုင်ပြီး မြန်မာနိုင်ငံသားတွေ ငြိမ်းချမ်းခြင်းနဲ့ ကောင်းမွန်ခြင်းတွေ တဖန်ပြန်လည် ခံစားရပါစေလို့ ဆုတောင်းပါတယ်လို့ သူကပြောပါတယ်။

“မေမေရေ သားမေမေနဲ့ အတူမရှိနိုင်ပေမဲ့ မေမေ့ရဲ့ ခွန်အား၊ ကြင်နာမှုနဲ့ မြန်မာပြည်သားတွေအတွက် ဘယ်တော့မှ မယိမ်းယိုင်သွားတဲ့ မေ့မေ့ရဲ့ ချစ်ခြင်းမေတ္တာဟာ သားအတွက်တော့ လေးစားအတုယူစရာပါပဲ။ မေမေ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ဖို့ ဆုတောင်းပေးပြီး မေတ္တာပို့လိုက်ပါတယ်”

မြန်မာပြည်သူတွေဟာ လွတ်လပ်ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အနာဂတ်တစ်ခုကို ရဖို့ စဉ်ဆက်မပြတ်ကြိုးပမ်းမှုတွေ၊ လေးနက်တဲ့ မျှော်လင့်ချက်တွေရှိပေမဲ့ ပြည်တွင်းပဋိပက္ခတွေဟာ ပြည်သူတွေအပေါ် ကြီးမားတဲ့ ဆိုးကျိုးတွေ ဆက်ဖြစ်နေတယ်လို့ သူကပြောပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့မှ ရေဘေးသင့်ဒေသခံတချို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
ပဲခူးတိုင်း တောင်ငူမြို့မှ ရေဘေးသင့်ဒေသခံတချို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ကူညီကယ်ဆယ်ရေးအတွက် အဓိပ္ပါယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကို ဆောင်ရွက်မယ်လို့ မျှော်လင့်တယ်လို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။

၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အဖွဲ့ဝင်ဖြစ်လာခဲ့တဲ့ ဒိန်းမတ်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး ခြိမ်းခြောက်မှုတွေ၊့ မတည်ငြိမ်တွေကို ကြုံတွေနေရတဲ့ဒီလိုအချိန်မှာ အခုလို ပါဝင်ခွင့်ရလာလို့ ဂုဏ်ယူမိပြီး လုံခြုံရေးကောင်စီကို ကောင်းမွန်စွာလည်ပတ်နိုင်ရေး လုပ်ဆောင်ဖို့ အသင့်ရှိနေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအကြီးအကဲ ဟယ်လ်လင်းနာစတောမ်က ၂၀၂၅ မှာ မြန်မာပြည်သူတွေ အခက်အခဲတွေအားလုံးပြေလည်ပြီး အခွင့်အလမ်းကောင်းတွေရရှိနိုင်ပါစေလို့ ဆန္ဒပြုသလို မြန်မာပြည်သူတွေလျှောက်လှမ်းနေတဲ့ ကောင်းမွန်တဲ့အနာဂတ်ခရီးကို ဒိန်းမတ်သံရုံးအနေနဲ့လည်း ဆက်လက်ကူညီပံ့ပိုးသွားမယ်လို့ ပြောလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။