နယ်မြေစိုးမိုးရေး ဆက်လက်ကြိုးပမ်းမယ်လို့ NUG နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေပြော
2025.01.01

အခုနှစ်အတွင်းမှာ စစ်ကောင်စီကို အပြီးသတ်ဖယ်ရှားပြီး နယ်မြေစိုးမိုးမှုပိုရအောင် လုပ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ဇန်နဝါရီလ ၁ ရက် နှစ်သစ်ကူးမိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားပါတယ်။
NUG အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ စစ်ရေး၊ နိုင်ငံရေး ပိုမိုပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ နှစ်သစ်ကူးနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
"၂၀၂၅ ခုနှစ်တွင် မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကို အပြီးသတ်ဖယ်ရှားနိုင်ဖို့ ကျွန်တော်တို့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ နိုင်ငံရေးအင်အားစုများအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ယခုထက်ပိုပြီး လက်တွေ့ပြသဖို့ အချိန်တန်ပြီလို့ မြင်ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားလိုပါတယ်"
"အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မဟာမိတ်ရေးရာကဏ္ဍကို အခုထက်ပိုပြီး အားစိုက်သွားမည်ဖြစ်ကြောင်း အတိအလင်း ပြောကြားလိုပါတယ်"
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း ၂၀၂၅ ခုနှစ်မှာ ကရင်နီပြည်နယ်က စစ်ကောင်စီစခန်းတွေကို အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ၂၀၂၅ ထဲမှာပေါ့နော်၊ ဒါ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာဆိုရင်တော့ စခန်းတွေကို အပြတ်သိမ်းနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်ပါ့မယ်။ အဲဒီအတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှပေါ့နော် အားပေးကြဖို့ပြောလိုပါတယ်။ မိဘပြည်သူတွေရဲ့ အားပေးမှုမပါဘဲနဲ့ ပြည်သူတွေရဲ့ ထောက်ပို့မှုမပါဘဲနဲ့ ကျွန်တော်တို့ လုပ်နိုင်မှာမဟုတ်ဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ရှေ့စခန်းသိမ်းတဲ့ဟာတွေကိုပေါ့နော် ဒီ ၂၀၂၅ ထဲမှာ အပြီးအပြတ် လုပ်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ ကြိုးစားမယ်ဆိုတာကိုလည်း ပြောပြလိုပါတယ်"
ကချင်ပြည်နယ်မှာ နှစ်ရှည်အခိုင်အမာ ရှိခဲ့တဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ညီနောင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ထိန်းချုပ်ထားနိုင်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
ဒါ့ကြောင့် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ တည်ဆောက်ထားနိုင်ဖို့ စီမံချက်တွေ ချမှတ်နေတယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပြီး နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောပါတယ်။
"ကျွန်တော်တို့နိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဟာ စိန်ခေါ်မှုတစ်ရပ်အနေနဲ့ ရှိနေပါသေးတယ်။ ကျွန်တော့်အနေနဲ့ နိုင်ငံတော်အကျိုးအတွက်၊ ပြည်သူတွေရဲ့ အကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းတဲ့ ပတ်ဝန်းကျင်ကောင်းကို ဖော်ဆောင်လိုတဲ့ ရည်ရွယ်ချက်သာရှိပါတယ်။ ဒါကို ပြည်သူအားလုံးလိုလားတဲ့ နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့သာ ဖြေရှင်းကြရာမှာ ဖော်ဆောင်ကြရမှာဖြစ်ပါတယ်"
စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနည်းအရ ဆွေးနွေးမယ်ဆိုရင် အချက်သုံးချက်ကို လက်ခံဖို့ လိုအပ်လိမ့်မယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက RFA ကို ပြောပါတယ်။
"အဓိကက နိုင်ငံရေးကစွန့်ခွာ၊ ဒုတိယတစ်ချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဖယ်ဒရယ်ဒီမိုကရေစီ တိုင်းပြည်ကို တည်ထောင်မယ်ဆိုတော့ အဲဒါရဲ့ လိုအပ်ချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလွှဲမသွေ ရေးဆွဲပြဌာန်းရမယ်ဆိုတာ သူတို့လက်ခံရမယ်။ နောက်ဆုံးအချက်ကတော့ ဒီ ၂၀၂၁ နောက်ပိုင်းမှာ စစ်အာဏာရှင်တွေ ရက်ရက်စက်စက်နဲ့ တိုင်းပြည်က လူထုကို လူမဆန်စွာနဲ့ပဲ ကျူးလွန်ခဲ့တဲ့ အမှုကြီး၊ အမှုငယ်တွေ ထောင်သောင်းမက ရှိပါတယ်။ အဲဒါတွေအကုန်လုံး တာဝန်ပြန်ခံရမယ်ဗျ"
ဆက်နွှယ်သောသတင်းများ
AA နဲ့အတူ စစ်အာဏာရှင် အဆုံးသတ်ရေး လက်တွဲပူးပေါင်းမည်ဖြစ်ကြောင်း NUG ပြော
လွိုင်ကော်မှာ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေသိမ်း
နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကျော် စစ်ကောင်စီ ဆုံးရှုံးနေကြောင်း တော်လှန်ရေးတပ်တွေပြော
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အခုနှစ်မှာ တော်လှန်ရေးအင်အားစုတွေဘက်က စစ်ရေးအရှိန်မြှင့်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"မီဒီယာမှာ အခုဖြစ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး ဘာညာဆိုတဲ့ကိစ္စတွေက အပေါ်ယံတွေဖြစ်ပြီးတော့ အတွင်းသဘောကတော့ ၂၀၂၅ ခုနှစ်ဟာ စစ်ကောင်စီကိုနော် အပြီးသတ် ကျွန်တော်တို့ ချေမှုန်းပြီးတော့ မင်းအောင်လှိုင်ကို နှင်ထုတ်နိုင်ဖို့ ကြိုးပမ်းမဲ့နှစ်ဖြစ်တဲ့အလျောက် စစ်ရေးလှုပ်ရှားမှုနဲ့ တင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေ ပိုများလာလိမ့်မယ်လို့ ကျွန်တော်သုံးသပ်ပါတယ် ခင်ဗျ"
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီဟာ စစ်ရေးအရ သိသိသာသာ အရေးနိမ့်ခဲ့ပြီး နယ်မြေဆုံးရှုံးတွေလည်း ပိုများခဲ့ပါတယ်။
နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ရဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ်ပြန်ချက်အရ လက်ရှိ နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၈၉ မြို့နယ်ကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားပါတယ်။