နှစ်သစ်မှာ နေရပ်ပြန်နိုင်ဖို့ စစ်ဘေးဒုက္ခသည်တွေ မျှော်လင့်

RFA Burmese
2025.01.01
နှစ်သစ်မှာ နေရပ်ပြန်နိုင်ဖို့ စစ်ဘေးဒုက္ခသည်တွေ မျှော်လင့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် ဗန်းမော်ဒေသခံများအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က စင့်ကင်ကျေးရွာတွင် တွေ့ရစဉ်။
STR / AFP Photo

နိုင်ငံတစ်ဝန်းက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ၂၀၂၅ ခုနှစ် အခုနှစ်သစ်မှာ တိုင်းပြည်ငြိမ်းချမ်းဖို့နဲ့ နေရပ်ပြန်နိုင်ဖို့က သူတို့တွေရဲ့ နှစ်သစ်ဆုတောင်းတွေထဲက အဓိကအကြောင်းအရာလို့ ဆိုကြပါတယ်။

လက်တွေ့မှာတော့ ပြင်းထန်နေတဲ့တိုက်ပွဲတွေ၊ စစ်ကြောင်းထိုးစီးနင်းမှုတွေနဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်တွေကြောင့် ဘေးလွတ်ရာမှာပဲ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

"စစ်ဘေးဒုက္ခသည် တစ်ဦးအနေနဲ့ကတော့ ကျွန်တော်တို့ အိမ်ပြန်ချင်တယ်ဗျ"

နေရပ်စွန့်စွာရတာ ကြာလာတာနဲ့အမျှ စားဝတ်နေရေး၊ ပညာရေး၊ စီးပွားအရေး အပါအဝင် ဘဝရှင်သန်ရပ်တည်ရေးအတွက်ပါ ခက်ခဲလာတယ်လို့ RFA က ဆက်သွယ်ခဲ့တဲ့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ၂၀၂၄ ဒီဇင်ဘာ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲခန့်ရှိပါတယ်။

အဲဒီစာရင်းအရ စစ်ကိုင်းတိုင်းမှာ တစ်သန်း နှစ်သိန်းကျော်နဲ့ အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်မှာ ငါးသိန်းကျော်နဲ့ ဒုတိယအများဆုံးဖြစ်သလို မကွေးတိုင်းမှာ နှစ်သိန်းခွဲကျော်နဲ့ တတိယ အများဆုံးဖြစ်ပါတယ်။ ကရင်နဲ့ ကချင်ပြည်နယ်မှာ နှစ်သိန်းကျော်စီ ရှိနေပါတယ်။


ဆက်နွှယ်သော သတင်းများ

လေကြောင်းရန်ကြောင့် တိတ်ဆိတ်နေတဲ့ ခရစ္စမတ်နေ့

၂ဝ၂၄ နှစ်ကုန်မှာ စစ်ဘေးဒုက္ခသည် ကလေးသူငယ် ၁၃ သိန်းနီးပါးအထိရှိလာ

လာမဲ့နှစ်မှာ အကူအညီလိုအပ်သူ နှစ်သန်းခန့်ထပ်တိုးလာနိုင်ကြောင်း UNOCHA ပြော


တိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင် ရေဦး၊ ခင်ဦး၊ ကန့်ဘလူ၊ ရွှေဘို၊ ဒီပဲယင်းနဲ့ ယင်းမာပင်စတဲ့ ဒေသတွေဟာ ကာလရှည် စစ်ဘေးတိမ်းရှောင်နေကြရသူတွေ ပိုများတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။

ယင်းမာပင်မြို့နယ် စုန်းချောင်းရွာမှာဆိုရင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှာ ဒေသခံတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာခံလေးရာကျော် ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်အဖြစ် ကာလရှည် ဖြတ်သန်းခဲ့ရတာကြောင့် အခက်အခဲမျိုးစုံကြုံရသလို သက်ကြီးစစ်ဘေးဒုက္ခသည်တချို့လည်း ဒီကာလအတွင်းမှာ ဆုံးပါးသွားခဲ့ရတယ်လို့ ပြောကြပါတယ်။

ဒီ့အပြင် တိုက်ပွဲတွေကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရကြောင်း ကလေးတွေရဲ့ ပညာရေးအတွက် နှစ်သစ်မှာ တိုက်ပွဲတွေရပ်ဖို့ မျှော်လင့်တယ်လို့ စုန်းချောင်းရွာခံ တစ်ဦးက ပြောပါတယ်။

"ပညာမသင်ရတဲ့ ကလေးတွေ အများကြီးရှိနေတယ်လေ။ အဲဒီကျတော့ အေးချမ်းစေချင်ပြီလို့ ပြောချင်ပါတယ်၊ အေးအေးချမ်းချမ်းနဲ့ ငြိမ်းချမ်းစေချင်တာပေါ့။ ပြီးသွားစေချင်ပြီ တိုက်ပွဲတွေဘာတွေလည်း"

မကွေးတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာတော့ ဒေသခံတွေဟာ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ အတည်တကျ နေထိုင်နေရတာမျိုး မဟုတ်ဘဲ စစ်ကောင်စီတပ် စစ်ကြောင်းပေါ်ကြည့်ပြီး ရွှေ့ပြောင်းတိမ်းရှောင်နေကြရတာပါ။

မိသားစုလိုက် ထွက်ပြေးနေရတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရလို့ နှစ်သစ်မှာ အိမ်ပြန်ချင်တယ်လို့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်က စစ်ဘေးဒုက္ခသည် ကိုဦးက ပြောပါတယ်။

"စစ်ဘေးဒုက္ခသည် တစ်ဦးအနေနဲ့ကတော့ ကျွန်တော်တို့ အိမ်ပြန်ချင်တယ်ဗျ။ စစ်ကြီးလည်း အမြန်ပြီးဆုံးချင်ပြီ ကျွန်တော်တို့ စစ်ဘေးရှောင်တွေအနေနဲ့လည်း ဟိုရွှေ့ ဒီရွှေ့ လုပ်နေရတော့ ကျွန်တော်တို့မှာလည်း အခက်ခဲတွေ အများကြီး ကြုံတယ်။ စားဝတ်နေရေး အခက်ခဲတွေလည်း အများကြီး ကြုံတွေ့နေရတယ်ဗျ"

စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းက တိုက်ခိုက်တဲ့အတွက် နေအိမ်ပျက်စီးခဲ့ရပေမဲ့ တိုက်ပွဲတွေသာရပ်ပြီး ငြိမ်းချမ်းမယ်ဆိုရင် ပြန်လည်ထူထောင်ရေးကို အစကနေ ပြန်စနိုင်တယ်လို့ သူက ဆိုပါတယ်။

မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး)
မတ္တရာမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့က တွေ့ရစဥ်။ (ရောင်နီနွေဦး)

ကိုဦးလိုပဲ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နေထိုင်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှ (CDM) မှာပါဝင်သူ ကျောင်းဆရာ ကိုငြိမ်းချမ်းကလည်း မိသားစုနဲ့အတူ ပြန်လည်နေထိုင်ပြီး စာပြန်သင်ချင်တဲ့ ဆန္ဒရှိနေပါတယ်။

“အိမ်မှာ အေးအေးလူလူ မိသားစုနဲ့ နေချင်ပါပြီ။ ကျွန်တော်တို့ ကိုယ်ဝါသနာပါတဲ့ အလုပ်ပေါ့ ကိုယ့်အလုပ်ကို ပြန်လုပ်ချင်ပါပြီပေါ့။ ကျွန်တော်ဆိုရင် ကျောင်းဆရာ တစ်ယောက် ဖြစ်တယ်။ ကျောင်းဆရာရဲ့ အလုပ်တွေက ကျွန်တော် မလုပ်ရတာ အာဏာသိမ်းကတည်းက လေးနှစ်လောက် ရှိပြီပေါ့။ ဆိုတော့ ဒီအလုပ်တွေကိုလည်း ပြန်လုပ်ချင်တယ်"

မတ္တရာမြို့နယ် အရှေ့ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အမှတ်- ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ် အနီးမှာ တိုက်ပွဲတွေ မကြာခဏပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေမှာရှိတဲ့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ကျောက်ကုန်းရွာက ဒေသခံ အမျိုးသမီး တစ်ဦးကတော့ လတ်တလော စစ်ရေးအခြေအနေအရ နှစ်သစ်မှာ အိမ်ပြန်ရမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

"၂၀၂၅ မှာတော့ ဘာတွေမျှော်လင့်သလဲ ဆိုရင်တော့ အိမ်ပြန်ခရီးနီးလာပြီလို့ပဲ မျှော်လင့်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ကြားရတဲ့သတင်းတွေက အားတက်စရာတွေ ရှိတယ်ပေါ့။ အိမ်ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနေတယ်။ ပြန်ရတော့မယ်လို့လည်း ယုံကြည်ထားတယ်ရှင်"

သူတို့ဟာ ပိန်းဇလုပ်အခြေစိုက် ခလရ -၂၆၄ ကနေ မကြာခဏ ဒရုန်းဗုံးတွေ ကြဲချတာကြောင့် နေအိမ်ကနေ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထွက်ပြေးနေရတာပါ။

ဒါ့အပြင် စစ်ကောင်စီတပ်က KNU နဲ့ PDF တွေ စစ်ရေးလှုပ်ရှားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စားနပ်ရိက္ခာသယ်ယူခွင့်တွေ ကန့်သတ်ထားတာကြောင့် ဒုက္ခသည်တချို့ စားနပ်ရိက္ခာ မလုံလောက်တာနဲ့ ကြုံနေရလို့ အိမ်ပြန်ဖို့ဟာ အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကယားပြည်နယ်မှာတော့ ဒုက္ခသည် စခန်းလေးရာကျော်မှာ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာ နေထိုင်နေရပြီး အဲဒီထဲမှာ အမျိုးသမီး ခြောက်သောင်းကျော် ပါဝင်တယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ဆိုပါတယ်။

ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေဖြစ်တဲ့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲလမ်း၊ တောင်ကြီး-ဆီဆိုင်-လွိုင်လင်-လွိုင်ကော်လမ်းနဲ့ တောင်ငူမြို့ဘက်ကနေ ကယားပြည်နယ်ကို လာတဲ့လမ်းတွေကို ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီတပ်က ပိတ်ဆို့တင်းကျပ်ထားတာကြောင့် စားနပ်ရိက္ခာရှားပါးမှု အခက်အခဲတွေ ကြုံနေကြရတာပါ။

ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးကတော့ စစ်ပွဲတွေပြီးဆုံးတဲ့ နောက်ဆက်တွဲကာလဖြစ်တဲ့ ပြန်လည်ထူထောင်ရေးအချိန်ကို အမြန်ရောက်စေချင်ပြီလို့ ဆိုပါတယ်။

“၂၀၂၅ မှာတော့ အမြန်ဆုံး အိမ်ပြန်နိုင်ဖို့ မျှော်လင့်တယ်။ အဓိကတော့ ငြိမ်းချမ်းရေးပေါ့။ အခုလက်ရှိ တိုက်ပွဲအရပ်ရပ်တွေ အမြန်ဆုံး ငြိမ်သက်ပြီးတော့ ကိုယ့်နေရပ်ကို ပြန်လည်နေထိုင်ပြီးတော့မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ပြန်ပြီးတော့မှ လုပ်ကိုင်စားသောက်ချင်တယ်လို့ မျှော်လင့်ပါတယ်”

ကယားပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းတချို့က ကလေးငယ်တွေဟာ ရာသီအကူးအပြောင်းမှာ ဖြစ်လေ့ရှိတဲ့ တုပ်ကွေးရောဂါနဲ့ မသန့်ရှင်းတဲ့ ရေကို သောက်သုံးမိတာကြောင့် ပြင်းထန်တဲ့ အရေပြားယားနာတွေ ခံစားနေကြရပေမဲ့ ကုသဖို့ဆေးဝါး မလုံလောက်ဘူးလို့ သူကဆိုပါတယ်။

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Kwe Ka Lu)
ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် ဒေသခံများကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တွေ့ရစဉ်။ (Kwe Ka Lu)

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ တိုက်ပွဲတွေကြောင့် အာဏာမသိမ်းခင်ကတည်းက ဆယ်စုနှစ်တစ်ခုအကြာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဝိုင်းမော်မြို့နယ်က ဒေသခံ တစ်ဦးကတော့ ၂၀၂၅ မှာ ငြိမ်းချမ်းရေးအသီးအပွင့်တွေကို မျှော်လင့်မိတယ်လို့ ပြောဆိုပါတယ်။

“ဒီနှစ်ထဲမှာတော့ အရမ်းခက်ခဲတယ်။ ကုန်ဈေးနှုန်းက တက်တာနဲ့ အစစအရာရာ အကုန်ဈေးတွေ အရမ်းကြီးကုန်တယ်။ အခု နှစ်သစ်ကစပြီးတော့ နိုင်ငံရေးလည်း ကောင်းလာဖို့ကိုပဲ မျှော်လင့်တယ်။ သွားရလာရလည်းခက်၊ လုပ်ကိုင်ရှာဖွေ စားသောက်ရလည်း ခက်တယ်။ ကျွန်မတို့ ပြည်သူတွေအနေနဲ့ကတော့ နိုင်ငံရေးကောင်းလာဖို့ တိုက်ပွဲတွေ မရှိဘဲ လုပ်ကိုင်ရှာဖွေစားသောက်နိုင်မှပဲ အဆင်ပြေတော့မယ်”

စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အပါအဝင် စစ်ကောင်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကြောင့် ထွက်ပြေးရတာတွေ ရှိနေတယ်ဆိုတာတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒီနှစ်မှာ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဖိတ်ခေါ်ကြိုဆိုတဲ့အတွက် တွေ့ဆုံဆွေးနွေးပွဲတွေ ရှိလာနိုင်သလို ဆွေးနွေးပွဲတွေ အလုပ်မဖြစ်ဘဲ တိုက်ပွဲတွေလည်း ပိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။

စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေရပ်ပြီး အိမ်ပြန်ရမဲ့နေ့ကို မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။