လွိုင်ကော်မှာ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေသိမ်း

RFA Burmese
2024.12.21
လွိုင်ကော်မှာ စစ်ကောင်စီစခန်းတစ်ခုကို ကရင်နီပူးပေါင်းတပ်တွေသိမ်း ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ် အောင်သပြေဂူကုန်းပေါ်မှ စစ်ကောင်စီတပ်စခန်းအား သိမ်းပိုက်ပြီးနောက် စစ်သုံ့ပန်းများနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Facebook/The Hunter

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့နယ် အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမှတ် (၂) ဗျူဟာက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်နေ့မနက်က အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က နှစ်ပွင့် ဗိုလ်တစ်ဦး၊ တပ်ကြပ်တစ်ဦး အပါအဝင် ကိုးဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း လေးဦး ဖမ်းမိခဲ့တယ်လို့လည်း ဆိုပါတယ်။

လက်နက်ခဲယမ်းတွေ သိမ်းယူနိုင်ခဲ့သလို ကရင်နီပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။ ထိခိုက်သေဆုံးတာတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီစခန်းသိမ်းတိုက်ပွဲမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် ၂ ၊ KNDF တပ်ရင်းအမှတ် (၂)၊ KNDF တပ်ရင်းအမှတ် (၁၄)၊ KNDF UAV နဲ့ Loikaw Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကရင်နီဒေသမှာ စစ်ကောင်စီဟာ လွိုင်ကော်မြို့ကနေတစ်ဆင့် အခြားနေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ပြန်လည်ပြုလုပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ အခြေအနေတွေကို အမြဲမပြတ်နားစွင့်ထားဖို့ လည်း KNDF က တိုက်တွန်းထားပါတယ်။

ဒီဇင်ဘာလတစ်လအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ထံ လက်နက်ချ ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက်နှစ်ဆယ် ရှိသွားပြီလို့ KNDF က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။